Friday, November 30, 2007

ဒီဇင်ဘာ(၁)ရက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် ဆောင်းပါး

၂၀၀၆ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပခဲ့သည့် ပြည်ပရောက် မြန်မာမီဒီယာသမားများ၏ ညီလာခံသို့ သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာက အသံဖြင့် ပြောကြားကာ အမှာစကား ပေးပို့ခဲ့သည်။ ထိုအမှာစကားထဲတွင် ဆရာမကြီးက ‘တို့နိုင်ငံမှာ ကနေ့ ဘာတွေဖြစ်နေတုန်း၊ လူတွေအများစုကို ကိုယ်စားပြုမယ်ဆိုရင် အကုန်လုံးက ဆင်းရဲနေတာ။ အမေ့ တသက်လေ၊ အမေ အသက်ကိုးဆယ် ကျော်ပြီနော်။ အမေ့တသက် ဒီခေတ်လောက် ဆင်းရဲတာ၊ လူတွေ ဒုက္ခဖြစ်တာ မကြုံဖူးဘူး’ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ဆရာမကြီး လူထုဒေါ်အမာသည် နိုဝင်ဘာလ(၂၉)ရက်နေ့က အသက်(၉၁)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဗြိတိသျှအစိုးရ အုပ်ချုပ်သည့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ်ကာလ၊ ဖက်ဆစ်ဂျပန်ခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်၊ မဆလခေတ်၊ န၀တ/ နအဖခေတ် … စသည့် သမိုင်းခေတ် အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သော အမေလူထုဒေါ်အမာ၏ အထက်ပါ မှတ်ချက်ကို သုံးသပ်ကြည့်လျှင် ယနေ့ နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ၏ ဆိုးရွားနိမ့်ကျမှု အတိုင်းအတာကို ထင်ထင်လင်းလင်း သိမြင်နိုင်ပေသည်။ မြန်မာပြည်သူလူထုအပေါ် စေတနာ၊ သြဇာကြီးမားလှသည့် အမေလူထုဒေါ်အမာက ရှည်လျားထွေပြားသည့် သူမ၏ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံများနှင့် ယှဉ်ထိုးသုံးသပ်ပြီး ထိုသို့ သတိပေး ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် နအဖ စစ်ဗိုလ်ချုပ်များကမူ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဦးတည်ရှေးရှုနေပါပြီဟု လိမ်ညာဝါဒဖြန့်၍ ကောင်းနေဆဲပင်။

မြန်မာနိုင်ငံအတွင်း နအဖစစ်အုပ်စု၏ မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ သတင်းအမှောင်ချမှုများ၊ လူအခွင့် အရေး ချိုးဖောက်မှုများ၊ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်မှုများ အောက်တွင် ပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး … စသည်ဖြင့် ဘက်ပေါင်းစုံ၌ အခက်အခဲ အကျပ်အတည်း မျိုးစုံနှင့် တွေ့ကြုံရင်ဆိုင် နေရပေသည်။ ထို့အပြင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ကဲ့သို့သော ရောဂါကပ်ဆိုးကြီးကလည်း ဒုက္ခမျိုးစုံကြုံ တွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မြွေပူရာ ကင်းမှောင့် ဆိုသကဲ့သို့ ဖိစီးနှိပ်စက်လာသည်ကို ထိတ်လန့် တုန်လှုပ်ဖွယ် တွေ့မြင်နေရပေသည်။

မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာဝန်မိတ်ဆွေတဦးက ‘အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်များ ဖြစ်နေမလားဆိုပြီး သံသယရှိတဲ့သူ(၁၀)ဦးကို သွေးဖောက်စစ်ကြည့်ရင် (၁၀)ဦးစလုံးနီးပါးဟာ အိပ်ခ်ျ အိုင်ဗွီပိုး ရှိနေတာ တွေ့ရတယ်။ များသောအားဖြင့်ကတော့ မူးယစ်ဆေး အကြောထဲထိုးသွင်းတာရယ်၊ အကာအ ကွယ်မယူဘဲ လိင်ဆက်ဆံကြတာရယ်က ကူးစက်တာများတယ်။ ဖားကန့်ဘက်မှာက နယ်ပေါင်းစုံကလာတဲ့ ပြည့်တန်ဆာတွေရော၊ မူးယစ်ဆေးဝါး မျိုးစုံကိုရော သုံးစွဲချင်ရင် အလွယ်တကူ သုံးစွဲနိုင်တဲ့ အခွင့်အရေး ရှိတယ်’ဟု သူ၏ အတွေ့အကြုံကို ပြောပြသည်။

အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဖြစ်ပွားမှုနှုန်းထားနှင့် ပတ်သက်ပြီး စစ်အုပ်စု မျက်ကွယ်နေရာ ဒေသတချို့တွင် တိတ်တဆိတ် စစ်တမ်းကောက်ယူနေသည့် အန်ဂျီအို အဖွဲ့အစည်းတခုမှ မိတ်ဆွေတဦးကလည်း ‘တချို့နေရာတွေမှာဆို အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ဖြစ်ပြီး အရွယ်ကောင်း အမျိုးသမီး အမျိုးသားတွေ သေဆုံးကုန်ကြလို့ မိဘမဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ အများစု ကျန်နေတာကို တွေ့ရတယ်’ဟု သူ၏ စစ်တမ်းကောက်ယူမှု အတွေ့အကြုံကို ပြောပြသည်။

နအဖ စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ၊ ကိန်းဂဏန်းများ လိမ်ညာဖုံးကွယ် အမှောင်ချထားမှုကြောင့် မြန်မာပြည်တွင်း၌ ဖြစ်ပွားနေသည့် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါသည် အရေအတွက်ကို မှန်မှန်ကန်ကန် သိရှိနိုင်ရန် ခက်ခဲသော်လည်း ကျန်းမာရေး လောကတွင် ထဲထဲဝင်ဝင် ပတ်သက်နေသည့် ပုဂ္ဂိုလ်များ၏ အထက်ပါ ပြောပြချက်များကို ထောက်ရှု၍ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါသည် မြန်မာပြည်သူ လူထုကြားတွင် ကြောက်မက်ဖွယ် ရောဂါကပ်ဆိုးကြီးအလား ကူးစက်ပျံ့နှံ့ နေသည်ကို သိရှိနိုင်ပေသည်။

နအဖ စစ်အုပ်စုသည် စစ်စရိတ်ကိုသာ တိုးမြှင့်သုံးစွဲပြီး ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအတွက် အ သုံးစရိတ်ကို ရာခိုင်နှုန်း အနည်းငယ်သာ ခွင့်ပြုသည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း တနေ့ တခြား ဆိုးရွားလာသကဲ့သို့ ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတများလည်း ပိုမိုနိမ့်ကျ လာသည်ကို တွေ့ရ ပေသည်။ သို့ရာတွင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဖြစ်ပွားနေမှုသည် မျက်ကွယ်ပြု၍ မရသည့် ထိပ်တန်း ပြဿနာတရပ် ဖြစ်လာသည့်အတွက် မြန်မာပြည်၏ အနာဂတ်အရေးကို စိတ်ဝင်စားသူ အားလုံးက ၀ိုင်းဝန်းဖြေရှင်းဖို့ ကြိုးစားကြရပေမည်။

ထိုသို့ ကြိုးစားလုပ်ဆောင်ကြရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ လက်တွေ့ လုပ်ဆောင်မှုများက အရေးပါသကဲ့သို့ မီဒီယာများ၏ သတင်းအချက်အလက် မှန်မှန်ကန်ကန် ထုတ်ပြန်ပေးနိုင်မှု၊ ကျန်းမာရေး ဗဟုသု တဆိုင်ရာ ပညာပေး အစီအစဉ်များ တင်ဆက်မှုကလည်း များစွာအထောက်အကူ ဖြစ်စေပါသည်။ ပြည်တွင်း မီဒီ ယာလောက၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ စာအုပ်စာတမ်းများ၊ ဂျာနယ် မဂ္ဂဇင်းများ ထွက် ရှိနေသော်လည်း ပျံ့နှံ့မှုနည်းပါးခြင်း၊ စားဝတ်နေရေး သံသရာတွင် လုံးချာလည် လိုက်နေကြခြင်းတို့ကြောင့် ပြည် သူလူထုအများစု ဖတ်ရှုလေ့လာနိုင်ခွင့် ရဖို့အတွက် အလှမ်းဝေးနေဆဲပင်။ ထို့အပြင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီ အက်စ်ရောဂါနှင့် ပတ်သက်ပြီး ပညာပေး အစီအစဉ်များ လုပ်ဆောင်မှု ရှိသော်လည်း နအဖ စစ်အုပ်စု၏ ၀ါဒဖြန့်ချိမှုနှင့် ကိန်းဂဏန်း ထုတ်ပြန်မှုများကို အယုံအကြည် ကင်းမဲ့နေကြသည့်အတွက် စိတ်ဝင်စားမှု နည်းပါးပြီး ထိရောက် သင့်သလောက် မထိရောက်ပေ။

ယခုအခါ ပြည်သူလူထုသည် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိရှိရေးအတွက် ပြည်ပအသံ လွှင့်ဌာနများမှ ထုတ်လွှင့်သည့် ရေဒီယို အသံလွှင့် အစီအစဉ်များကိုသာ ဂရုတစိုက် နားဆင်နေကြသည်ကို တွေ့ရသည်။ နအဖစစ်အုပ်စု၏ လိမ်ညာဖုံးကွယ် ထားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို နိုင်ငံတကာက သိရှိစေရန် အသံလွှင့်ဌာနများ မှတဆင့် အားကိုးတကြီး ရင်ဖွင့် ပြောဆိုလာကြသည်။ ထိုသို့ ပြည်ပအသံလွှင့်ဌာနများက ထုတ်လွှင့်သည့် အစီအစဉ်များအပေါ် ပြည်သူလူထုက ယုံကြည်ကိုးစားမှု မြင့်မားနေချိန်တွင် ပြည်သူလူထု အတွက် ထိပ်တန်း ပြဿနာတရပ်အဖြစ်ရောက်ရှိလာသည့် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ သတင်းထုတ်လွှင့်မှုများ၊ ကုသမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပညာပေးအစီအစဉ်များကို တတ်ကျွမ်းသည့် ပညာရှင်များနှင့် တိုင်ပင်ကာ တိုးမြှင့်တင်ဆက်နိုင်ပါက ရောဂါကူးစက်ပျံ့နှံ့မှု၊ ဖြစ်ပွားမှုတို့ကို ထိန်းချုပ်ရေးအတွက် များစွာ အထောက်အကူပြုမည်ဟု ယုံကြည်မိပါသည်။

ယခင်ကာလများက အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါနှင ပတ်သက်ပြီး ‘ကုရာနတ္ထိ ဆေးမရှိ’ ‘ရောဂါဖြစ်လျှင် မုချသေမည်’ ဟူသည့် ခြောက်လှန့်ဆောင်ပုဒ်များ၊ ‘ဘယ်သူမပြု မိမိမှု’ ဟူသည့် အပြစ်ဖို့ ဆောင်ပုဒ်များနှင့် သတိပေး လှုံ့ဆော်မှုများ ရှိခဲ့သည်။ သို့သော် ခြောက်လှန့် အပြစ်ဖို့သည့် ဆောင်ပုဒ်များသည် ဝေဒနာခံစား ရသူများအတွက် မျှော်လင့်ချက် မဲ့စေသည်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၏ စွန့်ပယ်မှုကို ပို၍ ခံရစေသည်။ ထိုသို့ ဖြစ်မှာကို တွေးကြောက်သည့်အတွက် သံသယရှိသူများ အနေနှင့် ဆေးစစ်မခံရဲကြတော့ခြင်းသည် ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲသည့် အကြောင်းအချက်တခု ဖြစ်သည်ဟု ပညာရှင်များက ပြန်လည် သုံးသပ်လာကြသည်။

ယခုအခါ အိပ်ခ်ျအိုင်ဗွီ ပိုးပွှားများမှုကို ထိရောက်စွာ တားဆီးနိုင်သည့် အေအာရ်ဗွီ ဆေးဝါးများ ပေါ်ပေါက် လာခြင်းသည် အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရသူများ အတွက် များစွာ အားတက်မှုဖြစ်စေပါသည်။ ထိုအေအာရ်ဗွီ ကုထုံးနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံးကြီးမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်စန်းက “ထိုကုထုံး၏ အာနိသင်ကြောင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသော လူပေါင်းများစွာသည် အချိန်မတန်ခင် စောစီးစွာ သေဆုံးခြင်း မရှိကြတော့ဘဲ လူ့သက်တမ်းကို နှစ်ပေါင်းများစွာ ဆွဲဆန့် လာနိုင်ခဲ့ကြပါသည်။ လူမှုဘ၀ ပတ်ဝန်းကျင်တွင်လည်း သာမန်လူတယောက်နီးပါး သွားလာ လှုပ်ရှားနိုင်ပြီး မိမိ၏ အသက်မွေးဝမ်းကျောင်း အလုပ်ကို ပြန်လည် လုပ်ကိုင်နိုင်သူများလည်း များစွာရှိရုံမက မိမိဝါသနာပါရာ အားကစားများကိုပင် ပြန်လည် ကစားနိုင်သူများ ရှိလာခဲ့ကြသည်။ ထို့ကြောင့် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါသည် ‘ကုရာနတ္ထိ ဆေးမရှိ’ မဟုတ်တော့ဘဲ စနစ်တကျ ဆေးဝါးကုသမှုကို ခံယူပါက သက်တမ်းစေ့ အသက်ရှည်စေနိုင်သော ဆီးချို၊ သွေးတိုး ရောဂါများကဲ့သို့ နာတာရှည်ရောဂါအဖြစ် ပြောင်းလဲ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်” ဟု သူ၏ ‘ခုခံအားကျဆင်းမှု ရောဂါကို ကုသခြင်း’ ဆောင်းပါးတွင် ထည့်သွင်း ရေးသားခဲ့ပါသည်။ ထိုသို့ မျှော်လင့်ချက် ရောင်ခြည်သန်းသည့် တိုးတက်မှုများ ရှိလာသည်ကို ပြည်သူလူထု သိရှိအောင် လှုံဆော် အသိပေးဖို့ လိုပါသည်။ သို့မှသာ မိမိတွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိမည်လားဟု သံသယ ရှိနေသူများက စနစ်တကျ ဆေးစစ်၊ ဆေးကုသမှု ခံယူလာကြပြီး သူတပါးကို ထပ်မံ ကူးစက်စေခြင်း မရှိအောင်လည်း နှစ်သိမ့်ဆွေးနွေး ပညာပေးနိုင်မည် ဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင် ယခုအခါ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ပြည်သူလူထုကို (၁၈) နှစ်ကျော်ကြာ ဖိနှိပ် အုပ်ချုပ်နေသော နအဖစစ်အုပ်စုကို ဖယ်ရှားပြီး ဒီမိုကရေစီစနစ် ထွန်ကားလာစေရန် အလျင် အမြန် လုပ်ဆောင်ဖို့ လိုအပ်သကဲ့သို့ နအဖနှင့်အပြိုင် ဖိစီးနှိပ်စက်နေသော အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရော ဂါဆိုးကြီးကိုလည်း အမျိုးသားရေး အသိရှိရှိဖြင့် ၀ိုင်းဝန်းကာကွယ် ထိန်းချုပ်ရန် အရေးတကြီး လိုအပ်နေပေသည်။ ထိုသို့လုပ်ဆောင်ရာတွင် မီဒီယာများ၏ အခန်းကဏ္ဍသည် များစွာ အရေးပါပါသည်။ ထို့အတွက် ‘ကျနော်တို့လည်း တာဝန်ရှိပါသည် ၀ိုင်းဝန်းကာ ကူညီ၊ ကျမတို့လည်း တာဝန်ရှိပါသည် ၀ိုင်းဝန်းကာ ကူညီ’ ဟူသော သီချင်းစာသားလေးနှင့် မြန်မာပြည် အနာဂတ်အကျိုး မျှော်ကိုးပြီး မီဒီယာ အပေါင်းအား တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ

No comments: