Wednesday, November 28, 2007

အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုဆောင်းပါး

ကိုးဆယ်ကျော် အဖွားကို အားနာမိရဲ့
ကိုမွှေး

အဖွားလူထုဒေါ်အမာ … ဆိုသော အမြဲတမ်း အပြုံးနဲ့ အားမပျက် တရားတဖက်နဲ့ အဖွားအိုတယောက် …။
ကိုယ်တိုင်က အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအဆက်ဆက်မှာ မခိုမကပ် တိုင်းပြည်တာဝန်ကျေခဲ့တဲ့
အဖွား …။ အဖွားနဲ့ အဖိုးတို့က ပေါက်ဖွားထွန်းကားလာတဲ့ သားသမီးများဆိုလည်း ယခုထိ အရိုးကြေကြေ အရေခန်းခန်း တိုင်းပြည်နဲ့ လူမျိုးအတွက် ဦးမညွှတ် ဒူးမထောက် သွေးမပျက်တမ်း လွတ်မြောက်ရေးတိုက်ပွဲကို ဆက်လက် တိုက်ခိုက်နေဆဲ အတွေးအခေါ်တွေ ယိမ်းယိုင်မှေးမှိန် သေးသိမ်မသွားခဲ့ကြဘူး…။

ကျနော်တို့ ငယ်တုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ အဖွားတို့ အဖိုးတို့ စာတွေ၊ ဆရာကြီးရွှေဥဒေါင်း ဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင် ဆရာမကြီး ဂျာနယ်ကျော်မမလေးတို့ စာတွေ၊ ဆရာကြီးဇော်ဂျီ ဆရာကြီးမင်းသုဝဏ်တို့ စာတွေ၊ ဆရာကြီးဒဂုန်တာရာ ဆရာကြီးဗန်းမော်တင်အောင် ဆရာကြီးမြသန်းတင့် ဆရာကြီး ဒေါက်တာသန်းထွန်းတို့ စာတွေ၊ ဆရာကြီးဒဂုန်ရွှေမျှား ဖွားဖွားဒေါ်ခင်မျိုးချစ်တို့ စာတွေ၊ ဆရာမကြီးခင်နှင်းယု ဆရာကြီးသော်တာဆွေ ဆရာဂျမ်း(ဆရာကြီးဦးတင်မိုး)တို့ စာတွေနဲ့ လက်လှမ်းမှီသမျှ ဖတ်ရင်း ကြီးပြင်းခဲ့ရတဲ့ အကျိုးကျေးဇူးနဲ့ အမှားအမှန်ကို ရဲရဲပြောနိုင်လာတဲ့ စိတ်ကလေး ရရှိလာခဲ့ရပါတယ်… ဘယ်အချိန် အသတ်ခံရမလဲတော့ မသိသေးပါဘူး ..၊ ရွာတောင်ကျောင်းက ဆရာတော်ကတော့ ပြောခဲ့ဖူးပါရဲ့။ ဥပစ္ဆေတကကံနဲ့ ကံမကုန်နိုင်ပါကြောင်း ..ဘယ်လောက်အထိ မှန်မည်တော့မသိ…။

အဖွားရေ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှအစချီလို့ … ယနေ့ဖြစ်ပေါ်ပျက်စီးနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေတွေကို တွေ့မြင်ဖြတ်သန်းလာခဲ့တဲ့ အဖွားမှာ ပြောစရာတွေ မောတာတွေ စိတ်ပျက်စရာတွေ မယုံနိုင်ဖွယ်တွေ တွေ့ကြုံ မြင်တွေ့ ရင်ဆိုင်ခဲ့ရပေမယ့် ရပ်တည်ချက်မပျက် စိတ်ဓာတ်ခေါင်းပါး ပြောင်းလဲသွားခြင်းမရှိဘဲ တိုင်းချစ်ပြည်ချစ် တယောက်အနေနဲ့ ရင်ဆိုင်ဖြတ်သန်း တည်ငြိမ်ရဲရင့်လာခဲ့တာဟာ ခုဆို ကိုးဆယ့်နှစ်နှစ်တောင်မှ ရှိလာခဲ့ပြီ အဖွားရေ…။ ကျနော်တို့မှာတော့ ဘယ်လောက်အထိ ဆက်ဖြတ်သန်းကြရမယ် မသိသေးဘူး။

----- ----- -----

ကျနော့်စိတ်ကူးထဲတွင် မန္တလေးမြို့က စာအုပ်ဆိုင်လေးတခုအား မြင်ယောင်လာ၏။ ကျုံးရေရိပ်တွင် ဟပ်ထင်နေသော နန်းမြို့ရိုး ၊ ပြအိုး ပဉ္စင်တို့အား မြင်လာ၏ ။ ပြီးတော့ ဖြူဖြူ၀၀ ကိုလူလှဆိုသော မြန်မာစကား မတတ်သည့် တရုတ်ကြီးအား မြင်ယောင်လာ၏။ မင်းဂံဘုတ်ရွာသူ သီချင်းလေး ကြားယောင်လာ၏ ။ ညနေညို ထန်းရည်တမြူ၊ ပဲကြီးလှော်သုတ်၊ ငရုတ်သီးပွ၊ ကြက်သွန်နီကြီးများဖြင့် ဇရက်မင်းစည်းစိမ်ခံ အသံဝါကြီးဖြင့် လွမ်းတော်မူလို့ စာကိုစီတယ် စသဖြင့် အော်ဟစ် သီဆိုရင်း လေပြေညင်း ဆောင်သွေးတဲ့ တောင်သမန်ဘေးမှာ …။

မြို့မ၀ိုင်းတော်သားများနှင့် မဟာသင်္ကြန် …။ လွမ်းဖွယ့် အတိတ်တွေ …။ အဲဒီအတိတ်တွေ အားလုံးမှာ သာယာကြည်နူးဖွယ်တွေထက် နာကျင်ကြေကွဲဖွယ်တွေ ပြည့်နှက်။

အဖွားတို့ ကြိုးပမ်းလာသော လွတ်လပ်ရေး…။ ပေးဆပ်စွန့်လွှတ် ရယူဆွတ်ခူးခဲ့သော အမျိုးသားဂုဏ်သိက္ခာ …။

ကျနော်တို့ခေတ်မှာ ကျနော်တို့ ဘယ်လောက် တာဝန်ကျေနိုင်ကြမလဲ …။ ကျနော်တို့ခေတ်မှာ ကျနော်အပါအ၀င် ခေတ်ပြိုင်တွေ ရွယ်တူတွေ ပို၍ အသက်ဝါကြီးသူတွေ ၊ ငယ်သေးသူတွေ အဖွားတို့လို တိုင်းပြည်တာဝန်ကို ရိုးသားဖြူစင် ကိုယ်ကျိုးကင်းကာ အဖွားရှင်သန်သလို ဘယ်နှစ်ယောက်များ ရှင်သန် ဖြတ်သန်းနိုင်ကြမလဲ…။

----- ----- -----

အင်္ဂလိပ်နယ်ချဲ့ ဂျပန်ဖက်ဆစ် … ထိုတိုင်းခြား ကျူးကျော် စော်ကားသူတွေကို တော်လှန်တိုက်ထုတ်တဲ့ လက်ထက်ကလည်း အမျိုးသားသစ္စာဖောက် ကျွန်သဘောက်စိတ်ဖြင့် ချောင်သလိုနေ သာသလိုစား ရသလိုယူကာ အဖိနှိပ်ခံ ကိုယ့်အမျိုးသား ပြည်သူအား မျက်နှာပြောင်တိုက် လုပ်ရက်ကြသော အလိုတော်ရိတွေ ရှိခဲ့ကြသည်။ အချောင်သမားတွေ ရှိခဲ့ကြသည်။ ယောင်ဝါးဝါးတွေ ရှိခဲ့ကြသည်။ သို့သော် ယခင်အခါက ပြည်သူ့ရန်သူသည် မျက်နှာဖြူ မျောက်ရုပ်နှင့် ခွေးပစ်တဲ့တုတ် ဂျပန်၊ အခုက အညာသားသံနဲ့ လူမိုက်ဟန် ပေါက်နေသော ကိုယ့်အမျိုးသား ဖိနှိပ်သူ စစ်အာဏာရှင်၊ တိုင်းပြည်ကလည်း မွဲသထက်မွဲ၊ အမျိုးသား ဂုဏ်သိက္ခာလည်း တပြားသားမျှ မကျန်တော့ ဒီလိုအခြေအနေမျိုးမှာလဲ နယ်ချဲ့ခေတ်က ဖက်ဆစ်ခေတ်က ရှိခဲ့သော အလိုတော်ရိများထက် အရောင်အသွေးစုံသော ရောင်စုံအလိုတော်ရိများသည် ၀ါးရင်းတုတ် တလှည့် အခွင့်အရေး တလှေဖြင့် သာသလိုနေ ချောင်သလို အသက်မွေးရင်း … တိုင်းပြည်မှာတော့ ပြည်သူမှာတော့ ဒုက္ခတွင်းမှာ ငတ်ပြီးရင်းငတ် မွဲပြီးရင်းမွဲ ……

အဖွားရေ သက်ပြင်းတွေနဲ့လည်း ရှင်သန်ခဲ့ရ…။

တခုတော့ တွေးမိရဲ့အဖွားရယ် … သန်းငါးဆယ်ရဲ့ မရေတွက်နိုင်တဲ့ သက်ပြင်းများကိုသာ တပြိုင်နက်တည်း ပေါင်းစပ်လိုက်ရင် အင်မတန် ပြင်းထန်တဲ့ မုန်တိုင်းကြီးတခုတော့ ဖြစ်သွားနိုင်ရဲ့ …။ အဲဒီမုန်တိုင်း တော်လှန်လှိုင်းနဲ့ ပိုင်းပိုင်းဖြတ်ချိုး စနစ်ဆိုးကို ရှေ့တိုးတော်လှန် ငုံ့မခံကြေး ပွဲပြတ်အောင်မြင်တဲ့ တုန့်ပြန်ရေးတခုတော့ အဖွားလက်ထက်မှာ မြင်တွေ့ပီတိဖြာစေချင်ရဲ့ …။

ကိုမွှေး

No comments: