Tuesday, November 6, 2007

လင်းလက်ကြယ်စင်

လင်းလက်ကြယ်စင်
ကိုမွှေး

သမီးရေ…
ယသော်ဓရာဖြစ်ဖို့ မလိုပါဘူးကွာ
ဝိသာခါဖြစ်ဖို့လည်း မလိုဘူးသမီး
သမီးဟာ သမီးဖြစ်နေခြင်းကကို
လင်းလက်ပြည့်စုံနေပါပြီ။

မနေ့က..
ဒီကနေ့…
မနက်ဖြန်…
ကာလသုံးပါးမှာ
လူဆိုတာ ရခဲတဲ့ လူ့အဖြစ်ကို
ဥစ္စာဆိုတာနဲ့ ဖြစ်ဖြစ်
အာဏာဆိုတာနဲ့ ဖြစ်ဖြစ်
တဏှာဆိုတာနဲ့ ဖြစ်ဖြစ်
ထုဆစ်ပုံဖော်တာ မဟုတ်ဘူး..။

တိုင်းပြည်..
ပြည်သူ..
လွတ်မြောက်ရေး..
စတေးသူတွေက…
စတေးပေးဆပ်
နင်းခြေသူတွေက…
အပြင်းနင်းခြေ
ပျိုးထောင်သူတွေက….
စိတ်မပျက်တမ်း ပျိုးထောင်
သတိနဲ့ သွေးမကြောင်ဖို့တော့ လိုတယ် သမီးရေ..။

အဖေတို့ ငယ်ငယ်က
ဘ၀ဆိုတာ သီချင်းတပုဒ်
ချိုပေါ့ကျတခွက် စီးကရက်တစ်လိပ်
လအရိပ်မှာ ချစ်သူ့ခြံစောင်ရင်း
ဂစ်တာနဲ့ သီချင်းငြီး
ယာယီ ပြီးပြည့်စုံခြင်းတွေ..
လွတ်လပ်ခြင်း အရေပါးပါးနဲ့
ကျွဲခြေရာကွက်ထဲ ကျက်စားခဲ့တာပေါ့။

မသိခဲ့…
မရှိခဲ့..
သတိမဲ့စွာ..
နေသာသလိုနေ
ဝေဒနာဆို မဖွေပဲ
ဖရိုဖရဲ ဒုက္ခ
မလွတ်လပ်လှတာ မမြင်တတ်ခဲ့..
မြင်နိုင်မှုမျက်စိကို လှည့်စားတဲ့
တို့ခြေထောက်တွေက ခြေကျင်းတွေကို
လေးလံလှရဲ့လို့ မတွေးမိခဲ့ဖူးလေ..။

ထောင့်ကိုးရာ ရှစ်ဆယ့်ရှစ်
သမိုင်းသစ် ခေတ်ပြောင်း..
မောင်းပြန်ကို ဒေါင်းလံနဲ့ စီးချင်းထိုး
ဦးမကျိုး ခေါင်းမငုံ့
မတုန့် မလှည့် မတွေဝေ
ဒဏ်ရာတွေ ပြည့်သွားပါစေ
သချုင်္ံင်းမြေ ချဲ့ကြစမ်းပါစေ
ရာဇ၀င်တော့ အရိုင်းမခံ
တော်လှန်မဟေ့ ဆိုတဲ့
လူငယ့်သမိုင်း
ခေတ်တိုင်း ခေတ်တိုင်းကလို
မျိုးဆက်ကို စောင့်ထိန်း
ဒေါင်းတသိန်း တောင်ပံဟုန်နဲ့
ဇာတိဂုဏ် မှတ်ကျောက်
အောင်လံနဲ့ တောက်ပ
တော်လှန်ကြရဲ့..။

အဲဒီတုန်းက….
တိုက်ပွဲစပြီ..
ရောင်နီမရှိ…
မှောင်အတိကျ..
ကျောင်းဘေးတလင်း
ဒေါင်းသွေးခင်းတော့
မာန်မလျှော့
ဟန်မပျော့
ဌာန်မလျော့ခဲ့ဘူး သမီး…။

စက်တင်ဘာ နှစ်ထောင့်ခွန်
စစ်ကျေးကျွန်ဘဝ
ရုန်းထတော်လှန် သွေးသံရဲရဲ
လွတ်မြောက်မှုအတွက်
အသက်နဲ့ လဲတဲ့
ရဲဝံ့ သံဃာ
နောက်ပါ ပြည်သူ
ဖြူစင်မေတ္တာ သေမှာ မကြောက်
ဒူးမထောက်တဲ့ သူတို့ရဲ့သစ္စာ
အဖေတို့ ဖောက်ရဲပါသလား သမီး။

ကိုယ့်ခွန် ကိုယ့်အား
ကိုယ့်သွေးသားနဲ့
ပြတ်သားတဲ့ သမီး
ဟောဒီခရီး…
မပြီးသေးဘူး သမီးရဲ့
သတိနဲ့ လှမ်း
မလျှော့တမ်း ဇွဲ
ရဲရင့် သတ္တိ
ပကတိ ကျောက်စိုင်
အတွေးအခေါ်နဲ့ ခိုင်မာ…
ချီတက်ရာ လမ်း..
ကြမ်းစေ ကွေ့ကောက်
မကြောက်တဲ့ သမီး…..။

သမီးရေ…
ယသော်ဓရာဖြစ်ဖို့ မလိုပါဘူးကွာ
ဝိသာခါဖြစ်ဖို့လည်း မလိုဘူးသမီး
သမီးဟာ သမီးဖြစ်နေခြင်းကကို
လင်းလက်ပြည့်စုံနေပါပြီ။ ။

ကိုမွှေး

1 comment:

boke said...

I feel it thru my heart and my existence. thanks alot, Ko Myway