မြားကြီး
ဒီနှစ် အကယ်ဒမီဆုပေးပွဲကို စစ်အာဏာရူးတွေ သေပြီအော်မယ့် နေပြည်တော်မှာ ပြောင်းရွှေ့ ကျင်းပမယ် ဆိုတဲ့ သတင်းဖတ်ရတော့ မြားကြီး ပြည်တွင်းမှာ ရှိစဉ်အခါက တက်ဖြစ်ခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲတွေ အကြောင်းကို ပြန်ပြောင်း သတိရမိလေရဲ့။ နအဖခေတ်မှာ အကယ်ဒမီဆု ရဖို့ဆိုတာက အနုပညာ အရည်အသွေး တခုတည်း ကောင်းရုံနဲ့ မရဘူးခင်ဗျ။ သူတို့ အကယ်ဒမီပေးမယ့် သရုပ်ဆောင်ဟာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြ၀တီရုပ်မြင်သံကြားမှာ လိမ်ညာ ၀ါဒဖြန့်တဲ့ နအဖ ပေါ်လစီကားတွေမှာ ပါဝင် သရုပ်ဆောင်ပေးခြင်း ရှိ၊ မရှိဆိုတဲ့ အပေါ်မှာလည်း လျှို့ဝှက် အမှတ်ပေးတယ်တဲ့ ခင်ဗျ။ ပေါ်လစီ ကားတွေကို သရုပ်ဆောင်ပေးဖို့ ရှောင်လင်သိုင်းကပြီး မသိချင်ယောင် ဆောင်နေလို့ ကတော့ သေလောက်အောင် အနုပညာ ကောင်းနေပစေ၊ အကယ်ဒမီ မရနိုင်ဘူးခင်ဗျ။ နောက်ပြီး အကဲဖြတ်လူကြီး (ဗိုလ်ချုပ်၊ ဗိုလ်မှူး)တွေရဲ့ အိမ်ကို နောက်ဖေးပေါက်က တက်ပြီး ဘာတွေပေးထားပြီးပြီလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်တဲ့ ခင်ဗျ။ ဒါလည်း တမှတ်ပေါ့။
အဲဒီလို အခြေအနေတွေကြောင့် ၈၈ အရေးအခင်းမှာတုန်းက ရဲရဲတောက်ခဲ့တဲ့ အနုပညာသည်တွေလည်း နောက်ဆုံးမှာ တင်းမခံနိုင်တော့ဘဲ ပေါ်လစီကားတွေ ရိုက်ပေး၊ အကဲဖြတ်လူကြီး ဆိုသူတွေဆီ သွားပြီးတော့လည်း ဟဲ ဟဲ ဟဲ ဟဲ နဲ့ သွားဖြဲပြရတာပေါ့။ ဒါမှ နအဖ ဖိနှိပ်မှုအောက်မှာ အနေချောင်ပြီး အကယ်ဒမီလေး ဘာလေးနဲ့ သူကောင်းပြု ခံရမှာကိုး။ ဒီလောက် ရက်စက်ကြမ်းကြုတ်ပြီး မျက်နှာပြောင်တိုက် အုပ်ချုပ်နေတဲ့ နအဖ လူလိမ်တွေကို မဆန့်ကျင်ရဲတာ ဘာမှ မပြောလိုပေမယ့် အမြီးနှံ့ပြီး သူကောင်းပြု ခံချင်သူတွေ ရှိနေတာကိုတော့ မြားကြီး အံ့သြမိပါရဲ့။ သူကောင်းပြု ခံချင်သူတွေ များလား မများလား၊ အကယ်ဒမီ ရွှေစင်ရုပ်ဆုကို အလှည့်ကျပေးရတဲ့ အဖြစ်ကိုသာ ကြည့်ပေတော့။ နောက်ဆုံးမှာ ‘ရကားရ၏ တန်ဘိုးမရှိ’တဲ့ အကယ်ဒမီဆုရှင်တွေသာ များလာပြီး ရုပ်ရှင်ကားတွေကို အားပေးမယ့် ပရိသတ်ကလည်း ‘ပြကားပြ၏ ကြည့်သူမရှိ’ ဖြစ်ကုန်တော့တာပေါ့။ လူတွေ ဆင်းရဲမွဲတေပြီး ငတ်နေတာလည်း ပါတာပေါ့လေ။
အဲဒီလို ဘုံးပေါလအော အကယ်ဒမီဆုရှင်တွေအကြောင်း တောင်တောင်အီအီ စဉ်းစားရင်း မြားကြီး တက်ဖြစ်ခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲတခုကို သွားသတိရမိလေရဲ့။ အဲဒီဆုပေးပွဲမှာ အဖားလွန်ပြီး အရှက်ရသွားရရှာတဲ့ အ ကယ်ဒမီဆုရှင် တဦးကို တွေ့ခဲ့ရလို့ပါ။ သူကတော့ ‘သူ့ကျွန်မခံပြီ’ ရုပ်ရှင်ကားနဲ့ အကယ်ဒမီရတဲ့ နိုင်ငံကျော် ၀ါရင့်ရုပ် ရှင်မင်းသားကြီး ဦးညွန့်ဝင်းပါပဲ။ ဦးညွန့်ဝင်းဟာ အကယ်ဒမီဆုယူအပြီး ကျေးဇူးတင်စကား တက်ပြောတဲ့အခါ ဂေါက်သွားလို့ပဲလား၊ အရမ်းကာရော ဖားချင်လွန်းလို့ပဲလား မသိ (စင်ရှေ့တည့်တည့်မှာလည်း အဲဒီအချိန်တုန်းက နအဖ မင်းသားလေး အခုတော့ ဆိုင်းငံ့ ထောင်နန်းစံလေး ဗိုလ်ခင်ညွန့်က ထိုင်နေတာကိုး)။
ပြောရင်းဆိုရင်းဗျာ ဘယ်လို ဗွေဖောက်သွားတယ်မသိ။ ပရိသတ်တွေကို ဦးညွန့်ဝင်းက သူတိုင်ပေးတာကို နောက်က လိုက်အော်ကြဖို့ မေတ္တာရပ်ခံလိုက်တယ်။ ပြီးတော့ ‘သူ့ကျွန်မခံပြီ … သူ့ကျွန်မခံပြီ’ ဆိုပြီး လက်သီးလက်မောင်းတန်းကာ တယောက်တည်း အတင်းကုန်းအော်နေတော့တယ်။ သူကတော့ နအဖ လူကြီးမင်းတွေ ကြိုက်အောင်ဆိုပြီး မကြီးမငယ်နဲ့ ကြုံကြိုက်တုန်း အမိအရ ဖားလိုက်တာပါပဲ။ ဒါပေမယ့် သူအော်တဲ့ နောက်က ဘယ်သူမှ လိုက်မအော်ကြဘဲ ‘ဟေး’ ဆိုတဲ့ လှောင်ရယ်သံကြီးသာ ပြိုင်တူထွက်လာတော့ ဦးညွန့်ဝင်းလည်း ရှက်ရှက်နဲ့ စင်ပေါ်က ဆင်းပြေးရတော့တာပေါ့။ သူစင်ပေါ်က ဆင်းသွားတဲ့အထိ ပရိသတ်ရဲ့လှောင်ရယ်သံက မရပ်သေးဘဲ တဟေးဟေး တဟားဟားနဲ့ ဆူညံနေလေရဲ့။
အဲဒီလိုနဲ့ ဆုပေးပွဲပြီးရော ဆိုပါတော့။ မြားကြီးလည်း ရုံအပြင် ပြန်ထွက်ဖို့ အ၀င်ဝမှာ တိုးကြိတ်နေမိတယ်။ တိုးရင်းကြိတ်ရင်း လူအုပ်ကြီးထဲက အမျိုးသမီးတဦးရဲ့ အသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီး ၀ါးကနဲ ရယ်သံကြီးပါ သံပြိုင်ထွက်ပေါ်လာတယ်။ အဲဒီအမျိုးသမီး ပြောလိုက်တာကတော့ ‘ညွန့်ဝင်းကလည်း ဟယ်၊ ဖားတာ ကြည့်မဖားဘူး၊ ဟိုမှာထိုင်နေတဲ့ ခင်ညွန့်တောင် သူအော်ခိုင်းတာ လိုက်မအော်ဘူး’တဲ့။
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
Thursday, November 29, 2007
အဖားမတော် တခွန်း
Subscribe to:
Post Comments (Atom)
1 comment:
အဟားဟား အဲဒီအကယ်ဒမီပွဲတောင် မကြည့်ဖြစ်လိုက်ပါဘူး .. ။ ကောင်းတယ် ကျပ်ကျပ်ဖားတော့ အဲလိုကွဲမှာပေါ့ :)
Post a Comment