Wednesday, November 28, 2007
အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုကဗျာ
အဲဒီညကလေ … အမေ …။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမယ့် အသည်းကတော့ ကျင်နေတယ်
မခွဲချင်တာတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက် … အရာတော်
တောင်မြင့်
မှောင်နဲ့မည်းမည်းထဲမှာ
တနေရာပြီး တနေရာ ကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်း မရှိ
အိပ်ချင်စိတ်လည်း မရှိ
စဉ်းစားချင်တာပဲ ရှိပေမယ့်
ဘာမှစဉ်းစားလို့လည်း မပေါ်
သြော် … မြစ်ငယ်တောင် ကျော်သွားပါပေါ့လား …။
အဖေနဲ့ အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကို ခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာ မဟုတ်
သူရဲကောင်း ဖြစ်ချင်တာလည်း မဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာ မရှိလို့သာ
နားလည်ကြပါကွာ
အဖေနဲ့ အမေကို
ဂရုစိုက်ကြပါကွာ … လို့။
အဲဒီနောက်တော့ အမေရယ်
တောင်တွေ … တောတွေ
ချောင်းတွေ … အင်းတွေ
လွှားကနဲ လွှားကနဲ … တသွားထဲသွား
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင် ရေးမိသေးတယ်
အမေမှတ်မိမယ် ထင်ပါတယ် ….
“အနောက်ကို တချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်” ဆိုတာလေ
ပြက္ခဒိန် စာမျက်နှာတွေ
သက်ရွက်ခြောက်တွေလို
တဝေေ၀ လွင့်ကျ
နီသူတွေဖြူ … ဖြူသူတွေနီ
ဘ၀တွေ … ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော … ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင် တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လား အမေရယ် …။
အပါးမှာ အဖေလည်းမရှိ
ကျနော်တို့လည်း မရှိ
အမေချည့် တယောက်တည်း
မဟုတ်ဘူး လှေခွက်ချည်း မဟုတ်ဘူး
ပြည်သူတွေနဲ့ လက်တွဲလို့
သားမြေးသစ်တွေနဲ့ လက်တွဲလို့ အမယ်အို့ ခြေလှမ်းမို့
သူတို့လောက် မသွက်လည်း
၁၉၃၆တုန်းကလိုပဲ
ချီဆဲ တက်ဆဲ
အခုလည်း လက်တွန်းလှည်းနဲ့
ရဲရဲကြီး ချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ရတီ
အမေဆိုတဲ့ စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီး ပြောင်ခဲ့ရပါတယ် …။
အမေလည်း လှမ်း
ကျနော်လည်း လှမ်း
ဒီလမ်းကြီး တလျှောက်မှာ
မောတယ် တခွန်းမပြောပါဘူး
၉၀ ကျော်ကြီး နှုတ်က
တခွန်းပဲ ထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူ တွေးကြည့်ပါ
“ငါ့သား ကျန်းမာအောင်နေ
အမေလည်း ကျန်းမာအောင်နေတယ်” တဲ့။
ဖိုးသံ (လူထု)
၁၃၀၀ရတီ = ၁၃၀၀ပြည့် မျိုးဆက်ကို ညွှန်းတာပါ။
(ငုရင်ပြင်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment