Sunday, November 25, 2007

မြန်မာစစ်အာဏာရှင်တို့ရဲ့ စာပေကင်ပေတိုင် (၃)

ဒေါက်တာလွဏ်းဆွေ

စာပေကင်ပေတိုင်တို့ရဲ့ ဆင်ဆာဖြတ်မှု (နောက်ဆက်တွဲ)

စာပေကင်ပေတိုင်ရုံးက စာဖတ်မှူးတွေ၊ ဦးစီးအရာရှိတွေဟာ တခါတခါ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲဆိုသလို အထက်က ညွှန်ကြားတာထက်ပိုပြီး အာဏာပါဝါပြတဲ့ ဆင်ဆာဖြတ်မှုမျိုးတွေကို လုပ်ဆောင်တတ်ပါတယ်။ အဲသလို ပိုပိုသာသာ ဆင်ဆာဖြတ်မှ သူတို့ကို ပိုချဉ်းကပ်ပြီး လာဘ်ငွေ ပိုပေးမယ် ဆို တာကို သိတဲ့အတွက်ကြောင့် အဲသလို အာဏာပါဝါပြပြီး အပိုဆင်ဆာဖြတ်မှုတွေကို အထက်က မသိအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

မဂ္ဂဇင်းသမားတွေ ခမျာလည်း အမှုတွဲဖိုင်တွေမှာ ရေးထားတဲ့ အစည်းအဝေး မှတ်ချက်တွေကို ကိုင်တွယ် ဖတ်ရှုခွင့် မရှိတာကြောင့် ဦးစီးအရာရှိတွေ ပြောသမျှကိုပဲ လိုက်နာပြင်ဆင်ရတာ ဖြစ်ပါတယ်။ မကျေလည်တာ ရှိရင်လည်း ညွှန်ကြားရေးမှူး အဆင့်အထိ တက်ပြီး စောဒက တက်ခွင့် မရှိပါဘူး။ သူတို့ ဖြုတ်ဆို ဖြုတ်ပေးရတဲ့ သဘောပါပဲ။ ဥပမာ- အစည်းအဝေးမှာ ဖြုတ်ခိုင်းတာက ၀ါကျတကြောင်းတည်းပေမယ့် မဂ္ဂဇင်းသ မားတွေကို ဖြုတ်ခိုင်းတဲ့အခါ တပိုဒ်လုံး ဖြုတ်ခိုင်းတာမျိုး၊ ဓာတ်ပုံတွေကို ဆိုရင်လည်း အစည်းအဝေးမှာ ပြင်ခိုင်းတာက နည်းနည်း မဂ္ဂဇင်းသမားတွေကို ပြန်ပြောတဲ့အခါ တပုံလုံး ဖြုတ်ခိုင်းလိုခိုင်းတာမျိုး ပိုပိုသာသာ ဆင်ဆာဖြတ်မှု တွေ မကြာခဏ လုပ်ဆောင်တတ်ပါတယ်။

တခါတခါ အစည်းအဝေး မှတ်ချက်တွေအတိုင်း သူတို့ ဖြုတ်ခိုင်းတာကို ဖြုတ်ပယ် ပြင်ဆင်ပြီးလို့ အချောပုံ နှိပ်ပြီးကာမှ ဟိုဟာလေး ကျန်သွားလို့ ထပ်ဖြုတ်ပေးပါဦး၊ ဒါလေးပြောဖို့ မေ့သွားလို့ ပြင်ပေးပါဦး ဆိုတာမျိုးက လည်း မကြာခဏ ဆိုသလို ပေါ်လာတတ်ပါသေးတယ်။ အဲဒီအခါကျရင် အချောပုံနှိပ်ပြီးပြီဖြစ်လို့ ခွင့်ပြုပေးဖို့ စော ဒက တက်တာကို လက်မခံပါဘူး။ အဲဒါကြောင့် ထပ်ပြင်ပြီး အသစ်တဖန် ပြန်လည်ပုံနှိပ်ပေးရလို့ ငွေကြေးအရ အ ချိန်အရ လေလွင့် ဆုံးရှုံးမှုဖြစ်ရတဲ့ လတွေ မနည်းပါဘူး။ တခါတလေ စာအုပ်ဖြန့်ပြီးခါမှ သူတို့ မပြောလိုက်မိလို့ ဖြန်တဲ့ စာအုပ်တွေထဲ ဆင်ဆာဖြတ်ခိုင်းတာတွေ ပါသွားခဲ့ရင် သူတို့အမှားကို မဂ္ဂဇင်းသမားတွေအမှား ဆိုတာမျိုး လုပ်ခိုင်းတတ်ပါသေးတယ်။ အဲဒီအခါကျရင် မဂ္ဂဇင်းသမားတွေကို ပြင်ဆင်ဖို့ ကျန်သွားတဲ့အတွက် နောက်ဆုံးအနေနဲ့ ခွင့်လွှတ်ဖို့ ညွှန်ကြားရေးမှူးဆီ လိပ်မူပြီး အသနားခံစာ တင်ခိုင်းကာ သူတို့အမှားကို မဂ္ဂဇင်းသမားတွေ အမှားအဖြစ် လုပ်ခိုင်းပါတယ်။

အာဏာနဲ့ အနိုင်ကျင့် လုပ်ဆောင်မှုများ

အာဏာနဲ့ အနိုင်ကျင့် လုပ်ဆောင်မှု တွေကလည်း ပုံစံအမျိုးမျိုး ရှိပါတယ်။ ဘယ်လို အနိုင်ကျင့်တာတွေလဲ ဆိုတော့ …
(၁) စာအုပ်ထုတ်ဝေသူတွေဆီက စာအုပ်တွေကို မပေးမနေရ ခွဲတမ်း တောင်းပါတယ်။ မိုက်ကြေးခွဲတဲ့ သဘောပေါ့။ မဂ္ဂ္ဂဇင်း ဖြစ်စေ၊ လုံးချင်းစာအုပ်တွေ ဖြစ်စေ စာအုပ်ဖြန့်ပြီဆိုတာနဲ့ စာပေစိစစ်ရေးရုံးကို ခွဲတမ်းအနေနဲ့ (၆၅)အုပ်တိတိ လက်ဆောင် သွားပေးရပါတယ်။ လက်ဆောင် သွားမပေးဘဲ စာအုပ်ဖြန့်မိရင် အရေးယူပါတယ်။ မဂ္ဂဇင်းသမားတွေဆို ဆင်ဆာအစည်းအဝေး တင်ဖို့အတွက်လည်း (၂၂)အုပ် ပေးရသေးတဲ့အတွက် စုစုပေါင်း (၈၇)အုပ်လောက် ပေးရတဲ့ အနေအထားမှာ ရှိပါတယ်။ ကာလပေါက်ဈေး (၈၀၀)ကျပ်နဲ့ တွက်ကြည့်ရင် စာအုပ်ပေးရတဲ့ တန်ဖိုးချည်းပဲ (၆၉၆၀၀)ကျပ်လောက် ရှိပါတယ်။

လာဘ်ငွေ ပေးရတဲ့ ငွေသားတန်ဖိုးပါ ထည့်ပေါင်းလိုက်ရင် တလတလ မဂ္ဂဇင်းတအုပ် ထွက်ဖို့အတွက် စာပေစိစစ်ရေးရုံးမှာ ကုန်ကျတဲ့ ငွေစုစုပေါင်းဟာ ကျပ်(၈၀၀၀၀)နဲ့ (၈၅၀၀၀)ကြားမှာရှိပါတယ် (အဲဒါ ၂၀၀၅ခုနှစ်ကပါ)။ အဲဒါအပြင် တခါတခါ လူကြီးခရီးစဉ်ကို စာအုပ်တွေ ထည့်ပေးလိုက်ချင်လို့ မဂ္ဂဇင်း အဟောင်းတွေ လှူပါဦးဆိုပြီး တခါတောင်းရင် အုပ်(၁၀၀)လောက်ကို (၃)လတခါလောက် တောင်းတတ်ပါသေး တယ်။ လက်ဆောင်ရတဲ့စာအုပ်အားလုံးကို စာပေစိစစ်ရေးရုံးမှာ စာအုပ်လာကောက်တဲ့ သူတွေဆီ ရောင်းစားပြီး ညနေဆို ၀န်ထမ်းတွေ ခွဲယူကြတာ ဖြစ်ပါတယ်။ ၀န်ထမ်းတွေနဲ့ စာအုပ်ကောက်သူတွေကြား အရောင်းအ၀ယ် လုပ်ငန်းတွေကို ရုံးပွဲစားတွေက ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

(၂) နောက်တနည်း အနိုင်ကျင့်ပုံကတော့ သူတို့ရုံးက ထုတ်တဲ့ ပြက္ခဒိန်တွေကို မဂ္ဂဇင်းတိုက်တခုကို အစောင် (၅၀) မ၀ယ်မနေရ ၀ယ်ခိုင်းတာမျိုးတို့၊ တော်ကြာ ကထိန်အတွက်၊ တော်ကြာ ဘာနေ့ ညာနေ့အတွက် အလှူငွေ ထည့်ပါဦးတို့၊ တော်ကြာ ဗလာစာအုပ်တွေ ခဲတံတွေ လှူပါဦးတို့၊ စာပေစိစစ်ရေးရုံးက လူတွေ သင်္ကြန်ပျော်ပါးဖို့ မဂ္ဂဇင်းတိုက် တတိုက်ကို အလှူငွေ (၅၀၀၀) ထည့်ပါဦးတို့၊ စာပေစိစစ်ရေးရုံးက လူတွေ ဘုရားဖူး ထွက်မှာမို့ မဂ္ဂဇင်းတိုက် တတိုက်ကို အလှူငွေ ဘယ်နှစ်ထောင် ဘယ်နှစ်သောင်း ထည့်ပါဦးတို့၊ ရုံးကို ၀န်ကြီးလာစစ်မှာမို့ ဧည့်ခံစရိတ်အတွက် ဘယ်လောက် ထည့်ပါဦးတို့ဆိုပြီး မကြာမကြာ အနိုင်ကျင့်တတ်ပါသေးတယ်။

(၃) နောက်တနည်း အနိုင်ကျင့်ပုံကတော့ ပထမပိုင်းမှာ ပြည်သူတွေ နားကြားပျင်းကတ်နေတဲ့ ဒို့တာဝန် အရေးသုံးပါးတို့၊ ပြည်သူ့သဘောထား (၄)ရပ်တို့ကို စာအုပ်တိုင်းရဲ့ရှေ့ဆုံးစာမျက်နှာမှာ မထည့်မနေရဆိုပြီး အ နိုင်ကျင့် ဖော်ပြခိုင်းတာဖြစ်တယ်။ နောက်ပိုင်းမှာတော့ သတင်းစာမှာ ပါပြီးသား တပ်မတော်နေ့ ဦးတည်ချက် စ တာတွေနဲ့ နအဖဖော်လံဖားတွေ ရေးသားတဲ့ ပေါ်လစီဆောင်းပါးတွေကို မထည့်မနေရဆိုပြီး အနိုင်ကျင့် ထည့်ခိုင်းခြင်းပဲဖြစ်တယ်။

ညွှန်ကြားရေးမှူးဆိုသူတွေ …

၁၉၈၈နောက်ပိုင်း နအဖစစ်အစိုးရ တက်လာပြီးမှ စာပေစိစစ်ရေးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ညွှန် ကြားရေးမှူး (၄)ဦး ရှိပါတယ်။ (၁) ဗိုလ်မှူးမောင်ဝင်း (၂) ဗိုလ်မှူးတင်စိုး (၃) ဗိုလ်မှူးအေးထွန်း (၄) ဗိုလ်မှူးတင့်ဆွေ တို့ပဲ ဖြစ်ပါတယ်။ အဲဒီဗိုလ်မှူးတွေဟာ အများအားဖြင့် ထောက်လှမ်းရေးက လာတယ်လို့ ဆိုတယ်။ ဗိုလ်မှူး မောင်ဝင်းကတော့ အခုအချိန်အထိ ပြည်ထဲဝန်ကြီးဌာန ရုံးချုပ်မှာ ညွန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ဆဲလို့ သိရတယ်။ ဗိုလ်မှူးတင်စိုးကတော့ အမျိုးသမီးကိစ္စ အရှုပ်တော်ပုံနဲ့ တိုင်စာ အပို့ခံရပြီး အလုပ်က ထွက်လိုက်ရတယ်။ ဗိုလ်မှူးအေးထွန်းကတော့ ဗိုလ်ချုပ်ခင်ညွန့် အပြုတ်မှာ တပါတည်း ပါသွားခဲ့သူဖြစ်ပြီး ဗိုလ်မှူး တင့်ဆွေ ဆိုသူကတော့ လက်ကျန် နအဖလက်ထက်မှာ နောက်ဆုံးခန့်ခဲ့တဲ့ ညွှန်ကြားရေးမှူးဖြစ်တယ်။

စာပေစိစစ်ရေးရုံးမှာက ညွှန်ကြားရေးမှူးဆိုတဲ့ အဲဒီဗိုလ်မှူးတွေက အခရာဖြစ်တယ်။ အဲဒီလို အခရာ ဖြစ်တာနဲ့အညီ အဲဒီ ဗိုလ်မှူးတွေ အာလုံးဟာ စာပေသမားတွေကို ဆက်ဆံတဲ့အခါ စကားအပြောအဆို အင်မတန် မောက်မာရိုင်းစိုင်းပြီး အထက်စီးလေသံနဲ့ ပြောလေ့ရှိတယ်။ ညွှန်ကြားရေးမှူး တယောက်ကို မူတမျိုး ကျင့်သုံးပြီး စာပေအကြောင်းလည်း ကောင်းကောင်း နားမလည်ဘဲ စိတ်ထဲရှိသလို ဆင်ဆာဖြတ်ခိုင်း နေသူတွေ ဖြစ်တယ်။ အဲဒါကြောင့်မို့ ညွှန်ကြားရေးမှူး အသစ်တယောက် ပြောင်းလာပြီဆိုရင် စာအုပ်လုပ်တဲ့ သူတွေအနေနဲ့ အခက်တွေ့ရလေ့ ရှိတယ်။ နောက်လာတဲ့ မောင်ပုလဲက ဘာတွေ စတန့်ထွင်ဦးမလဲ ဆိုတာကို စောင့်ကြည့်ရတဲ့ သဘောမျိုးပေါ့။ ဗိုလ်မှူးတင်စိုးဆိုရင် ညွန်ကြားရေးမှူးဖြစ်စဉ်က အရှိန်အ၀ါသုံးပြီး ဂုဏ်လင်းကျော်ဆိုတဲ့ နာမည်နဲ့ သူရေးတဲ့ ဆောင်းပါးတွေကို မဂ္ဂဇင်းတွေမှာ အတင်းအကျပ် ထည့်ခိုင်းသေးတယ်။ သူလည်း မိန်းမကိစ္စနဲ့ အလုပ်က အထုတ်ခံရရော သူ့ကို ဘယ်မဂ္ဂဇင်းသမားကမှ ဆေးဖော်ကြောဖက် မလုပ်ကြတော့တဲ့ အတွက် သူ့ဆောင်းပါးတွေ မဂ္ဂဇင်းတွေမှာ မပါတော့ဘဲ ဗိုလ်ဆွန်ပက်လမ်းမှာ စက္ကူဆိုင်ဖွင့်ပြီး စက္ကူရောင်းစားနေရတာကို သံဝေဂရဖွယ် တွေ့ရတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ နအဖစစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ စာပေစိစစ်ရေးရုံးဆိုတာ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့် မရှိရေးကို ဦးတည်လုပ်ဆောင် ပေးနေတဲ့ ဌာနကြီးတခုဖြစ်တယ်။ အဲဒီဌာနကြီးက နအဖစစ်အာဏာရူးတွေ မဟုတ်တာ လုပ်သမျှကို ဘာမှရေး သားခွင့် မပေးဘဲ ကာဆီးပေးထားပြီး အတုအယောင် အပေါ်ယံ ကိစ္စတွေလောက်ကိုသာ ရေးသားခွင့်ပေးတဲ့ ဌာနကြီးဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး လာဘ်ပေး လာဘ်ယူမှုတွေကို အများဆုံး လုပ်ဆောင်နေတဲ့ ခွင်ဖန်ရာ ဌာနကြီးလည်း ဖြစ်ပါတယ်။ အဲဒီလို ဂျပန်ခေတ် ကင်ပေတိုင်တွေအလား စာပေသမားတွေကို နှိပ်စက်ရာ ဌာနကြီး ရှိနေသရွေ့ မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့် ဆိုတာ ချိုနဲ့လားလို့ မေးနေရဦးမှာသာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

(Mizzima ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: