ဂျင်ဂလိ
ဂျင်ဂလိတို့ မြန်မာပြည်မှာ ကွန်မြူနစ်ဝါဒဟာ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလကတည်းက သန္ဓေတည်လာ ခဲ့တာ ဖြစ်တယ်လို့ သမိုင်းအထောက်အထား အခိုင်အလုံတွေ့ရရဲ့။ အဲဒီအချိန်တုန်းက တို့ဗမာ အစည်းအရုံးဝင်တွေ ဖြစ်ကြတဲ့ သခင်အောင်ဆန်း၊ သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း … အစရှိတဲ့ တိုးတက်တဲ့ သခင်လူငယ် ခေါင်းဆောင်တွေက ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးခဲ့တာရယ်လို့လည်း ဂျင်ဂလိတို့ မြန်မာ့သမိုင်းမှာ လေ့လာတွေ့ရှိရလေရဲ့။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ လက်ဝဲလှိုင်း ရိုက်တယ်လို့ ဆိုရလောက်အောင်ကိုပဲ ကွန်မြူနစ်ဝါဒ အားကောင်းလာခဲ့တယ်လို့ ဆိုပါတယ်။
တိုးတက်တဲ့ ခေတ်ပညာတတ် လူငယ်တော်တော်များများဟာ ပင်နီတိုက်ပုံဝတ်၊ ကျွဲကော်ကိုင်း မျက်မှန်အနက်တပ်၊ အရင်းကျမ်းကို လက်မှာပိုက်ပြီး ခုံဖိနပ်စီးကာ လက်ဝဲဂိုက် ဖမ်းကြသတဲ့။ စားလည်း လက်ဝဲလက်၊ ရေးလည်း လက်ဝဲလက်၊ အိပ်တာတောင် လက်ဝဲလက်ကို ခေါင်းအုံးပြီး အိပ်ကြပါသတဲ့။ လက်ရေး ရေးတဲ့အခါမှာလည်း လက်ဝဲစာလုံး ရေးဟန်ရယ်လို့တောင် သီးသန့် ပေါ်ခဲ့ပါသတဲ့။ အဲသလောက် အထိကို မြန်မာပြည်မှာ ကွန်မြူနစ်ဝါဒ အမြစ်တွယ် အားကောင်းခဲ့ပါသတဲ့။ ဂျင်ဂလိ ကိုယ်တွေ့ကြုံဖူးလို့ ပြောတာ မဟုတ်ပါဘူး။ လူကြီးသူမတွေ ပြောပြလို့ တဆင့်စကား ဂျင်ဂလိ ကြားရတာပါ။ အဲသလို ကွန်မြူနစ်ဝါဒ အားကောင်းတဲ့ အချိန်တုန်းက ဂျင်ဂလိက ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်ခါစ အရွယ်ပဲ ရှိပါသေးတယ်ခင်ဗျာ။
ဒါပေမယ့် ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့ အချိန်မှာတော့ ဂျင်ဂလိ အမွေးအတောင်စုံလို့ လူလား တော်တော်မြောက်တဲ့ အရွယ်ရောက်နေပါပြီ။ အဲဒီအချိန်အထိလည်း ဂျင်ဂလိတို့ မြန်မာပြည်မှာ ကွန်မြူ နစ်ဝါဒက အားကောင်းဆဲပါပဲ။ ဂျင်ဂလိမိတ်ဆွေကြီး တယောက်ဆိုရင် အဲဒီအချိန်အထိ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ လက်ဝဲသမား ၀တ်စားဆင်ယင်မှုအတိုင်း တွေ့ရလေရဲ့။ ၀ါဒရေးရာနဲ့ ပတ်သက်ပြီး စကားရည်လုသလို ပြောကြပြီဟေ့ ဆိုရင်လည်း ‘ကုန်ကုန်ပြောမယ်ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းတောင် ကျုပ်တို့ ကွန်မြူနစ်ပါတီမှာ ပထမဆုံး အထွေထွေ အတွင်းရေးမှူး လုပ်ခဲ့တာပါဗျ’ ဆိုတဲ့ သူ့ရဲ့လက်သုံးစကားကို ဂျင်ဂလိ မှတ်မိနေရဲ့။
ဒါပေမယ့် ရှစ်လေးလုံး အရေးအခင်းပြီးတဲ့ နောက်ပိုင်းမှာ ဆိုဗီယက် ယူနီယံကြီးလည်း ပြိုကွဲ၊ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေလည်း ဆက်တိုက်ဆိုသလို လဲပြိုကုန်ရော ဂျင်ဂလိတို့ မြန်မာနိုင်ငံမှာလည်း ကွန်မြူနစ်ဝါဒ အကြောင်း လူပြောသူပြော အလွန်နည်းသွားခဲ့တယ်။ အဲဒီလို ကမ္ဘာ့နိုင်ငံရေး ရာသီဥတု ပြောင်းလဲသွားတဲ့အချိန် ၁၉၈၈ခုနှစ်က တွက်ရင် (၁ရ)နှစ်ကျော်အကြာမှာ ရှစ်လေးလုံး ဖြစ်ခဲ့တဲ့ အချိန်တုန်းက ခင်မင်ခဲ့ရတဲ့ လက်ဝဲသမား မိတ်ဆွေကြီးကို အမှတ်မထင် ပြန်ဆုံရတယ်။ အဲဒီအချိန်မှာ အဆိုပါ မိတ်ဆွေကြီးက လက်ဝဲဂိုက် ဆိုက်မဖမ်းတော့ဘဲ သူ့ကို လက်ဝဲသမားလို့ ထင်ရင်တောင် စိတ်ဆိုးနေသတဲ့ဗျာ။
ကြားခါစက ဂျင်ဂလိ အံ့သြမိရဲ့။ ကမ္ဘာမှာ လက်ဝဲ၀ါဒ ခေတ်မစားတော့တာနဲ့ လက်ဝဲ၀ါဒကို မယုံကြည် တော့ဘူးတဲ့ဗျာ။ သူစကားနိုင်လုနေကျ လက်သုံးစကားလည်း ပြောင်းလဲသွားလေရဲ့။ သူ့လက်သုံးစကား အသစ်ကို ကြားရတော့ ဂျင်ဂလိ အံ့လည်းသြ၊ ရယ်လည်း ရယ်ချင်မိပါရဲ့။ ဘာတဲ့ ‘အဲဒီလို အန္တရာယ်တွေကို ကြိုမြင်လို့လည်း ဗိုလ်ချုပ်အောင်ဆန်းက ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ထဲကနေ စောစောစီးစီး ထုတ်ပစ်ခဲ့တာပေါ့ဗျ’ တဲ့။ သြော် … ကွန်မြူနစ်ဝါဒကို သူမယုံကြည်တော့တာနဲ့ဘဲ ဗိုလ်ချုပ်အောင်ဆန်းကိုပါ လှန်လိုလှန် မှောက်လိုမှောက် လုပ်နေပါပေါ့လားလို့ ဂျင်ဂလိ တွေးမိပြီး ပြုံးစိစိ ဖြစ်မိပါရဲ့။
(သစ္စာစာပေမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
Sunday, November 25, 2007
လှန်လိုလှန် မှောက်လိုမှောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment