Tuesday, November 20, 2007

မကိုက်ဘူးကွာ

ဂျင်ဂလိ

ဂျင်ဂလိတို့ တိုင်းပြည်မှာ ထုတ်ဝေတဲ့ နအဖပိုင် သတင်းစာတွေကို ပြည်သူတွေ အသုံးချပုံက တခြားဘယ် တိုင်းပြည်နဲ့မှ မတူဘူးလို့ ဂျင်ဂလိ ထင်မိတာပဲ။ တခြား တိုင်းပြည်တွေမှာ သတင်းစာတွေကို တိုင်းသူပြည်သားတွေ အငမ်းမရ ၀ယ်ယူကြတာဟာ သတင်းအဖြစ်အပျက်တွေ၊ သတင်းသုံးသပ်ချက် ဆောင်းပါးတွေ၊ အယ်ဒီတာ့ အာဘော်တွေ၊ အယ်ဒီတာ့ထံ ပေးစာတွေ၊ ထင်မြင်ယူဆချက် ဆောင်းပါးတွေကို တလေးတစား ဖတ်ချင်ကြလို့ပါ။ ဒါ့အပြင် သမိုင်းမှတ်တမ်း မှတ်ရာတွေအဖြစ် သေသေချာချာ သိမ်းဆည်းချင်လို့ ၀ယ်ဖတ်ကြတာလည်း ပါပါတယ်။

ဂျင်ဂလိတို့ မြန်မာပြည်မှာကျတော့ ပြည်သူတွေအနေနဲ့ နအဖက ထုတ်ဝေတဲ့ သတင်းစာတွေကို ၀ယ်ယူကြတာဟာ စီးပွားရေး ကြော်ငြာ၊ မင်္ဂလာဆောင် သတင်းနဲ့ နာရေး ကြော်ငြာတွေကို အဓိက ဖတ်ချင်လို့ပါ။ အဲ … ဖတ်ပြီးတာနဲ့ ချုံးကီးသူ ကီး၊ မုန့်ထုပ်သူ ထုပ်၊ အခင်းအနေနဲ့ ဖင်ခုထိုင်သူ ထိုင်၊ ဆေးလိပ် လိပ်သောက်သူ သောက်နဲ့ အဲသလို အသုံးချကြတာခင်ဗျ။ သူများ တိုင်းပြည်တွေမှာ တန်ဖိုးထားပုံနဲ့များ ကွာပါ့နော်။ အင်းလေ … ကွာမှာပေါ့။ နေ့ရှိသရွေ့ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ နအဖတအုပ်ရဲ့ ခပ်ပြောင်ပြောင် မျက်နှာတွေကိုပဲ အမြဲတွေ့နေရမှတော့ ပြည်သူတွေခမျာ ချုံးကီးချင်တာလည်း အပြစ်မဆိုသာဘူးလို့ ဂျင်ဂလိ တွေးမိရဲ့။ သတင်းတန်းဖိုး နည်းနည်းမှ မရှိတဲ့ သတင်းတွေနဲ့ အလိမ်အညာ အတင်းအဖျင်း ဆောင်းပါးတွေပဲ ဖော်ပြနေတာကိုး။

အဲ … သတင်းစာတွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေမှာ ဖတ်ရ၊ ကြားရတဲ့အခါတော့ ‘ပြည်သူ့ရဲ’ တဲ့၊ ‘ကူညီပါရစေ၊ ကူညီပါရစေခင်ဗျ’ တဲ့။ အပြင်မှာတော့ ပြည်သူတွေခမျာ အဲဒီရဲတွေ ကူညီမှာကိုပဲ လန့်နေရတဲ့ အခြေ ဆိုက်နေတယ် ခင်ဗျ။ ကံဆိုးမိုးမှောင်ကျပြီး အမှုအခင်းဖြစ်လို့ သူတို့နဲ့ သွားပတ်သက်ရပြီ ဆိုတာနဲ့ စိတ်အ လီလီ ဆင်းရဲပြီး အိမ်တိုင်ပါ ချွတ်ပေးရမယ့်ကိန်း ဆိုက်တော့တာပဲ။

နောက်ပြီး နအဖ သတင်းစာတွေမှာ မိုးမွှန်အောင် တွေ့ရမှာကတော့ ‘ပြည်သူ့တပ်မတော်’ ဆိုတဲ့ စကားလုံးပဲ ခင်ဗျ။ ပြည်သူတွေကို ဒီလောက် ဖိနှိပ်ရက်စက်နေတဲ့၊ ၁၉၉၀ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာ မလွှဲပေးဘဲ မျက်နှာပြောင်တိုက် လိမ်ညာနေတဲ့ သူတွေက ပြည့်သူတပ်မတော် ဖြစ်ချင်သေးသတဲ့ဗျာ။ အံ့ရော … အံ့ရော။ ဟိုဒင်း ပါးစပ်က နတ်စကား ထွက်ဆိုတဲ့ စကားပဲ နအဖနဲ့ အထိုက်တန်ဆုံး ဖြစ်မယ်ထင်ပါရဲ့။ ပြည်သူတွေ ကြားထဲမှာတော့ ‘ချဉ်ဖတ်တပ်မတော်’၊ ‘အော့ကြောလန်ရဲ’ ဆိုတဲ့ အသုံးအနှုန်းတွေသာ ပြောစမှတ် ဖြစ်နေလေရဲ့။ အဲဒါကြောင့်မို့လည်း ၈၈ အရေးအခင်း ဖြစ်ခဲ့တုန်းက အော့ကြောလန်ရဲတွေ အကောင်လိုက် မီးရှို့ခံခဲ့ရတာ ထင်ပါ့နော်။ ပြည်သူတွေကို ဒေါသဖြစ်အောင် လုပ်နေကြတာကိုး။

အဲ … ကြုံတုန်း အော့ကြောလန် ရဲတွေရဲ့ ဗိုလ်ကျပုံလေး တခုကို ပြောပြရဦးမယ်။ တမနက်မှာ ဂျင်ဂလိ စီးလာတဲ့ (၄၅)လိုင်း ဘတ်စ်ကားကြီးကို ‘ကူညီပါရစေ’ ဆိုတဲ့ လမ်းပြပုလိပ် နှစ်ဗွေက စိန်ဂျွန်း မှတ်တိုင်နားမှာ တား ပါလေရော။ ကားစပယ်ယာလေးက လှစ်ကနဲ ကားပေါ်က ခုန်ဆင်းပြီး ပုလိပ်နှစ်ယောက်ဆီ ပြေးသွားတယ်။ ဂျင်ဂ လိက ကားလည်း ယာဉ်ကြော မမှားပါဘဲ ဘာများ ကူညီမလို့ ပါလိမ့်လို့ စဉ်းစားခန်း ဖွင့်နေရင်း လှမ်းကြည့်လိုက် တော့ ပုလိပ်တယောက် လက်ထဲကို ပိုက်ဆံလိပ်ကလေး လက်သိပ်ထိုး ထည့်ပေးရင်း စပယ်ယာလေးနဲ့ ပုလိပ်နှစ် ယောက် စကားအချေအတင် ပြောနေကြတာကို တွေ့ရတယ်။ ခဏကြာမှ စပယ်ယာလေးက ကားပေါ်ပြေးတက် ရင်း ‘မောင်းဆရာရေ’ လို့ အော်ပြီး ဂျိန်းကနဲ တံခါး ဆောင့်ပိတ်လိုက်တယ်။ ကားဘီးလည်း စလိမ့်ရော ဒရိုက်ဘာ ဆီ အော်ပြောလိုက်တဲ့ စပယ်ယာလေးရဲ့ စကားသံကြောင့် ကားပေါ်ပါလာတဲ့ ခရီးသည်အားလုံး ၀ါးကနဲ ပွဲကျသွားတယ်။ ကားစပယ်ယာလေး အော်ပြော လိုက်တာကတော့ ‘ဆရာရေ့ … လက်ဖက်ရည်ဖိုး (၂၀၀)ပေးတာကို မကိုက်ဘူးကွာ လုပ်နေလို့ မနည်းတောင်းပန်ပြီး ပေးခဲ့ရတယ်။ ဘာတွေ အရင်းအနှီး စိုက်ထုတ်ထားရလို့ မကိုက်ရတာလဲ မသိပါဘူး။ မနက် စောစောစီးစီး ကွိုင်ပဲ’ တဲ့။ ကဲ … အဲသလို အသားလွတ် ဗိုလ်ကျနေတာတွေကို ကြည့်ရင် ‘ချဉ်ဖတ်တပ်မတော်’၊ ‘အော့ကြောလန်ရဲ’ လို့ ပြည်သူတွေ ပြောဆိုနေကြတာ မလွန်ဘူး ထင်ပါရဲ့နော်။

(စောလင်းကျော်၏ ပြောပြချက်ကို ဆင့်ပွားခံစားပါသည်။)

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်။)

No comments: