Wednesday, November 21, 2007

မွေးနေ့ ည

သစ်ရွက်လေးတွေ ကြွေလို့
လေသားနုတွေ လျှောတိုက်လို့
ခြေသံဖွတွေ စည်းချက်ကျလို့
ငယ်တုန်းက… နွေညများ …။

နှင်းမပီ မြူလွှမ်းလို့
မှောင်ရီဆဲ အာရုံနု နံနက်ခင်းတို့
သူ့ခြုံလွှာ သူသိမ်းလို့
ခပ်စိမ်းစိမ်း ကျောခိုင်း
နံနက်ခင်း ပျိုရိုင်းခင်
နေမျှင်တွေ ရစ်ပတ်
ပြန်မရတတ်စကောင်း..
ငယ်တုန်းက ဆောင်းရက်များ …။

လင်ပစ်မ တယောက်
တဖျစ်တောက်တောက်
လောကကို အချဉ်ပေါက်
ပြောဆို… ညည်းညူ စိတ်ကျသလို
အဲဒီမိုးတွေ ညိုတတ်ပြိုတတ်
ခပ်အိုအို ငိုတတ်လှတဲ့
မိုးညများ …။

ဥတုရာသီတွေကတော့
ကပ္ပိယ ကိုမြမောင် အခါးရေတည်တုန်း
သူ့ကိုယ်သူ အငမ်းမရ မျိုတတ်တဲ့ ၀ါးမီးညွန့်တွေလို
တလူလူနဲ့ အမိအရ လုယက်သေဆုံးသွားကြ …။

ဒီကမ္ဘာကြီးမှာ တွက်ကိန်းနဲ့ 
ရွက်စိမ်းတွေ ချမ်းသာသူများ
စိမ်းမှောင်မှောင် ဘိန်းမှောင်ခိုများ
သူ့နည်းသူ့ဟန်နဲ့ ဖြစ်တည်နေလိုက်ကြတာ
မြို့ အ၀င်က ခြတောင်ပို့ကြီးကတောင်
ငုတ်တုတ် အလေးပြုနေလေရဲ့…။

ညောင်စောင့်နတ်ထံ
သားဆု မပန်ဘဲ
လူ့ပြည် စုတ်ချာချာထဲ
ဝင်လာခွင့် မရတဲ့
လူမသိသူမသိ ပဋိသန္ဓေများ၊
မိတ်ကပ်ခပ်ပါးပါး လိမ်းထားတဲ့ ယဉ်ကျေးမှု
ထွန်းကားထွားကျိုင်း ပဒေသရာဇ်ညဉ်နဲ့ ဆိုင်းဘုတ်များ၊
ဝတ်စုံညီ ထိုးထိုးထောင်ထောင်ထတဲ့
အဲဒီသချုင်္ံင်းမြေကြီးကလည်း စက္ကူနန်းတော်ကြီးဖြစ်လို့
မာနနဲ့ ရစ်မူးပြီး အရူးဘုံမြှောက်နေသပ…။

ရာဇဂြိုလ်ပြည်က
ဝါဆိုညတွေလို ဆိတ်ငြိမ် ပုံမှန်
ဥုံခံပြီး မန္တန်ရွတ်
လွတ်ဟေ့ဆိုပြီး စီရင်
ဥပ္ပါယ်တမျဉ်နဲ့
ယဉ်ကျေးမှုတွေ စိုက်ပျိုးဖို့
သဲကန္တာရတခု ခပ်ဖြေးဖြေး ခင်းကျင်းနေကြတာလဲ
ကြာပါပေါ့ …။

ရာသီတွေ မျိုသွားတဲ့
ငါ့ကိုယ်ငါတော့
အင်္ကျီအဟောင်းလေးတထည် ပေးဝတ်ရင်း
စောင်လေးကို ခင်း
သက်ပြင်းတွေကိုမှ စီးကရက်တစ်လိပ်လိုရှိုက်ဖွာ
ဒီတညတော့ သေလိုက်ပါဦးမယ်လေ
အစကတည်းကမှ မရှင်သန်တဲ့
ရုန်းကန်မှုတွေကို ၀န်းရံ လှုပ်နှိုးဖို့ …။ ။

ကိုမွှေး

No comments: