Wednesday, November 21, 2007

နာ သုံး နာ

မေမြန်မာ

ငါတို့ တိုင်းပြည်ကို အုပ်ချုပ်၊ မင်းလုပ်တဲ့ လူတသိုက်၊ ရိုင်းလိုက်တဲ့ ရာဇ၀င်၊ စာတင်လောက်ပါရဲ့။
ငါတို့ ပြည်သူ့မျက်နှာမထောက်၊ အမှန်တရားကို ပယ်ဖျောက်၊ အကြောက်တရားကို ကွယ်ဝှက်၊ အရှက် မရှိတာ၊ လူတကာသိ၊ တကမ္ဘာလုံးသိ။
ငါတို့ ပြည်သူအတွက် မကြည့်၊ မင်း အမျိုးတစု အတွက်သာ သိ။
ငါတို့ ပြည်သူကို မချစ်၊ ငါတို့  ဘာသာကို မချစ်။
ငါတို့ရဲ့ ဘုရားသားတော်တွေကို စော်ကား၊ ငါတို့ကျောင်းသားတွေကို ချေမှုန်း၊ အမျိုးတုံး၊ လက် စ,တုံး၊ သားသုံးသား ရှင်းလင်းရေး။
သွေးချင်းတူ လူမရွေး၊ သတ်ရဲ၊ ဖြတ်ရဲ၊ ရိုက်ရဲတာ သတ္တိလို့  ယူဆ၊ ခွေးလောက်မှ အသိဥာဏ်မရှိ။
ငါတို့ ပြည်သူတွေကို ဆင်းရဲတွင်းထဲ၊ နှစ်ပြီးရင်းနှစ်၊ နှစ်ရင်းနဲ့  နစ်၊ မင်းတို့ ကိုယ်တိုင် နစ်။
အတောမတတ်တဲ့  လက်နက်အားကိုး၊ လောဘ ဆိုးကြောင့်၊ ကိုယ်ကျိုး နည်း၊ ငါတို့ တိုင်းပြည် တခုလုံး မွဲ၊
ငါတို့ ပြည်သူတွေရဲ့ စိတ်ထဲ ကြိတ်ခဲ နာ
ငါတို့ ပြည်သူတွေရဲ့ ရင်ထဲ နာ
ငါတို့ ပြည်သူတွေရဲ့ အသည်းထဲ နာ
အဲဒီ နာ သုံး နာ အစချီတဲ့၊ မင်းတို့ အတွက် …
ငါတို့ ပြည်သူတွေရဲ့၊ ကမ္ဘာမကြေ တေးတပုဒ်ကိုဖြင့်၊ ရေးထုတ်ဖို့ အချိန်တန်ပြီ ။ ။

မေမြန်မာ (၂၀-၁၁-၂၀၀၇)

No comments: