Tuesday, November 6, 2007

အောင်ဝေးစစ်တမ်း

အောင်ဝေး စစ်တမ်း
(တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး လမ်းစဉ်)
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
နိဒါန်း

ဤစစ်တမ်းသည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် တိုက်ပွဲဝင် ကဗျာဆရာတဦး၏ အကြံပြုစာတမ်း ဖြစ်သည်။ ဤစာတမ်းတွင် ကာယကံရှင်က သူ၏ ပုဂ္ဂလိက အမြင်ကို ဓမ္မဓိဌာန်ကျကျ ကြိုးစား တင်ပြထားပါသည်။ ထို့ကြောင့် တဦးချင်း သဘော သက်ဝင်နေသဖြင့် ဤအကြံပြု စာတမ်းကို ကာယကံရှင်၏ အမည်နှင့် တွဲလျက် “အောင်ဝေး စစ်တမ်း” ဟု အမည်ပေးပါသည်။ ခေါင်းစဉ်ငယ်အဖြစ် “တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်း ပိုက်ရေး လမ်းစဉ်” ဟု ဖော်ပြထားပါသည်။ ယင်းခေါင်းစဉ်ငယ်မှာ ဤစစ်တမ်း၏ ရည်ရွယ်ချက် အဓိပ္ပါယ်အချုပ် ဖြစ် သည်။

၁။ ဘာကြောင့် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေးလဲ။

ယနေ့ မြန်မာ့နိုင်ငံရေး သမိုင်းလက်တွေ့ အခြေအနေများအရ မြန်မာပြည်သူ လူထုကြီးသည် မဆလ စစ်အစိုးရ (၂၆)နှစ်တာ အုပ်စိုးမှုကို ဖြုတ်ချသည့် ပထမ ဒီမိုကရေစီ တော်လှန်ရေးကို ၁၉၈၈ ခုနှစ်တွင် ဆင်နွှဲခဲ့သည်။ ထိုစဉ် က Students-led ကျောင်းသားများ ဦးဆောင် အသေခံ တိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ်တွင် အမြတ်ထုတ် အာဏာ သိမ်းသွားခဲ့သည့် စစ်တပ်အစိုးရ န၀တ/နအဖ၏ (၁၉)နှစ်တာ ဖိနှိပ်အုပ်ချုပ်မှုကို အန်တုပြီး မြန်မာပြည်သူ လူထုကြီးသည် ဒုတိယ ဒီမိုကရေစီ တော်လှန်ရေးကို ၂၀၀၇ခုနှစ် မကြာသေးခင် ရက်များက ဆင်နွှဲခဲ့သည်။ ယခု ထို Sanghas-led သံဃာတော်များ ဦးဆောင် အသေခံ တိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ်တွင် နအဖ စစ်အစိုးရက ထပ်မံ အမြတ်ထုတ် နေပြန်ပြီ ဖြစ်သည်။

ဘယ်လို အမြတ်ထုတ် နေသလဲ။
ရှင်းပါသည်။ ယခု ဒုတိယ လူထုတိုက်ပွဲကို မလွန်ဆန် မခုခံနိုင် တော့သော နအဖ စစ်ခေါင်းဆောင်များသည် ဒီမိုကရေစီ ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို သွေးရူးသွေးတန်း အပူတပြင်း လုပ်ဆောင်လာပါသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ သံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများက လူထုတပ်ပေါင်းစုကြီးဖွဲ့ပြီး တခဲနက် တောင်းဆို ဆန္ဒပြခဲ့ခြင်းပဲ မဟုတ်ပါသလော။ ဤကဲ့သို့ နအဖ စစ်အုပ်စုကို တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ မတက်မဖြစ် တက်ရတော့သည့် အခြေအနေသို့ ရောက်အောင် တိုက်ရိုက်ဖိအား ပေးနိုင်ခဲ့ခြင်းမှာ ယခု ၂၀၀၇ ဒုတိယ လူထုတိုက်ပွဲ၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်သည်။ သို့ရာတွင် နအဖ စစ်အစိုးရသည် ကောက်ကျစ်ယုတ်မာ လှည့်ဖြားတတ်သည့် ဖက်ဆစ်ညာဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဗန်းပြပြီး အာဏာကို ရေရှည် ထိန်းချုပ်သွားနိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ ဤအချက်မှာ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး အောင်ပွဲခံရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် အလွန် အရေးကြီး လက်ငင်းကျသော အချက်ဖြစ်သည်။

ထို့ကြောင့် မြန်မာပြည်သူလူထုကြီး အနေဖြင့် စစ်အုပ်စု အလိုကျ “အတုအယောင် တွေ့ဆုံဆွေးနွေးရေး” ကို ငေးမောမျှော်လင့် ယုံစားမနေကြဘဲ မိမိတို့၏ တိုက်ပွဲ အရှိန်အဟုန်ကို အပြင်းအထန် မြှင့်တင်ကာ အချိန်အတို တောင်းဆုံးအတွင်း အမြန်ဆုံး အနိုင်တိုက်ပြီး အမြန်ဆုံး ပြည်သူ့အာဏာကို သိမ်းပိုက် ကြရတော့မည် ဖြစ်သည်။

၂။ ဘယ်လို အနိုင်တိုက်မလဲ၊ ဘယ်လို အာဏာသိမ်းပိုက်မလဲ။

မြန်မာပြည်သူ လူထုကြီးအဖို့ ယခုအခါ ပွဲသိမ်း ဆင်နွှဲကြရမည့် တနည်း “တတိယနှင့် နောက်ဆုံး” ဒီမိုကရေစီ တော်လှန်ရေးဖြစ်သည့် ဤတိုက်ပွဲတွင် အဓိကအားဖြင့် ရှောင်ရန်နှင့် ဆောင်ရန်များကို ဦးစွာသိထားရန် လိုပေ သည်။

ရှောင်ရန် အချက်(၂)ရပ် ရှိသည်။
ပထမအချက်မှာ အကြမ်းမဖက်ရေး (Non-violence) မူကို အသေဆုပ်ကိုင်ထားခြင်းနှင့် ဒုတိယ အချက် မှာ စေ့စပ်ကြေအေးရေး (Compromise) မူတို့ ဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ၏ ဆုတောင်း မေတ္တာပို့သည့် အကြမ်းမဖက်နည်းမှာ နအဖ စစ်အုပ်စု၏ အကြမ်းဖက် ချေမှုန်းမှုကို ခံခဲ့ရသည်မှာ လူတိုင်း အသိပင် ဖြစ်သည်။ ရှေ့ဆက် တိုက်ရမည့် တိုက်ပွဲ စဉ်များတွင် မြန်မာပြည်သူ လူထုသည် အကြမ်းမဖက်ရေးမူကိုပဲ ဆက်လက် စွဲကိုင်နေဦးမည်၊ တနည်း မေတ္တာလက်နက်ဖြင့်သာ ရင်ဆိုင်နေဦးမည်ဆိုလျှင် လူသတ်သမား ရှေ့မှောက်မှာ လည်စင်းခံပေးသလို ဖြစ်နေပေတော့မည်။ ဤသို့ကား ဘယ်နည်းနှင့်မှ အဖြစ်မခံ နိုင်တော့ပါ။ (ထိုသို့ မဟုတ်ဘဲ အကြမ်းမဖက်ရေး လမ်းစဉ်ကိုသာ အသေဆုပ်ကိုင် တိုက်ပွဲဝင်ရမည်ဆိုလျှင် ထိုသို့ ယုံကြည်သူများ ရှေ့ဆုံးမှ ဦးဆောင်ချီတက်ပြီး ပိုးစိုးပက်စက် အသေခံကြမှ ဖြစ်ပါလိမ့် မည်။)

ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမားတိုင်းတွင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ရှိသည်ဟု ယူဆပါ သည်။ အမှန်က ဥပဒေဘောင် အတွင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေသော ပုဂ္ဂိုလ် တဦးတယောက်၏ အသက်အန္တရာယ်နှင့် လုံခြုံမှုအတွက် ဥပဒေက အကာအကွယ် ပေးရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မရှိသဖြင့် ထိုဥပဒေ မရှိပါ။

ထို့ကြောင့် ဆန္ဒပြသမားများသည် မိမိကိုယ်ကို မိမိသာ ခုခံကာကွယ် ရတော့မည် ဖြစ်သည်။ “သေ-နာ တ၀၊ မုဒိန်း စသည်၊ ရာဂ ပြေအောင်၊ လူသွေးဆောင်၊ သေအောင် ခုခံခွင့်” ဟူ၍ ရာဇ၀တ် ဥပဒေမှာ အခိုင်အမာ ဖော်ပြထားပါသည်။ ထိုအခါ ဆန္ဒပြသမားတိုင်းသည် စစ်တပ်က အကြမ်းဖက်နှိမ်နင်း ဖြိုခွဲလာမှုအပေါ် ခုခံကာကွယ်ရန် လိုအပ်လာပါက တိုက်ပွဲ၏ ဦးတည်ချက်ကို မထိခိုက်စေသောနည်းဖြင့် ပြန်လည် အကြမ်းဖက် ရင်ဆိုင် တုံ့ပြန်နိုင်ရမည် ဖြစ်သည်။

ဒုတိယအချက်ဖြစ်သည့် စေ့စပ်ကြေအေးရေးမူမှာ ရန်သူကို ဒူးထောက် အရှုံးပေးသော မူဖြစ်သဖြင့် ဤသစ္စာ ဖောက်ရေးမူကို အထူးပင် ရှောင်ကြဉ်ရန် လိုအပ်ပေသည်။ ရန်သူက အတုအယောင် အခွင့်အရေး၊ အနည်းငယ် မဖြစ်စလောက်ကလေး ပေးလိုက်ရုံနှင့် အချို့နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများသည် ရန်သူနှင့် ပူးပေါင်းသွားပြီး ပြည်သူလူထုအပေါ် သစ္စာဖောက်ခဲ့သည့် အစဉ်အလာဆိုးများ မြန်မာ့သမိုင်းတွင် ရှိခဲ့ဖူးပါသည်။ ဥပဒေတွင်း မြေပေါ်တိုက်ပွဲတွင် ကျောရိုးပျော့သူများ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါဖြစ်သည်။

သို့ဖြစ်ရာ ဤရှောင်ရန်ရှိသည့် အချက်နှစ်ချက်ကို ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမား မည်သူမဆို ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ အားလုံးက သတိကြီးကြီးထားပြီး ရှောင်ကြဉ်သွားရန် လိုပါသည်။

ယခု မြန်မာပြည်သူလူထုကြီး ဆင်နွှဲနေသော အရေးတော်ပုံမှာ သာမန် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲ အဆင့်မျိုး မဟုတ်တော့ပါ။ ယခု မိမိတို့ ဆင်နွှဲနေသည်မှာ (၄၅)နှစ်တာ ဖိနှိပ်အုပ်ချုပ်လာသည့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖြုတ်ချဖို့ ကြိုးပမ်းသည့် တော်လှန်ရေး (Revolution-Resistance) တရပ်ဖြစ်ကြောင်း သဘော ပေါက်ထားကြလျှင် တော်လှန်ရေးကို တော်လှန်ရေးနှင့် တူအောင် တိုက်ပွဲဝင် သွားကြရမည် မဟုတ်ပါလော။

၃။ တော်လှန်ရေးကို တော်လှန်ရေးနှင့် တူအောင်လုပ်

ယခုတိုက်ပွဲတွင် ဆောင်ရန်ရှိသည့် အချက်များမှာ …
(၁) သားသုံးသား’ ပေါင်းစည်းရေးကို မဖြစ်မနေ ကြိုးပမ်းရန်နှင့်
(၂) လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်သည့် အနေဖြင့် ဥပဒေတွင်း တိုက်ပွဲနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ပေးရန်တို့ ဖြစ် သည်။

၁၉၈၈ ပထမ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို ကျောင်းသားများ ဦးဆောင်ခဲ့ကြသည်။ (Students-led)
၂၀၀၇ ဒုတိယ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို သံဃာတော်များ ဦးဆောင်ခဲ့ကြသည်။ (Sanghas-led)
ယခု ၂၀၀၈ တတိယနှင့် နောက်ဆုံးတိုက်ပွဲတွင် စစ်သား (တပ်မတော်သား) များ လူထုတိုက်ပွဲထဲ ပူးပေါင်းပါဝင် လာပြီး သူတို့ကိုယ်တိုင်က စစ်အာဏာရှင် ခေါင်းဆောင်များကို အန်တုစိန်ခေါ်သည့် အခြေအနေမျိုး မလွဲမသွေ ဆိုက် ရောက်လာရန် ပြည်သူလူထုကြီးက ဆွဲဆောင်စည်းရုံး သိမ်းသွင်း သွားရမည်ဖြစ်သည်။ ထိုအခါ စစ်သား+ဘုရားသား(သံဃာ)+ကျောင်းသား=“သားသုံးသား” ပေါင်းစည်း ညီညွတ်ပြီး စစ်သားများကပင် လိုအပ်ချက်နှင့် အညီ တိုက်ပွဲကို ဦးဆောင်သွားမည့် Soldiers-led အနေအထားကို မုချဆိုက်ရောက် လာရပေမည်။ ဤအချက်မှာ ဆန္ဒပြသမားများက စိတ်ရှည်ရှည်နှင့် လိမ္မာပါးနပ်စွာ စည်းရုံးလုပ်ဆောင် သွားရမည့် ကိစ္စဖြစ်သည်။

ဒုတိယ ဆောင်ရန် အချက်ဖြစ်သည့် လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်တင်ရေးတွင် အောက်ပါကိစ္စများ
လုပ်ဆောင်ရန် လိုပေသည်။
ပထမဦးစွာ ဥပဒေတွင်းတိုက်ပွဲတွင် မြေပေါ်/မြေအောက် အဖွဲ့အစည်းများ တော်လှန်ရေး ရေချိန်နှင့်အပြိုင် တပြေးညီ ဆက်စပ်ညီညွတ် ပေါင်းစည်းနေဖို့ဖြစ်သည်။
မြေပေါ်တွင် NLD ရှိသည်။ သံဃာတပ်ပေါင်းစုရှိသည်။ ၈၈ မျိုးဆက်၊ ဗကသ၊ တကသ ကျောင်းသားအဖွဲ့များ ရှိသည်။ သုံးရောင်ခြယ်၊ အကြမ်းမဖက်၊ CNG လူငယ်အဖွဲ့များရှိသည်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရှိသည်။ တတ်သိပညာရှင်များ ရှိသည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရှိသည်။ အလုပ်သမား လယ်သမား သမဂ္ဂများရှိသည်။ ဤမြေပေါ် အင်အားစုများ အားလုံး “လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy) အဖြစ် စုစည်းရပ်တည်ကြရမည်။

မြေပေါ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇)ဖွဲ့လည်း ရှိနေသည်။ ဥပဒေတွင်း တိုက်ပွဲ မြေအောက်တွင် ထွက်ပြေး တိမ်းရှောင်နေရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့၊ ကျောင်းသား ခေါင်းဆောင်အချို့နှင့် သံဃာ့ ခေါင်းဆောင်အချို့ ရှိသည်။
ယင်းမြေပေါ် မြေအောက် ဥပဒေတွင်းတိုက်ပွဲကို ဥပဒေပတိုက်ပွဲနှင့် ဆက်စပ် ချိတ်တွယ်ပေးရမည်။
ဥပဒေပတိုက်ပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်းနှင့် လက်နက်မကိုင်သော အဖွဲ့အစည်းဟူ၍ ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းတွင် အဓိကအားဖြင့် KNU နှင့် သူ၏တပ် KNLA ရှိသည်။ ABSDF (ကျောင်း သားတပ်မတော်) အပါအ၀င် KNPP က ဦးဆောင်ဖွဲ့စည်းထားသည့် တိုင်းရင်းသား စစ်ရေးမဟာမိတ်အဖွဲ့ ရှိသည်။ (ဤအဖွဲ့တွင် ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ၆စု ပါဝင်သည်။)
လက်နက်မကိုင်သော ဥပဒေပ အဖွဲ့အစည်းများအဖြစ် NLD(LA)၊ လူ့ဘောင်သစ်ပါတီ၊ NCUB၊ NCGUB၊ DAB၊ FDB စသည့် ကမ္ဘာအနှံ့ နိုင်ငံရေး အဖွဲ့အစည်းများရှိသည်။

ဥပဒေတွင်း လူထုတိုက်ပွဲ အရှိန်အဟုန် မြင့်လာသည်နှင့်အမျှ နယ်စပ်က၊ ပြည်ပက ဥပဒေပ နိုင်ငံရေး လှုပ် ရှားမှုများကလည်း နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်လာပြီး စစ်အစိုးရကို ဖိအားပေးလာအောင် ကြိုးပမ်း ကြရပါမည်။ ထို့အတူ လက်နက်ကိုင် တိုက်ပွဲကလည်း စစ်ရေး အရှိန်အဟုန်မြှင့်ပြီး၊ အကျပ်ရိုက် အရူးမီးဝိုင်း ဖြစ်နေသော ရန်သူကို ဖိအားပေး ချေမှုန်းနိုင်ဖို့ လိုပါသည်။

ဥပဒေတွင်းနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ရေးတွင် အထူးသတိထား ကိုင်တွယ်ရမည့် ကိစ္စမှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ဥပဒေတွင်း ရပ်တည်နေသော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ (၁၇)ဖွဲ့၏ ပြဿနာဖြစ်သည်။ ယင်းအဖွဲ့အစည်းများသည် စစ်အစိုးရနှင့် Gentleman's agreement ရှိထားသဖြင့် သူတို့ အဖွဲ့အစည်းများ အနေနှင့် လမ်းမပေါ်ထွက်ပြီး လူထုနှင့်အတူ လိုက်ပါ ဆန္ဒပြ၍လည်း မဖြစ်၊ တောထဲပြန်ဝင်ပြီး စစ်အစိုးရကို လက်နက်ကိုင် ပြန်တိုက်ခိုက်ဖို့လည်း မဖြစ်သည့် ဘေးကျပ်နံကျပ် အခြေအနေတွင် ရောက်ရှိနေပေသည်။ ဤပြဿနာကို ဒီမိုကရေစီ အင်အားစုများက ညင်သာသိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်း နိုင်ဖို့လိုသည်။ အရေးကြီးသည်မှာ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက လူထုတိုက်ပွဲအပေါ် သဘောထား တည့်မတ်မှန်ကန် နေဖို့ပင် ဖြစ်ပါသည်။
သို့ဖြစ်၍ တိုက်ပွဲတပွဲ တိုက်မည်ဆိုလျှင် တိုက်ပွဲ၏ သေနင်္ဂဗျူဟာ လိုသည်။ တိုက်ပွဲ၏ နည်းပရိယာယ် လိုသည်။ တနည်း တိုက်ပွဲ၏ ဦးတည်ချက်နှင့် တိုက်ပွဲ၏ ပုံသဏ္ဍာန် ဖြစ်သည်။

၎။ တိုက်ပွဲ ဦးတည်ချက်နှင့် ပုံသဏ္ဍာန်

ပထမဦးစွာ မိမိနှင့် ရန်သူတို့၏ တိုက်ပွဲ အနေအထားကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ လိုသည်။ တိုက်ပွဲတိုင်းတွင် ရန်သူနှင့် မိမိအကြား၌ အနေအထား (၃)ရပ်ရှိသည်။
ပထမ - မိမိဘက်က သေနင်္ဂဗျူဟာ ခံစစ်အနေအထား
ဒုတိယ - မိမိနှင့် ရန်သူ သေနင်္ဂဗျူဟာ တန်းတူရည်တူ အနေအထား
တတိယ - မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေအထား

ယခု မြန်မာပြည်သူ လူထုကြီး ရောက်ရှိနေသည့် အနေအထားမှာ မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေ အထားဖြစ်သည်။ စစ်အုပ်စု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် အပူတပြင်း တွေ့ဆုံဆွေးနွေးဖို့ သွေးရူးသွေးတမ်း လုပ်နေရသည်မှာ နအဖဘက်က သေနင်္ဂဗျူဟာခံစစ်သို့ ကျရောက်သွားခြင်း မဟုတ်ပါလော။

ယခု မိမိတို့ သေနင်္ဂဗျူဟာ ထိုးစစ်အနေအထားမှာ ရောက်နေပြီ။ ဘယ်လို ပွဲသိမ်း သေနင်္ဂဗျူဟာကို ကျင့်သုံးမလဲ။ တနည်း ပွဲသိမ်းတိုက်ပွဲ၏ ဦးတည်ချက်က ဘာလဲ။
အောက်ပါ ကြွေးကြော်သံ (၃)ရပ်သည် တိုက်ပွဲ၏ ဦးတည်ချက် ဖြစ်ရမည်။
(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရေး
(၂) ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပါအ၀င် အတိုက်အခံ နိုင်ငံရေးပါတီ အင်အားစုများက တဖက်၊ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တဖက်၊ စစ်အစိုးရ ကိုယ်စားလှယ်များက တဖက် ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပရေး
(၃) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပါဝင်သော ကြားဖြတ်အစိုးရ အမြန်ဆုံး ဖွဲ့စည်းရေး (အတိုကောက် အားဖြင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး) ဤကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာ ဏာသိမ်းပိုက်ရေး လမ်းစဉ်၏ သေနင်္ဂဗျူဟာ ဖြစ်ရမည်။

သေနင်္ဂဗျူဟာကို နည်းပရိယာယ်များဖြင့် အကောင်အထည် ဖော်ရသည်။ ဘယ်လို နည်းပရိယာယ်လဲ။ တနည်း တိုက်ပွဲ၏ ပုံသဏ္ဍာန်က ဘယ်လိုလဲ။
လူထုတိုက်ပွဲ၏ ပုံသဏ္ဍာန်မှာ ရှင်းပေသည်။
“လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy)က ဦးဆောင်၍ ဥပမာ - ရွှေတိဂုံဘုရားတွင် သပိတ်စခန်း ဖွင့်မည်။ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ သပိတ်မှောက် စီတန်းလှည့်လည်မည်။ နေပြည်တော် သိမ်းပိုက်ရေး ကြွေးကြော်မည်။
စည်းကမ်းရှိခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။ ညီညွတ်ခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။ အမှန်တရားနှင့် ကိုက်ညီခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။
ပြည်တွင်း ပြည်ပ ကွန်ပျူတာ အင်တာနက် ဘလော့ဂါများ၊ ပြည်ပ ရေဒီယို ရုပ်မြင်သံကြား မီဒီယာများသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။
သံဃာ့ဦးသျှောင်အဖွဲ့ အပါအ၀င် ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးပေါင်းစုံသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။

အခြားပုံသဏ္ဍာန်များ - လူထုက လူထုရန်သူ နအဖအစိုးရ၏ လက်ကိုင်တုတ်များဖြစ်သည့် ကြံ့ဖွတ်၊ စွမ်း အားရှင်နှင့် သတင်းပေးများကို ဥပမာ - ရပ်ကွက်လူထုက မြို့ပြ ပြောက်ကျားပုံစံ လက်သည်မပေါ်အောင် ဟန့်တား ဖြိုခွင်းသည့် နည်းမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ ထိုလက်တဆုပ်စာ လက်ကိုင်တုတ်များ ရပ်ကွက်ထဲတွင် မနေရဲတော့ဘဲ စိတ်ချောက်ချား တုန်လှုပ်ပြီး ထွက်ပြေးသွားအောင် ရပ်ကွက်လူထုက ခြိမ်းခြောက်နေရမည်။
အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်နေသော ဆန္ဒပြသမား တဦးချင်းသည် တိုက်ပွဲ၏ ဦးတည်ချက်နှင့် မလွဲ ချော်လျှင် မိမိစိတ်ကူးရှိသလို မိမိနည်း မိမိဟန်ဖြင့် ထိုကြံ့ဖွတ်၊ စွမ်းအားရှင်၊ သတင်းပေးများကို အမျိုးမျိုး နှောက်ယှက် ဒုက္ခပေးနိုင်သည်။
တိုက်ပွဲ၏ အရေးကြီးဆုံး ပုံသဏ္ဍာန်မှာ ဦးဆောင်မှုနှင့် နောက်လိုက်မှု မှန်ကန်ညီညွတ်နေဖို့ပင် ဖြစ်သည်။

နိဂုံး

တော်လှန်သော အတွေးအခေါ်တရပ် မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံတရပ် မရှိနိုင်ပါ။ ထို့အတူ တော်လှန်သော တပ်ဦး (ခေါင်းဆောင်မှု) တရပ် မရှိဘဲနှင့်လည်း တော်လှန်ရေး အောင်ပွဲမခံနိုင်ပါ။
အထက်တွင် ဖော်ပြခဲ့သော ကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တိုက်ပွဲ၏ အတွေးအခေါ်ဖြစ်ရမည်။ လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့ (Mass's Alliances for Democracy) သည် ဦးဆောင်တပ်ဦး ဖြစ်ရမည်။
အထူးထပ်မံ၍ ပြောလိုသည်မှာ …
အကြမ်းမဖက်ရေးမူကို အသေဆုပ်ကိုင် မထားစတမ်း … ။
ရန်သူနှင့် မစေ့စပ် မကြေအေး စတမ်း။
စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနှင့် ကိုက်ညီသော အင်အားမျိုးကို ထူထောင်စတမ်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးအပေါ် သစ္စာမဖောက်စတမ်း။
တနှစ်အတွင်း အနိုင်တိုက်စတမ်း။ အာဏာသိမ်းပိုက် စတမ်း။

အောင်ဝေး (မြန်မာနိုင်ငံ ကဗျာဆရာ)
(ခေတ္တ - ပုန်းခိုကျင်း တနေရာ)
၁၂-၁၀- ၂၀၀၇

နောက်ဆက်တွဲ

စာတမ်းတွင် ဖော်ပြခဲ့သော ...
(၁) နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး
(၂) သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေး
(၃) ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး

ဤကြွေးကြော်သံ သုံးရပ်မှာ လူထုတိုက်ပွဲ အရှိန်အဟုန်အတိုင်း မမှိတ်မသုန် တဆင့်ချင်း တထစ်ချင်း အ ကောင်အထည် ပေါ်လာရမည်မှာ မုချဖြစ်သည်။

ပထမအဆင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်။ ဒုတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် သုံးပွင့် ဆိုင် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလာမည်။ တတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင်သော ကြားဖြတ် အစိုးရ ဖြစ်ပေါ်လာမည်။ ဤအချိန်တွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် အရေးအကြီးဆုံး အခြေအနေ သို့ ရောက်လာပြီ ဖြစ်သည်။

ကြားဖြတ်အစိုးရ ပေါ်ပေါက်လာလျင် နအဖအစိုးရနှင့် အတူတကွ နအဖအစိုးရ၏ လမ်းပြမြေပုံ (၇)ချက်၊ အ မျိုးသားညီလာခံနှင့် သူတို့ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည့် အားလုံးလိုလို ပယ်ဖျက်ပြီးသား ဖြစ်သွား လိမ့်မည်။

ထို့ကြောင့် ကြားဖြတ်အစိုးရ ပေါ်ပေါက်လာဖို့ အထူးအရေးကြီး လိုအပ်သည်။ ကြားဖြတ်အစိုးရ ပေါ်ပေါက် လာမှသာ ထိုကြားဖြတ်အစိုးရက အောက်ပါ အရေးကြီး ကိစ္စများကို အလျင်အမြန် ဆောင်ရွက်နိုင်မည်။
ပထမ - ကြားဖြတ်အစိုးရက ၁၉၉၀ပြည့် ရွေးကောက်ပွဲ ရလဒ်များကို အတည်ပြု ကြေညာပေးရမည်။
ဒုတိယ - ကြားဖြတ်အစိုးရက ပြည်သူ့လွှတ်တော် ခေါ်ယူပေးရမည်။ ထိုလွှတ်တော်ကမှ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ရေးဆွဲ အတည်ပြု ပြဌာန်းပြီး ဥပဒေနှင့်အညီ ကြားဖြတ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူရမည် ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီ အကျဆုံးနှင့် သိက္ခာအရှိဆုံး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ် ဖြစ်သည်။ (တရားမ၀င် စစ်အစိုးရအတွက် အကောင်းဆုံး ထွက်ပေါက်လည်း ဖြစ်သည်။)

ဒီမိုကရေစီအစိုးရ မပေါ်ပေါက်သေးခင်၊ တနည်း အာဏာလွှဲပြောင်း မယူရသေးခင် ကြားဖြတ်အစိုးရ တာဝန် ယူထားသော ကြားကာလတွင် အောက်ပါ အချက်များကို နားလည်လိုက်နာဖို့ လိုသည်။
ပထမအချက် - KNU အပါအ၀င် တောတွင်း လက်နက်ကိုင် အဖွဲ့များ၏ ထိုးစစ်များကို ရပ်နားထား ရမည်။
ဒုတိယအချက် - တပ်မတော်အပေါ် နားလည်မှု ပေးရမည်။
တတိယအချက် - ပြည်ထောင်စုကြီး တစည်းတလုံးတည်းရှိရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေး တို့ကို ဦးထိပ်ထားရမည်။

ကြားဖြတ်အစိုးရက လွှတ်တော်ခေါ်ပေးပြီး လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေစဉ်ကာလတွင် တောတွင်းလက်နက်ကိုင် အဖွဲ့များသည် ကြားဖြတ်အစိုးရနှင့် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မည်။ ဤ အဆင့်တွင် လက်နက်ကိုင် အင်အားစုများအနေနှင့် ‘စစ်ရေးချို - နိုင်ငံရေးပို’ မူကို ကျင့်သုံးရမည်။

တပ်မတော်နှင့် ပတ်သက်၍ မြန်မာလူထုကြီးက အောက်ပါအတိုင်း နားလည်လက်ခံ ပေးရမည်။
(၁) တပ်မတော်သည် ဒီမိုကရေစီ အစိုးရတည်ဆောက်ရေးတွင် ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။
(၂) တပ်မတော်သည် တိုင်းပြည်အပေါ် သစ္စာခံသည်။ အစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူလူထုကိုယ်စားပြု အဖွဲ့အစည်း ဖြစ်သည်။ တပ်မတော်သည် အစိုးရလက်အောက်မှာ ရှိရမည်။
(၃) နိုင်ငံတော် အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်စေရမည်။ တပ်မတော်သည် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။

ကြားဖြတ်အစိုးရ တာဝန်ယူထားသည့် ကြားကာလ သို့တည်းမဟုတ် ဒီမိုကရေစီအစိုးရ ပေါ်ထွန်းစကာလတွင် အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်တွင်း အခြေစိုက် နိုင်ငံရေးအင်အားစုများနှင့် “ပြည်တော်ဝင် လာမည့်” ပြည်ပအခြေစိုက် နိုင်ငံရေး အင်အားစုများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်မလာဖို့ အထူး အ ရေးကြီးသည်။ စစ်မှန်သော ပြည်ထောင်စုစနစ် ပေါ်ပေါက်နိုင်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကြားတွင် ချစ်ကြည်ရင်းနှီးမှု အထူးအရေးကြီးသည်။ ပြည်ထောင်စုကြီး တစည်းတလုံးတည်း ရှိရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးတွင် ပြင်းပြသော တာဝန်ယူလိုစိတ်ရှိရန် အထူးအရေးကြီးသည်။

ဤကဲ့သို့ တနှစ်အတွင်း အနိုင်တိုက်ပြီးပြီ။ အာဏာသိမ်းပိုက်ပြီးပြီဆိုလျှင် မြန်မာပြည်သူ လူထုကြီး၏ သမိုင်းစာ မျက်နှာသစ်၊ ဘ၀သစ်ကို စတင်နိုင်ပြီ ဖြစ်ပါသည်။
နောက်ဆုံး ပြောလိုသည်မှာ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးသည် စစ်အာဏာရှင်စနစ်ကို ဖြုတ် ချနေစဉ်မှာရော၊ ဒီမိုကရေစီ အစိုးရကို ထူထောင်နေစဉ်မှာပါ တိုက်ပွဲစဉ်တလျှောက်လုံး “ဒေါ်အောင်ဆန်းစုကြည်” နှင့် တသားတည်း ရှိနေဖို့ပင် ဖြစ်ပါကြောင်း။
ဤတွင် အောင်ဝေးစစ်တမ်း ပြီးပါပြီ။ ။

2 comments:

Ing Weber said...

Burmese nationals need to demand release of Ms Aung San Suu Kyi and all political detainees.
NLD has to ask only one to handover power because they are elected by Burmese people. NLD should form the legitimate government since NLD won the election in 1990.
It is long overdue.Who is opposing the 'WILL" of all Burmese citizens. Military leaders. They are opposing. Even other ranks and their families supported NLD. Therefore there is absolutely only two steps.
1) ask for release of Ms Aung San Su Kyi, all elected MP's and political detainees.
2) To ask handing over power and form the government.
This is my view.
Ing Weber

Nyein Chan Aung said...

Ing Weber,

First of all, let me say thank to you for your attention and interest on our pro-democracy movement. Our friends across the world should know we, Burmese, need your 'existing help'. Do we get enough? I would say we have got sufficient assistance and sympathy...but it should remain until the victory comes.

To view your suggestion
1) ask for release of Ms Aung San Su Kyi, all elected MP's and political detainees.
2) To ask handing over power and form the government.

Of course, we have loudly asked Ms. Suu Kyi's release and other political prisoners for many years now. We know this is significant, but when the junta turns their ears deaf, what can we do? Are there any alternative to free Ms. Suu Kyi? The second one, we have asked the junta to hand over power since 1990, when NLD won a land slide victory, but the result has been more arrest and more oppression.

The last, how can we form a government under today's situation? Even Daw Aung San Suu Kyi's freedom is a dream for us now. Thanks for your comment.