Saturday, November 24, 2007

ပြည်သူ့အင်အား နိုင်ငံရေးနဲ့ အပြီးသတ် အောင်ပွဲ ဆင်နွှဲရမည်

လူတင့်

ဒီနေ့ နိုင်ငံရေးသည် အင်အားနိုင်ငံရေး ဖြစ်သည်။
မြန်မာပြည်၏ နိုင်ငံရေးသည် အင်အားနိုင်ငံရေးသာ ဖြစ်သည်။ ဤသို့ဆိုရခြင်းမှာ “မဲ” နိုင်ငံရေး၊ “ပါလီမန်” နိုင်ငံရေး၊ “ဥပဒေ” နိုင်ငံရေး၊ “အမျိုးသား”နိုင်ငံရေး မဟုတ်ဘဲ “အင်အား” နိုင်ငံရေးအဖြစ် လက်တွေ့ဘ၀ အဖြစ် အပျက်များက ပြဌာန်းလိုက်သောကြောင့်သာ ဖြစ်ပါသည်။ ထိုသို့ပြဌာန်းသူမှာ တခြားသူများမဟုတ် စစ်တပ်အင်အားဖြင့် ၁၉၆၂ ခုနှစ်မှစ၍ အရပ်သားအစိုးရ လက်ထဲမှ အာဏာသိမ်းယူခဲ့သော စစ်အာဏာရှင် များသာဖြစ်သည်။ သူတို့၏ အင်အားသုံး အနိုင်ကျင့်မှုများက ဤသို့သော အဓိပ္ပါယ်ကို အထင်အရှား ပြနေသောကြောင့် ဖြစ်သည်။

ဤသို့ပြသနေသည့်တိုင် တချို့သော သူတို့သည် သူတို့သန်ရာ သန်ရာဆွဲ၍ တခြားအကြောင်းအရာတို့အပေါ် အာရုံစိုက် စဉ်းစားနေကြပေသေးသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ထူးခြားပြောင်မြောက်သော သူများအဖြစ် ထင်နေကြသလား မပြောတတ်ပေ။

“အင်အား” နိုင်ငံရေးကို ယခုကြီးစိုးနေသော စစ်အာဏာရှင်သန်းရွှေ အောင်သောင်းဂိုဏ်းက ဖေါ်လှစ်ပြသ လိုက်ခြင်းအတွက် ကျွန်ုပ်တို့ဘက်က နိုင်ငံရေးအရ မြတ်သည်ကို သူတို့မမြင်ကြပေ။ သူတို့သည် စစ်တပ်သည်သာ လောက၌ အင်အားအကြီးဆုံး ဖြစ်သည်ဟု ထင်နေကြသူများဖြစ်သည်။ ကြွက်တို့သည် ကြောင်ကို အထင်ကြီးသကဲ့သို့ ဖြစ်နေကြသည်။ ပြည်သူသည် နိုင်ငံ၏ ခွန်အားဟု ပြောနေကြသော်လည်း တကယ် ယုံကြည်သူများ မဟုတ်ကြပေ။ ထိုကြောင့်ပင် စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက်ရန် မည်သို့မျှ မတွေးတတ်သူများ ဖြစ်နေကြပေသည်။ အပေးအယူ လုပ်ရန်သာ စိတ်ထက်သန် နေကြပေသည်။ “စေ့စပ်ပါ”၊ “ဆွေးနွေးရေး လမ်းမှတပါး တခြားမရှိ ”ဟု ပြောသူက ပြောသည်။ သူတို့သည် တော်လှန်ရေး၏ ပြင်းထန်ရက်စက်မှုကို ခံနေရသည့်တိုင် သူတို့၏ တရားသေကျသော သူတော်စဉ် အကျင့်မှ ရုန်းထွက်ရန် ခက်ခဲနေကြသူများ ဖြစ်ပါသည်။ ရဟန်းသံဃာများ ဆန္ဒပြခြင်းကို လမ်းညွှန်ချက်အဖြစ် သဘောပြီး ပြည်သူများက အောင်ပွဲရသည် အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားရမည်သာ ဖြစ်ပါသည်။

“အင်အား” နိုင်ငံရေး ဖြစ်လာခြင်းကြောင့် အင်အားအကြီးဆုံးသော သူကသာ နိုင်ရမည် ဖြစ်ပါတော့သည်။ သန်းရွှေ၊ အောင်သောင်းဂိုဏ်းသည် မြန်မာပြည်သူတို့ အထွတ်အမြတ်ထားသော သံဃာ၊ မည်သို့သော ယုတ်ကြမ်းမှုကိုမျှ မလုပ်တတ်သော သံဃာတို့ကို ခုတ်ထစ်သတ်ဖြတ် ပြလိုက်ခြင်းကြောင့် တိုင်းပြည်၏ အရေးပါသော သာသနာမဏ္ဍိုင်ကြီးသည် သူတို့ဘက်၌ ဆုံးရှုံးသွားခဲ့ပေပြီ။ ဥပဒေမဲ့ အင်အားသုံးခြင်းကြောင့် ပြည်သူများမှလည်း အင်အားသုံးရန်အမြင် ပြင်းပြင်းထန်ထန် ပေါ်လာနေတော့သည်။ ဤသည်မှာ အိပ်နေသော ခြင်္သေ့ကို နိုးထစေသကဲ့သို့ ဖြစ်ခဲ့ပေသည်။ ပြည်သူတို့ကသာ အင်အားကို အပြည့်အ၀ အသုံးချရန် လိုနေပါတော့ သည်။ မည်သို့သော ချွေးသိပ်မှု၊ အာရုံလွှဲပြောင်းမှု၊ အကောက်ကြံမှု တို့ကို နအဖက လုပ်လာသည့်တိုင် ပြည်သူများက အရေးမစိုက်ဘဲ“အင်အားသုံး တိုက်ခိုက်ရေး”ဟူသော လမ်းကိုသာ ခိုင်ခိုင်မာမာ ဖြောင့် ဖြောင့်တန်းတန်း လျှောက်ပါက စစ်အာဏာရှင် နအဖသည် ပြိုကျပျက်သုန်းသွားကာ ပြည်သူတွေ လိုလားသော အရပ်သားအစိုးရနှင့် ဒီမိုကရေစီစနစ်သည် မုချပေါ်လာပါလိမ့်မည် ။

ပြည်သူတို့သည် စစ်တပ်ထက် အားကြီးကြောင်း အမှန်တရားကိုလည်း ကမ္ဘာတခုလုံးအား ပြသရာရောက် ပေလိမ့်မည်။
ဤသို့ဖြစ်ရန်မှာ အင်္ဂလိပ်ကိုလိုနီ ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဖက်ဆစ်ဂျပန် တိုက်ဖျက်ရေးကာလ လှုပ်ရှားမှုများမှ နည်းနာများကို သုံးရန်အပြင် ယနေ့ရင်ဆိုင်နေရသော အမျိုးသားချင်း ဖိနှိပ်သူ စစ်အာဏာရှင်တို့ကို ဖိနှိပ်ခံ လူတန်းစား စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။ ကိုလိုနီခေတ် လွတ်လပ်ရေး လှုပ်ရှားမှုနှင့် ဖက်ဆစ်ဂျပန် တိုက်ဖျက်ရေး ကာလအတိုင်း မျိုးချစ်စိတ်လောက်ဖြင့် မရတော့သည်ကို အသေအချာ သိစေရပါမည်။ ဖိနှိပ်ခံ လူမျိုးစုံ သွေးစည်းရေးနှင့် လူတန်းစားတိုက်ပွဲတို့၏ ပြင်းထန်သည်းသန်မှု အကြောင်းများကို အလေးအနက် လေ့လာကျင့်သုံး ရပါလိမ့်မည်။ ဤနေရာတွင် အနီကြောက်ရောဂါ၊ အနက်ကြောက်ရောဂါတို့ ၀င်လာနိုင်သည်ကိုလည်း သိထားရမည်။ လယ်သမားစကားနှင့် ပြောရလျှင် ချိုထောင်၊ ချိုကုတ်အရေးမကြီး လှည်းဆွဲနိုင်ဖို့သာ အရေးကြီးသည် ဆိုသည်ကို ရှင်းလင်းစွာ သဘောပေါက်သင့်ပါသည်။

“အင်အား” နိုင်ငံရေးကွင်းသည် ပြည်သူတွေ နိုင်မည့်ကွင်း ဖြစ်သည်။ နအဖ စစ်အာဏာရှင် ဗိုလ်ချုပ်တို့သည် လက်တဆုပ်စာ သာရှိသည်။ သူ့နောက်တွင် နည်းလမ်းမမြင်၍ ရောယောင်လိုက်သူ လက်ပါးစေ တချို့သာရှိသည်။ ဖိနှိပ်ခံပြည်သူများ ဘက်တွင် သာမန်စစ်သားတွေကအစ၊ ဓနရှင်များ၊ ပညာတတ်များ၊ လက်လုပ်လက်စားများ၊ ၀န်ထမ်း များ၊ ဆင်းရဲသားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ၊မြောက်များစွာသော တိုင်းရင်းသားများ ပါဝင်ပါသည်။

ဤမျှ အင်အားများပြားသော အင်အားတို့သည် အင်အားကို အသုံးချလိုက်ပါက စစ်အာဏာရှင် နအဖအင်အားကို လုံးဝဖြိုချ ဖျက်သိမ်းနိုင်မည်သာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

လူတင့်
(၂၃ ၊ ၁၁ ၊ ၀၇)

No comments: