ဒေါက်တာလွဏ်းဆွေ
ဆောင်းပါးအမှတ်(၁)မှာ နအဖစစ်အစိုးရရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းဖြစ်တဲ့ စာပေစိစစ်ရေးရုံးရဲ့ ဖွဲ့စည်းပုံအ ကြောင်းကို အသေးစိတ် ရေးပြပြီးတဲ့နောက် အခုလမှာတော့ စာပေစိစစ်ရေးရုံးရဲ့ ဆင်ဆာဖြတ်ပုံ ဖြတ်နည်းတွေ အကြောင်းကို ရေးပြပါမယ်။ စာပေစိစစ်ရေးရုံးဟာ နအဖလက်ထက်ကျမှ ပေါ်ထွန်းလာတဲ့ ဌာနမဟုတ်ပါဘူး။ အာ ဏာရှင်ဗိုလ်နေ၀င်း အုပ်စိုးခဲ့တဲ့ မဆလခေတ် ကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် မဆလခေတ်တုန်းက စာပေစိစစ် ရေးရုံးဆိုတာကို ပြည်တွင်းကရော နိုင်ငံတကာကပါ အခုလို သတိထားမိတာမျိုး မရှိသေးဘူး။ ဘာဖြစ်လို့လဲဆို တော့ မဆလ ခေတ်တုန်းက နိုင်ငံရေးဆိုင်ရာ စာအုပ်စာတမ်းတွေကလွဲရင် အခုလို ဘက်ပေါင်းစုံကို ဆိုးဆိုးဝါးဝါး ဆင်ဆာ ဖြတ်တောက်တာမျိုး မရှိသေးလို့ဘဲ ဖြစ်တယ်။
အဲဒီတုန်းက မဂ္ဂဇင်းထုတ်ဝေသူတွေကို ကုန်သွယ်ရေး ၀န်ကြီးဌာနက နော်ဝေစက္ကူတွေ၊ ပုံနှိပ်မှင်တွေ လစဉ် အစိုးရဈေးနဲ့ ထုတ်ပေးတယ်။ စာအုပ်ထွက်တဲ့အခါမှာ ထုတ်ပေးတဲ့စက္ကူနဲ့ ကိုက်မကိုက် စာပေစိစစ်ရေးရုံးကို သွားရောက် အစစ်ဆေး ခံရတာမျိုးလောက်ပဲ ရှိတယ်။ မဆလခေတ်ရဲ့ ဆင်ဆာ ဖြတ်တောက်မှုဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ခါနီး အချိန်လောက်ကျမှ စတင် တင်းကျပ်လာတာကို တွေ့ရတယ်။ အဲဒီအချိန် လောက်ကစပြီး မဂ္ဂဇင်းတွေမှာ ဆင်ဆာဖြတ်ထားတဲ့ စာပိုဒ်တွေကို ငွေမှင်တွေနဲ့ ပိတ်ထားတာမျိုးတွေ မကြာခဏ တွေ့လာရတယ်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို လက်နက် အားကိုးနဲ့ နှိမ်နင်းပြီး န၀တ စစ်အုပ်စု တက်လာတဲ့ အခါမှာတော့ စာပေစိစစ်ရေးရုံးရဲ့ ဆင်ဆာဖြတ်တောက်မှုဟာ တစတစ ပိုမိုဆိုးဝါး လာခဲ့ပါတယ်။ အခုနောက်ဆုံး န၀တကို အရေခွံလဲထားတဲ့ နအဖ လက်ထက်မှာတော့ ဆိုးဆိုး ၀ါးဝါး ဆင်ဆာ ဖြတ်တောက်တာတွေ အပြင် အာဏာနဲ့ ခြိမ်းခြောက် အနိုင်ကျင့်တာ မျိုးတွေအထိ လုပ်ဆောင်လာတာကို တွေ့မြင်ရပါတော့တယ်။
ဆင်ဆာဖြတ်တောက်မှုကို ပြင်ဆင်ခိုင်းပုံအမျိုးမျိုး
မဆလခေတ်နဲ့ န၀တခေတ် အစောပိုင်း ကာလတွေမှာတော့ ဆင်ဆာဖြတ်တောက်တဲ့ စာကြောင်း၊ စာပိုဒ်တွေကို ငွေမှင်နဲ့ အုပ်ပြီး ဖတ်လို့မရအောင် ပိတ်ခိုင်းပါတယ်။ ဒါပေမယ့် စာဖတ် ပရိသတ်တွေက ပိတ်ထားတဲ့ ငွေမှင်တွေကို ရေနံဆီ (သို့) ဓာတ်ဆီနဲ့ ဖျက်ပြီး ဖတ်ကြတာကို စာပေစိစစ်ရေးရုံးက သိသွားတဲ့ နောက်ပိုင်းမှာတော့ ငွေမှင်နဲ့ ပိတ်တာကို လက်မခံတော့ဘဲ မှင်အနက် လေးထောင့်ကွက်တွေနဲ့ စာကြောင်း၊ စာပိုဒ်တွေကို ပိတ်ခိုင်းပါတယ်။ အဲဒီလို မှင်အနက်နဲ့ ပိတ်တာကိုလည်း နောက်ပိုင်းမှာ လက်မခံတော့ဘဲ ပိတ်ခိုင်းတဲ့ စာကြောင်း၊ စာပိုဒ်နေရာတွေကို ကွက်လပ်တွေ ထားခိုင်းပါတယ်။ ဒါပေမယ့် မှင်အနက်နဲ့ ပိတ်တာ၊ ကွက်လပ် ထားတာတွေဟာ သူတို့ ဆင်ဆာဖြတ်ကြောင်းကို ပြည်တွင်းကိုရော နိုင်ငံတကာကိုပါ မြင်သာစေတယ် ဆိုပြီး အဲဒီလို ပိတ်တာကို လက်မခံတော့ပြန်ပါဘူး။
အခုနောက်ဆုံး အခြေအနေမှာတော့ ဆင်ဆာ ဖြတ်တောက်တဲ့ စာကြောင်း၊ စာပိုဒ်တွေကို ဖြုတ်ပြီးရင် ကျန်တဲ့စာတွေကို တဆက်တည်းဖြစ်အောင် ပြန်စီခိုင်းပါတယ်။ အဲဒီလို ပြင်ဆင်ခိုင်းတဲ့ အတွက် ဒီဇိုင်းအထားအသိုတွေ အသစ်ပြန်လုပ်ရတယ်၊ ပုံနှိပ်စက်တင်ဖို့ ဖလင်အသစ် ပြန်ရိုက်ရတယ်။ နောက်ပြီး ဆောင်းပါးတွေ၊ ၀တ္ထုတွေကို တပုဒ်လုံး ဖြုတ်ခိုင်းတာတွေလည်း မကြာခဏ ကြုံရပါတယ်။ အစောပိုင်းမှာတော့ အဲဒီလို တပုဒ်လုံး ဖြုတ်ခိုင်းရင် ဖြတ်ခိုင်းတဲ့ ဆောင်းပါး (သို့) ၀တ္ထုစာမျက်နှာကို တပုဒ်လုံး ဆုတ်ဖြဲပြီး ဖြဲထားတဲ့ စာရွက်တွေ အားလုံးကို စာပေစိစစ်ရေးရုံးကို သွားပို့ရပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီလို ဆုတ်ဖြဲတာဟာ စာ မျက်နှာတွေ ကျော်ကုန်တဲ့အတွက် သူတို့ဆင်ဆာဖြတ်တာကို မြင်သာစေတယ်ဆိုပြီး လက်မခံတော့ပြန်ပါဘူး။
အဲဒီနည်းအစား ဖြုတ်ခိုင်းတ ဆောင်းပါး (သို့) ၀တ္ထုစာမျက်နှာတွေ နေရာမှာ ကြော်ငြာ (သို့) အခြားစာတပုဒ် သွားပြပြီး အစားထိုး ပုံနှိပ်ပေးရပါတယ်။ အဲဒီလို အမျိုးမျိုး ဒုက္ခပေးနေတဲ့အတွက် မဂ္ဂဇင်း၊ ဂျာနယ်ထုတ်တဲ့ သူတွေဟာ လစဉ် (သို့) အပတ်စဉ် အရူးလင်လုပ်ရသလို ဖြစ်နေပြီး အချိန်ကုန်၊ ငွေကုန်၊ လူပန်းနဲ့ ဖတ်ဖတ်မော ရပါတယ်။
ဆင်ဆာဖြတ်ပုံ ဖြတ်နည်းများ
ဆင်ဆာဖြတ်ပုံ ဖြတ်နည်းတွေကို ပြောရရင်တော့ ဘယ်လို အကြောင်းအရာတွေ မရေးရဘူး၊ ဘယ်လိုပုံ တွေ မထည့်ရဘူး၊ ဘယ်လို အသုံးအနှုန်းတွေ မသုံးရဘူးဆိုပြီး တိတိကျကျ ညွှန်ကြားချက် ထုတ်ပြန်ထားတာမျိုး မရှိ ဘူး။ အဓိကကတော့ ဆင်ဆာမူဝါဒရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘဲ ညွှန်ကြားရေးမှူး တယောက်ပြောင်းရင် မူ တမျိုး ပြောင်းတာပါပဲ။ အရင်ညွှန်ကြားရေးမှူး လက်ထက်က ထုတ်ဝေခွင့် မရတဲ့ စာအုပ်ကို နောက် ညွှန်ကြားရေးမှူး က ထုတ်ဝေခွင့် ပြန်ပေးတာမျိုးလည်း ရှိတယ်။ အဲဒီတော့ ညွှန်ကြားရေးမှူးရဲ့စိတ်ကသာ အခရာလို ဖြစ်နေတယ်။ သူနဲ့ အဆင်ပြေရင် ပြေသလို မပြေရင် မပြေသလို လုပ်ရကိုင်ရတာ အခက်အခဲ ရှိတတ်ပါတယ်။ ဥပမာ-လက်ရှိ ညွှန်ကြားရေးမှူးက ဆံပင်ဆေးဆိုးတာ မကြိုက်ဘူး၊ မိန်းကလေးတွေ အင်္ကျီလက်ပြတ် ၀တ်တာ၊ အင်္ကျီရင်ဘတ် ဟိုက်တာ၊ နားကွင်းကြီးကြီး ဆွဲတာ၊ ဂျင်းဘောင်းဘီ ၀တ်တာ မကြိုက်ဘူး၊ ယောင်္ကျားလေးတွေ ဆံပင်ရှည် ထားတာ၊ နားကွင်းဆွဲတာ မကြိုက်ဘူးဆိုရင် အဲဒီညွှန်ကြားရေးမှူး လက်ထက်မှာ အဲဒီလို ဓာတ်ပုံမျိုးတွေ ဖြုတ်ပေတော့ပဲ။
အဲသလို ဆင်ဆာမူဝါဒရယ်လို့ တိတိကျကျ ချမှတ်ထားတာ မရှိပေမယ့် ဘယ်ညွှန်ကြားရေးမှူး လက်ထက် မှာမဆို ခွင့်ပြုချက် မရနိုင်ဘူးလို့ မှန်းဆလို့ရတဲ့ အချက်တချိုတော့ ရှိပါတယ်။ အဲဒါတွေကတော့ …
(၁) နအဖစစ်အုပ်စု (သို့) အဖွဲ့ဝင်တွေကို တိုက်ရိုက သော်လည်းကောင်း၊ သွယ်ဝိုက်ပြီး သော်လည်းကောင်း ထိခိုက်စေမယ့် ရေးသားခြင်းများ၊
ဥပမာ- ၀တ္ထုတပုဒ်မှာ ဖြစ်စေ၊ ဆောင်းပါးတပုဒ်မှာ ဖြစ်စေ ဂျပန်ခေတ် အကြောင်းကို ဦးတည် ရေးသားပေမယ့် စာပေစိစစ်ရေးရုံးက နအဖခေတ်ကို သွယ်ဝိုက်ပြီး ရေးသားတာလို့ ယူဆရင် ဖြုတ်ခိုင်းပါတယ်။ ရွာတရွာ အ ကြောင်းကို အခြေတည်ပြီး ရေးသားပေမယ့် အဲဒါဟာ လက်ရှိ နအဖ အုပ်ချုပ်နေတဲ့ မြန်မာပြည် အကြောင်းကို သင်္ကေတ သဘောနဲ့ သွယ်ဝိုက် ရေးသားတာလို့ စာပေစိစစ်ရေးရုံးက ယူဆရင် ဖြုတ်ခိုင်းပါတယ်။ လူပုဂ္ဂိုလ် တဦးတယောက်ကို ဇာတ်ကောင်တည်ပြီး ရေးသားပေမယ့် ဒါ ဗိုလ်ချုပ်သန်းရွှေကို စောင်းမြောင်း ရေးထားတာလို့ စာပေစိစစ်ရေးအဖွဲ့က ယူဆရင် ဖြုတ်ခိုင်းပါတယ်။ ဘာမှ စောဒက တက်ခွင့် မပေးပါဘူး။
(၂) အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေထဲက လူသိများတဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေကို ထည့်သွင်း ရေးသားခြင်းများ၊
ဥပမာ- ၀တ္ထု၊ ဆောင်းပါးတွေထဲမှာ ဒေါ်စုကြည်၊ မင်းသုဝဏ်၊ မောင်သော်က၊ မာမာအေး၊ ၀င်းဖေ၊ တင်မိုး စတဲ့ လူသိများ ထင်ရှားတဲ့ အတိုက်အခံတွေရဲ့ နာမည်တွေပါရင် ဖြုတ်ခိုင်းပါတယ်။ မှတ်ပုံတင် ငှားရမ်းပြီး ထုတ်ဝေတဲ့ ဂျာနယ် တစောင်ဆိုရင် ဆောင်းပါးမှာ ကြေးမုံဦးသောင်း နာမည်ကို ထည့်သွင်း ရေးသားမိလို့ စာပေစိစစ်ရေးရုံးက မှတ်ပုံတင်ပိုင်ရှင်ကို လိုင်စင်ပြန်ယူခိုင်းပြီး ထုတ်ဝေသူနဲ့ အယ်ဒီတာ အဖွဲ့အသစ် ပြောင်းခိုင်းတာမျိုး ရှိခဲ့ပါတယ်။
(၃) သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အကြောင်းတွေကို ရေးသားတာမျိုး၊ ပြန်လည် ဖော် ပြတာ မျိုးတွေကိုလည်း ခွင့်ပြုတဲ့အခါ ခွင့်ပြုပေမယ့် ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့လည်း ဖြုတ်ခိုင်းချင် ဖြုတ်ခိုင်း တတ်ပါတယ်။
(၄) ပြည်တွင်းထဲက နိုင်ငံရေးအရ အရှိန်အ၀ါ ကြီးမားတဲ့၊ နအဖဘက်က မရပ်တည်တဲ့ လူထုဒေါ်အမာ၊ ဒဂုန်တာရာတို့လို ပုဂ္ဂိုလ်ကြီးတွေရဲ့ စာတွေကိုလည်း အမြဲလိုလို ဆင်ဆာဖြတ်မှု၊ အထူး စောင့်ကြည့် စစ် ဆေးမှုတွေ ရှိပါတယ်။
(၅) အင်္ဂလိပ်ခေတ်က အခေါ်အဝေါ်တွေဖြစ်တဲ့ နိုင်ငံအမည်၊ လမ်းနာမည်တွေ၊ မြို့နာမည်တွေ ဆိုရင်လည်း ဖြုတ်ခိုင်းပြီး နအဖ လက်ထက်ကျမှ အသစ်ပြောင်းထားတဲ့ နာမည်တွေနဲ့ အစားထိုး ရေးသားခိုင်းပါတယ်။
ဥပမာ- Burma ကို Myanmar ၊ ဘားလမ်းကို မဟာဗန္ဓုလပန်းခြံလမ်း၊ မေမြို့ကို ပြင်ဦးလွင် စသဖြင့် ပြင်ဆင် ရေးသားပေးရပါတယ်။ စာပေစိစစ်ရေးရုံးက အရာရှိတွေရဲ့ လှေနံဓားထစ် မူဝါဒနဲ့ ဆင်ဆာလုပ်မှုကြောင့် ကလောင်နာမည် (မေမြို့-မိုးကြည်) ကို (ပြင်ဦးလွင်-မိုးကြည်) ဆိုပြီး ပြင်ဆင် ပေးရတဲ့အထိ ဟာသမြောက်တဲ့ အဖြစ်အပျက်မျိုးနဲ့ ကြုံခဲ့ရပါတယ်။
(၆) ပြည်နယ်တွေရဲ့ နာမည်တွေ ရေးသား ဖော်ပြတဲ့အခါမှာလည်း ရှမ်းပြည်၊ ချင်းပြည်၊ ရခိုင်ပြည်ဆိုပြီး ရေးသား ဖော်ပြမိရင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်ဆိုပြီး ပြန်လည် ပြင်ဆင်ပေးရပါတယ်။ ဒီနေရာမှာလည်း စာပေစိစစ်ရေးရုံးက အရာရှိတွေရဲ့ လှေနံဓားထစ်မူနဲ့ ဆင်ဆာလုပ်မှုကြောင့် ကလောင်နာမည် မောင်လင်းယုန်(ရှမ်းပြည်)ကို မောင်လင်းယုန်(ရှမ်းပြည်နယ်) ဆိုပြီး ပြင်ဆင်ခိုင်းတဲ့ အထိ ဟာသမြောက်တဲ့ အဖြစ်အပျက်မျိုးလည်း ရှိခဲ့ပါတယ်။
(၇) နိုင်ငံရေးအရ နအဖစစ်အုပ်စုနဲ့ အထူး ပလဲနံပ သင့်နေတဲ့ နိုင်ငံ၊ အဖွဲ့အစည်း (ဥပမာ-တရုတ်၊ အာဆီယံ) တွေရဲ့အကြောင်းကို အဆိုးမြင်နဲ့ ဝေဖန်ရေးသားမယ်ဆိုရင်လည်း ဆင်ဆာဖြတ်ပါတယ်။
(၈) မတော်တဆမှု၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုတွေကြောင့် သေကြေပျက်စီး ဒုက္ခရောက်ရတဲ့ အကြောင်းတွေကိုလည်း အကျယ်တ၀င့် ရေးသားဖော်ပြခွင့် မပေးပါဘူး။
ဥပမာ- လေယာဉ် ပျက်ကျမှု၊ ရထား တိမ်းမှောက်မှု၊ ဆူနာမီ ငလျင် ရေလှိုင်းဒဏ်ကြောင့် သေကြေပျက်စီး ရမှု မျိုးတွေကို အကျယ်တ၀င့် ရေးသားခွင့် မပြုပါဘူး။ အများအားဖြင့် သတင်းတောင် ရေးသားခွင့် မပြုပါဘူး။
(၉) ၀တ္ထု၊ ဆောင်းပါးတွေထဲမှာ လူမှုဒုက္ခတွေ၊ ဆင်းရဲဒုက္ခရောက်တဲ့ အကြောင်းတွေ ထည့်သွင်းရေး သားရင်လည်း ဆင်ဆာဖြတ်ပါတယ်။
(၁၀) ၀န်ထမ်းလောကနဲ့ ဌာနဆိုင်ရာတွေရဲ့ အကျင့်ပျက် ခြစားမှုတွေ အကြောင်းကို ရေးသားရင်လည်း ဆင်ဆာဖြတ်ပါတယ်။
(၁၁) နအဖရဲ့ နိုင်ငံရေးအရ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ လုံးဝ ပြောဆိုရေးသားခွင့် မရှိပါဘူး။ ရှိခဲ့ရင် ထောင်ဒဏ်၊ သေဒဏ်တွေအထိ အပြစ်ပေး အရေးယူတာတွေ ရှိခဲ့ပါတယ်။
အခုဖော်ပြခဲ့တဲ့ အချက်တွေကတော့ ဘာမူမှ တိတိကျကျ မရှိတဲ့ စာပေစိစစ်ရေးရုံးရဲ့ သိသာထင်ရှားတဲ့ ဆင်ဆာဖြတ်မှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။ လာမယ့် ဆောင်းပါးမှာတော့ ဆင်ဆာဖြတ်မှုတွေအကြောင်း နောက်ဆက်တွဲနဲ့ အာဏာနဲ့ အနိုင်ကျင့် လုပ်ဆောင်ပုံတွေ အကြောင်းကို ဆက်လက် ရေးသားပါဦးမယ်။
(Mizzima ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
Tuesday, November 20, 2007
မြန်မာစစ်အာဏာရှင်တို့ရဲ့ စာပေကင်ပေတိုင် (၂)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment