Saturday, November 24, 2007

ဘုရားသခင်၊ လိုအင်နတ်ဆိုးနှင့် ကျနော်၏ အတ္တ

ဘုရားသခင်၊ လိုအင်နတ်ဆိုးနှင့် ကျနော်၏ အတ္တ
ကိုမွှေး

ညက ဘုရားသခင်နဲ့
ငြင်းခုန်ခဲ့တယ် …
အင်တဲလီးဂျင့်ဒီဇိုင်း အကြောင်း
စထရွင်းသီအိုရီ အကြောင်း
ပယ်ရယ်လယ်ယူနီဗာ့စ်တွေ အကြောင်း
အာရုံမရောက်ခင် သူက စကားမစပ်
ကောက်ညှင်းပေါင်းတွေ ချကျွေးလို့
သားချော့တေး ဆိုနေတဲ့ အိမ်ယာမဲ့ အရူးမကြီးကို
တက်ဒီဘဲယားရုပ်လေး တရုပ်ပေး
လေကလေး ချွန်ရင်း
သူ့ ဂျင်းဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက် စုံနှိုက်လို့
ဆောင်းဆိုးကြီးကို နှင်းမိုးတွေ ချွေခိုင်းလိုက်တယ်…
ကျနော်ကတော့ ဆေးလိပ်တလိပ်နဲ့
အိပ်ပျက်ခံ နားထောင်တဲ့ ခွေးကို
သနားလို့ မေ့ဆေးတွေ ပေးခဲ့တယ်
ဒီလိုနဲ့ အဲဒီမြစ်ကြီးဘေးမှာ
ခဏတာ လမ်းခွဲခဲ့တာပေါ့…။

ဆွေးနွေးခဲ့ခြင်းတွေထဲမှာ
ဘုရားသခင်ဟာ သိဒ္ဓတ္ထရဲ့ မြစ်အကြောင်း
မိုဟာမက်ရဲ့ ဓားကောက်အကြောင်း
ဆော့ခရတ္တိရဲ့ အဆိပ်ခွက်အကြောင်း
တော်စတွိုင်းရဲ့ ပျားရေအကြောင်း
ကွန်ဖြူးရှပ်ရဲ့ ငါးမျှားနည်းအကြောင်း
ယေရှုရဲ့ သိုးတွေအကြောင်း
သားသေ လင်ဆုံးပြီး
အပြုံးနဲ့ အရယ်ကို မာန်နတ်ဆီမှာ နေ့ပြန်တိုးနဲ့ ဆုံးခဲ့တဲ့
အသက်ရွယ်ရွယ် မိန်းမတယောက်အကြောင်း
မင်းကောင်းကောင်း သိသလားလို့ …
ပဟေဠိတွေနဲ့ စပါတန်တွေဆီက သူငှားလာတဲ့ ဒိုင်းပေါ်မှာ
ပက်လက်လှန်၊ ခေါင်းအောက် လက်နှစ်ဖက်ခု
သူဖန်ဆင်းထားတဲ့ ကြယ်အတုတွေကို ခြေချိတ်လို့
ခပ်ဆိတ်ဆိတ် မေးခဲ့တယ်…။

အာမေဋိတ်တွေနဲ့ ကျနော်က
အိုးမိုင်ဂေါ့…ယောင်ယမ်း နှုတ်ဟ
တခုခုကို သတိရသွားချိန်
သူက ဆတ်ကနဲထ
ငါဒီမှာပါဟ…ဆိုပြီး သီချင်းလေး ညည်းရင်း
စစ်ဖြစ်နေတဲ့ လောကကြီးကို
လက်ညှိုးနဲ့ တောက်၊ စပျစ်သီးတထွေးကြီး ပါးစပ်ထဲထည့်
ဒူးခေါင်းလေး တလှုပ်လှုပ်နဲ့
ရုပ်သေးဆရာ တယောက်ကို
လက်ဖျောက်တီးပြီး ဖန်ဆင်းလိုက်တယ်
အဲဒီညက ရုပ်သေးပွဲမှာ လောကကြီးဟာ
အညံ့ဆုံးပရိသတ် အယုတ်ဆုံး ဗီလိန်
အငြိမ်ဆုံး သူတော်စင်အဖြစ် သရုပ်ဆောင်သွားတယ်။

ရုပ်သေးပွဲမှာ
တောအရက်တလုံး သောက်ခွင့်ပေးတဲ့အတွက်
ကျေးဇူးတော်ပါ …
အဲဒီမှာ…
ဘုရားသခင်က ဖြစ်ခွင့်တခု
ကြိုတင် သတ်မှတ်ချက်တွေနဲ့
ခဏတာ ဖြစ်ခွင့်ပေးမယ်တဲ့ …
ခင်မင်မှုအပေါ် ပါးပါးလေး အခွင့်ကောင်း ယူချင်စိတ်ကိုဖျောက်
မမက်လောက်ပါဘူးဆိုတဲ့ ဈေးဆစ်မှုတွေနဲ့
ကျနော်က ပြန်မေးတယ်….
ဘာလိုချင်လိုချင် ရမလား ကိုယ်တော်
သူက အလိုနော်…ငါ့နှယ်
ပေးပါတယ်ဆိုမှ လိုချင်တာယူ
ငါကြည်ဖြူတယ်ဆိုပြီး …
စန္ဒယားလာတီးပေးနေတဲ့
လူငယ်တယောက်ကို
တထောင်ခုနစ်ရာ ကိုးဆယ့်တခု
ခရစ္စမတ်လကြီးထဲ ပြန်သွားခိုင်းလိုက်တယ်
ကျနော့်ကိုလည်း စက်တင်ဘာနေ့ခင်းထဲ
မြားတစင်းလို ပစ်ချ
လိုသမျှ ဖြစ်စေတဲ့…
ကျနော်ဟာ နွယ်ကြိုးတွေအစား
အိမ်သာသုံး စက္ကူတွေကို ကျစ်လို့ 
မြို့လည်ခေါင်မှာ တာဇံဖြစ်သွားတယ်
စုတ်ချာချာ မုဆိုးများပစ်တဲ့ ကျည်ဆံတွေ
ဆင်တွေ ကျားတွေမရှိတဲ့ စေတီတွေကြားမှာ
ဘုရားသခင်ကို ပြန်မော့ကြည့်တော့
သူက တဟားဟားနဲ့ ကိုကြီးကျော်ကို
ကေအက်ဖ်စီ ကြက်ကြော်တွေ ကျွေးနေတယ်
အမေဂျမ်းကို လေဖြန်းစေတယ်
သန်းရွှေကိုတော့ ပန်းခွေတွေ ရွေးခိုင်းနေတယ်
ကိုမြမောင်ကြီးကတော့ ဘုန်းကြီးကျောင်း ကပ်စားတုန်း
ဦးကျောက်လုံးရယ်သံနဲ့ သံတမန်တွေကို
ကြွေပန်းကန်ထဲထည့် သံပုရာရည်ညှစ်
လျက်ဆားတွေ အတုံးလိုက် အတစ်လိုက်ပစ်လို့
ချောင်းဆိုးပျောက်ဆေး လုပ်သောက်ပစ်နေတယ် ။

ကျနော်က အာလာဒင်ရဲ့ မီးခွက်တလုံးကို
သုံးစွဲခွင့် ထပ်တောင်းမိပြန်တယ်
ဘုရားသခင်ကလည်း ပေးခဲ့တာပဲ
အဲဒီမှာတင် မီးခွက်စောင့် ဘီလူးက
အရူးတကောင်လို စစ်ဝတ်စုံထဲခုန်ချ
မီးခွက်သက်သက်ပဲ ကျနော့်လက်မှာရ
ညတွေကို ခပ်မှောင်မှောင်
ဟင်းခိုးစားမယ့် ကြောင်လို ဖြတ်သန်းခဲ့ရပြန်တယ်။

ကျနော်ဟာ အလံတလက် တောင်းလိုက်တယ်
ဘုရားသခင်ကလည်း ပေးခဲ့တာပဲ
အဲဒီအလံကို ခဲတံနဲ့ ဆွဲခဲ့တယ်
အရောင်အတွက် နှလုံးသွေးစက်တွေနဲ့
ပိတ်သားရိုက်ခဲ့တယ် ဥပ္ပါယ်တံမျဉ်နဲ့
တံဇဉ်တလက် ဖြုတ်ချခဲ့တယ်
ကြယ်တလုံးကို ခူးပေးခဲ့တယ်
တူတချောင်းနဲ့ ထောင်းကနဲ ထောင်းကနဲ
မောင်းကွဲကြီး နွားနင်းသလို ထုပေးခဲ့တယ်
ပြီးတော့ လူတယောက်နဲ့ မိတ်ဆက်ပေးသွားတယ်
ဘိလပ်က ဘိုးတော်
မုတ်ဆိတ်မွေးတွေ ပုဆိုးပေါ်ထိ ကျော်လောက်အောင်ရှည်တဲ့
ဆီညော်ကားလ်မာက့်စ် ဆိုတာ
စာကြည့်တိုက်ထဲက
လောကကို ခွဲစိတ်ကုသလိုသူ
ကျနော်က ချေးထူစွာ နှုတ်ဆက်ရင်း
ခပ်အူအူ အပြုံးနဲ့ ကတိတလုံးတော့ ပေးခဲ့တယ်။

ကျနော်ဟာ သူတော်စင် ဖြစ်ခွင့်ကို တောင်းခဲ့တယ်
သူကလည်း ပေးခဲ့တာပဲ
ပထမ ကျနော်ဟာ ဆံပင်တွေ ခါးပေါ်ရောက်တဲ့
ဟိမ၀န္တာက ဆာဒူးတယောက်ဖြစ်တယ်
ဟဲဗီးမက်တယ်တွေ နားထောင်ရင်း
ကျင့်စဉ်တွေကို မေ့မေ့လျော့လျော့ သီချင်းနဲ့ လဲမိလို့
တိဗက်သူတွေ ညှိုးငယ်ချိန်မှာ
အိမ်ပြန်လာခဲ့ရတယ်။

ကျနော်ဟာ ဇော်ဂျီတပါး ဖြစ်ခွင့်ကို တောင်းခဲ့တယ်
သူယောင်မယ်တွေ ဖန်ဆင်းဖို့
ကြိမ်လုံး တတို့တို့ ..
ဂမ္ဘီရ တလောကလုံး
အုံးအုံးကျွက်ကျွက် ဖြစ်လု
မော်ဒယ်နုနုတွေနဲ့ ကျီစယ်ရင်း
မင်းတုန်းမင်းနဲ့ ရန်ဖြစ်ခဲ့တယ်
အောင်ဇေယျနဲ့ နောင်ဂျိန်ချခဲ့တယ်။

ကျနော်ဟာ လူညာတယောက် ဖြစ်ခွင့်တောင်းခဲ့တယ်
ဗြုန်းဆို လူအုပ်ကြားထဲ
စပ်ဖြဲဖြဲနဲ့ …
ခပ်ရဲရဲ ရင်ကော့လို့ လူအုပ်ကြီးကို ကြည့်လိုက်တယ်
လက်အုပ်ချီထားတဲ့ လက်တွေဟာ ချွန်းအုပ်ထားတဲ့ ဆင်ရိုင်းတွေ
ဖြစ်နေကြတယ်…
ကျနော်ဟာ လော်စပီကာက ကျနော့်အသံ ပြန်ကြားရတယ်
ပြီးတော့ ကျနော်ဟာ မေးမြန်းသူတွေကို
သေးပန်းသူဖြစ်တဲ့ ခွေးဘ၀ ရောက်သွားပြန်တယ်
ဒါပေမယ့် ကမ္ဘာကြီးကို မျက်နှာပြောင်တိုက် လိမ်ရင်း
သန်းကိုက်လို့ တကိန်ကိန် လှဲအော်မိခဲ့တယ်။

ကျနော်ဟာ ဘုန်းကြီးတပါး ဖြစ်ခွင့်တောင်းခဲ့တယ်
အာနာပါန ကမ္မဌာန်း စီးဖြန်းပွားများ
အဘိဓမ္မာတရားတွေနဲ့ တညသား
ဗြုန်းစားကြီး ရင်ဘတ်ဓားထောက်
ခြေထောက်ကို ရိုက်ချိုး၊ အရိုးကို ရိုက်ခြေ
မြေကိုပြုတ်ကျ ခေါင်းခွံစတွေ အတွင်းကြေ
သံဗုဒ္ဓေ ရွတ်လာတဲ့ အမူးသမားတွေ
သေနတ်တကားကား ဒုတ်တလွှားလွှားနဲ့
သတ်သွားတာ ခံလိုက်ရတယ်။

နောက်ဆုံးမတော့
ကျနော်ဟာ ကျနော်ဖြစ်ခွင့်ကို ပြန်တောင်းခဲ့တယ်
ပြီးတော့ ကျနော်ချစ်တဲ့ ပုလဲပွင့်လေးနဲ့
ကျွန်းလေးတကျွန်း တောင်းခဲ့တယ်
အရန်အဖြစ် ပုလဲပုတီးတထောင်နဲ့
ဖွဲမီးလောင်သလို ခံစားလာရရင်
ဇွဲကြိုးချ ရှောင်ထွက်ဖို့ သူရဲဘောကြောင်ခွင့် တွေကိုလည်း တောင်းခဲ့တယ်
ဘုရားသခင်ဟာ
ဧ၀ဆီမှာ ကြံသကာတချပ် ထပ်တောင်းစားတယ်
ပြီးတော့ မာစီဒီးတစီးကို မောင်းသွားတယ်
ကျနော့်အတွက်တော့ မျက်မှန်နက်တလက်နဲ့
အရှက်တမြူကို မျက်နှာပူရင် နေကျော်ခံသောက်ဖို့ ပေးသွားခဲ့တယ်။

အဲဒီညက….
ပျောက်ဆုံးသွားရှာတဲ့ ကျောင်းသူမ ငယ်ငယ်လေးတွေ
လွတ်မြောက်ရေးအတွက် သေပေးတဲ့ ရဟန်းကောင်းတွေ
ထောင်ထဲက ကျောင်းသားတွေ တောထဲက ကျောင်းသားတွေနဲ့
စွန့်ဝံ့သူအားလုံးအကြောင်း တခွန်းမှ မပြောဖြစ်ခဲ့ဘူး…
ဟော … ဘုရားသခင် ဟွန်းတီးသွားလေရဲ့…။ ။

ကိုမွှေး

No comments: