Wednesday, November 7, 2007

POET THIT KAUNG EAIN MONOLOGUE

ကျွန်းရွက်များအကြောင်း အောက့်မေ့မှု
သစ်ကောင်းအိမ်

ပြားချပ်သွားတဲ့ ကမ္ဘာကြီးပေါ်က
ဖိနောင့် ပါးနေတဲ့
ပြားချပ်ချပ် ဖိနပ်တရံပေါ် ရပ်ရင်း
ငါ … ဆွေးနေမိရဲ့ ။

မျက်ရစ်မပါတဲ့ အချစ်နဲ့ 
ထူထောင်ခဲ့တဲ့ ခေတ်တခေတ်ဟာ
မင်းဖြစ်ခဲ့ပေါ့
ဂန္ဓာလရာဇ်သွေးနဲ့
ငါ့ သားလေးရေ။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူပေါ်လူဇော် မလုပ်မိစေနဲ့။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူယုတ်မာတွေ မဖြစ်မိစေနဲ့။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
သူတပါး တိုင်းပြည်ရဲ့  အသွေးအသား
မပြစ်မှားမိစေနဲ့။

သမိုင်းဆိုတာ
သားကြောဖြတ်လို့ ရတဲ့အရာ မဟုတ်ခဲ့
တို့နိုင်ငံရဲ့  “ရွှေဝါရောင် တော်လှန်ရေး”
သွေးနဲ့ လက်ခမောင်းခတ်ခဲ့ပြီ
“ပုရွက်ဆိတ်တွေရဲ့ ဘုံဝါဒ … အဓွန့်ရှည်ပါစေ
ခွေးအတွေရဲ့ ဘုံဝါဒ … ကျဆုံးပါစေ”

တိန့်ရှောင်ဖိန်က
တိန်အန်မင် အရေးအခင်းကို
ရူးချင်ယောင်ဆောင်ခဲ့တယ်။

သစ်ကောင်းအိမ်
(၀၇၊ ၁၁၊ ၂၀၀၇)


ဆောင်းသစ်ပင်
သစ်ကောင်းအိမ်

ဆံပင်ရှည် ဖြတ်လိုက်တယ်
ကိုယ်ပေါ်က သစ်ရွက်တွေ
တပင်လုံး လှုပ်ခါချလိုက်တယ်။

ပိတောက်သစ်ပွင့်ဖို့
အမြစ်
မြေမှာ
စွဲတယ် … ။ ။

သစ်ကောင်းအိမ်
(၀၇၊ နိုဝင်ဘာ၊ ၂၀၀၇)


ရွှေဝါရောင် စပါးတွေ ရင့်မှည့်နေပြီ ညီမလေး
သစ်ကောင်းအိမ်

ငါတို့ ကိုးကွယ်တဲ့ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့ ဦးညွှတ်တဲ့ တရားကို
လှံစွပ်နဲ့ ထိုးသူ
ငါတို့ ၀ပ်တွားတဲ့ ၀တ္တကမြေကို
ကျည်ဆံနဲ့ မီးလောင်တိုက်သွင်းသူ

လမ်းဘေး
တွေ့ရာအုတ်ခဲနဲ့ ငါတို့ ပြန်ထုတယ်
ဒါ … အကြမ်းဖက်မှုလား

ကြမ်းကြမ်း ဖက်ထားကြ
ငါတို့ရွက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ

ကြမ်းကြမ်း ဖက်ထားကြ
ငါတို့တက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ

ရန်သူကို ရန်သူလို့ မခေါ်နဲ့ဆို
ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းထဲက လူရိုင်းတွေလို
“ ယူသန် … ယူသန်..” လို့ အော်မယ်

မစ္စတာ ဘန်ကီမွန်းရေ ….
အသက်ကယ်ဘော မပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီ မ၀တ်ဘဲ
ရေနစ်နေတဲ့ ခေတ်တစ်ခေတ်ဟာ
ငါတို့ဖြစ်တယ်

မြင်ကွင်းတွေဟာ ဟင်းလင်းပဲ

ဆောင်းဦးပေါက် ကွင်းပြင်မှာတော့
ရွှေဝါရောင် စပါးတွေ
ဝင်းမှည့်နေပြီ ညီမလေး ။ ။

သစ်ကောင်းအိမ်
(၀၄၊ ၁၁၊ ၂၀၀၇)


သားပျောက်တေး
သစ်ကောင်းအိမ်

သွေးနဲ့ ရေးမှ ဆေးမှင်ကြောင်
ရင်နဲ့ သွေးခဲ့တယ် ရင်သွေး

အချစ်များစွာနဲ့  ပြစ်မှားမိခဲ့ပါတယ်

ကဗျာနဲ့ ငါ
အဖန်ငါးရာ ငါးကမ္ဘာ

သို့  …
မိစ္ဆာအတွက် ဖိတ်စာ

အ၀ီစိရဲ့အောက်
ငရဲကို နောက်တထပ် တိုးဖို့
ပဉ္စမမျိုးဆက်သွေးနဲ့
ဒီကဗျာကို ငါရေးတယ် ။ ။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)


စိန်ပန်းပွင့်ချိန်မှ သင်္ကန်းပွင့်ချိန် ညီမလေး
သစ်ကောင်းအိမ်

ဇီဝဇိုးငှက်တကောင်ရဲ့ အန်ဖတ်လို
မေတ္တာတရားမှာလည်း
သွေးစသွေးနတွေနဲ့
သမိုင်းပျို့တယ်

သင်္ကန်းကို မီးလောင်လို့
ခွေးတွေက တခေတ်လုံးဟောင်တယ်

ဟောင်ဖွာ ဟောင်ဖွာတွေနဲ့
မီးမညှိလေနဲ့ ညီမလေး

ရတာ ခဲထားကြတာလည်း
ရခဲခြင်းပါပဲ

နောက်ကျောက ဓားနဲ့
ကျောခိုင်း ရပ်ခဲ့တယ်

အနီးကြီး နီးဖို့
အဝေးကြီး အဝေးကြီး ဝေးခဲ့တယ် ။ ။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)


ငွေကြာယံ
သစ်ကောင်းအိမ်

သရဏဂုံကို
သရဏဂုံ ပြန်တင်နေရတဲ့ခေတ်

ဒေါင်းသင်္ကန်းတွေနဲ့
သူပုန်အလံကို ဥုံခံကာ လွှင့်ကြ

အစွယ်ဖွေးဖွေး စစ်ခွေးအုပ်ကြား
အောင်ခြင်းကိုးပါး မြတ်တရားနဲ့ 
ဗုဒ္ဓပွင့်တော်မူခဲ့ပြီ … ။

သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)


သေစာရှင်စာ
သစ်ကောင်းအိမ်

နိုင်ငံကူးလက်မှတ် မရှိဘူး
ဘ၀ကူးလက်မှတ်တော့ ရှိတယ်
နေ့ကိုစွဲသေပြီး နေ့စွဲဖြစ်ခဲ့
နေ့စွဲလေး တစွဲပါပဲ

သီတင်းကျွတ် လပြည့်ည ကောင်းကင်မှာ
မီးပုံးပျံတွေ မြင်မှ
ဘယ်တုံးကမှ မှိုင်းမ၀ဘူးတဲ့
ကိုယ်နှလုံးသားကိုလည်း သတိတရနဲ့
ပီကာဆို လွှတ်လိုက်တဲ့ ချိုးငှက်
ပီကာဆိုလက်ထဲ ပြန်မရောက်နိုင်ခဲ့

တရား...တရားဆိုလား
ဘုရား...ဘုရားဆိုလား
မျှပြီးတကြရ
ကြားဖူးတယ်

ကြားဖူးတယ်
တရားဆိုတာ
မျှတမှုပဲဆိုလား
ကြားဖူးတယ်
ငါ့ ဘောပင်လေးကိုတော့ ခွေးစာမကျွေးနိုင်ပါ

ဟဲလို.....
၃၁ဘုံခင်ဗျား
ရမ္မက်ကြီးလွန်းလို့
အရင်းအတိုင်း ထိုင်မြည်းနေတာ။ ။

သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)


ရွှေဝါရောင် ဥဒါန်း
သစ်ကောင်းအိမ်

သာသနာတော်တောင် သွေးစွန်းခဲ့ရ
ဟောဒီကာလ ဟက်တက်ကြီးထဲ
အလွန်းကိုလည်း တကျွန်းပို့ထားရပေါ့
မောင့် ဂူစတီနာ

မီးသင်္ဂြုံဟ်စက် တလုံးလို
ကိုယ့်ကိုယ်ကို လောင်ကျွမ်းကြ
ပက်ပက်စက်စက် လောင်ကျွမ်းကြ

ဒါ … နှင်းဆီရောင် အလှတရားလား
စုန်းမအိုရဲ့ မြည်တွန် တောက်တီးသံတွေလား
ဒါမှမဟုတ် သွေးနံ့ရတဲ့ ပင်လယ်လား

ငါတို့ ရေနန်းယာဉ်သာ သင်္ဘောကို မမျှော်နဲ့
ငါတို့ ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့

ဝါးလုံးဆွေးကို အလံထောင်လို့
မိစာက ဟားတိုက်ရယ်နေရဲ့

ငါတို့ဖိနပ်သာ ငါတို့သေနတ်ဖြစ်တယ်

သွေးကြွေးဆိုတော့
ဆွေးနွေးဖို့မရှိတော့ပါ ။ ။

သစ်ကောင်းအိမ်
(၁၁၊၁၀၊၂၀၀၇)


ဗျာဒိတ်
သစ်ကောင်းအိမ်

ကျနော်တို့ မျိုးဆက်တုန်းက…ဗျာ
လူရည်ချွန် နို့မှုန့်ဗူးနဲ့ စခဲ့ရတဲ့ ဘ၀တွေပေါ့
ကျနော့် ပါးစပ်က စညှော်တာဗျ
အဲဒီလိုလည်း မဆိုလိုပါဘူး

စကြာဝဠာ ထိပ်မှာ
စကြ်ာတံဆိပ် အလံတော်က
ညှော်တယ်

ခံတွင်းပျက်ရင်း မိုးစင်စင်လင်းခဲ့
ကိုယ်ကျင်း ကိုယ်တူးပြီး
မိုးစုန်းစုန်းချုပ်ခဲ့

ပါရီ မီးလောင်ပြီလား…
မဟာရန်ကုန်မြို့ကြီးကတော့
ရင်ဘတ်ကြယ်သီးတွေ ပြုတ်ထွက်လို့
အခေါင်းထဲမှာ အလောင်းမရှိတော့

ညတာရှည်တယ်
နာတာရှည်တယ်
ကမ္ဘာမကြေသီချင်းကို ဘာသိဘာသာ ဆိုမိတယ်
ရိုးတွင်းချဉ်ဆီထိအောင် လောင်ရဲ့
ဆောင်းကြမ်းမွှန်းတဲ့ဓားချက်တွေအောက်မှာ
အဖေ့လက်နဲ့ မွှေးတဲ့ ဆောင်းမီးပုံလေး
ငါ့ကိုပြန်ပေး..
အမေ့ပုခက်ထဲက သားချော့တေးတွေ
ငါ့ကိုပြန်ပေး..
အဖြူအစိမ်းဝတ်စုံနဲ့
ကမ္ဘောဇ လွယ်အိတ်ကလေးကိုလည်း
ငါ့ကိုပြန်ပေး..

ကဲကွယ်..
ဘာဆိုဘာမှ ပြန်ပေးမနေပါနဲ့တော့
ဟောဟို့ တောင်စွယ်မှာ
တို့အမုန်းနဲ့ နေလုံး လုံးလုံး ကွယ်ရမယ် ။ ။

သစ်ကောင်းအိမ်
(၂၄၊ ၁၂၊ ၂၀၀၆)

(ကဗျာများကို မေငြိမ်းနှင့် ဆုံဆည်းရာ ဘလော့ဂ်များမှ ယူပါသည်)

No comments: