Saturday, November 3, 2007

ရင်နင့်ရသော ဟာသများ
ဒေါင်းတမန်
(၁)
ဗားတော့ဗရက်က ရေးခဲ့ဖူးပါတယ်။
“တောတောင် ရေမြေ သဘာဝ အကြောင်းပဲ ပြောနေတာဟာ
ဒုက္ခရောက်နေသူတွေကို
လျစ်လျူရှု ရက်စက်ရာ ရောက်ပါတယ်။

ရယ်မောနေတဲ့ သူဟာလည်း
ခေတ်ရဲ့ ၀ါးမျိုမတတ် တက်လာတဲ့ အသံတွေကို
မကြားသေးသူသာ ဖြစ်တယ်” … တဲ့။

ဗားတော့ဗရက်ဟာ ကျနော်တို့ ခံစားနေရတာတွေကို ကြိုမြင်ပြီး ကဗျာရေးခဲ့ လေသလား လို့တောင် ထင်ရတယ်။ တကယ်တော့ ဒါဟာ ဘာမှ မဆန်းပါဘူး၊ လွန်ခဲ့တဲ့ အနှစ် ၇၀ကျော်က နာဇီစစ်တပ်အောက် ဂျာမနီပြည်သူတွေ ခံစားခဲ့ရတဲ့ ဒုက္ခနဲ့ တထပ်တည်း ကျနော်တို့ အခု ခံစားနေရတာ မဟုတ်လား။ ဒါကြောင့်လည်း သူ့ကဗျာတွေဟာ ကျနော်တို့ ဘ၀နဲ့ ထပ်တူကျနေတာပေါ့။

ကျနော်တို့ကတော့ ရယ်စရာတွေ ကြံဖန်ရှာပြီး စိတ်သက်သာအောင် နေကြရမှဖြစ်မယ်။ မဟုတ်ရင် တွေ့မြင်နေရတဲ့ စက်ဆုပ်စရာ၊ စိတ်ဆင်းရဲစရာတွေက ခဏတဖြုတ်တောင်မှ မလွတ်မြောက်နိုင်ကြရင်။ ဘ၀ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေ ပျောက်ကုန်မယ် မဟုတ်လား။

ဒီလိုနဲ့ပဲ မြန်မာပြည်သူတွေဟာ ဟာသရုပ်ရှင်တွေ ကြည့်၊ ဟာသ၀တ္ထုတွေ ဖတ်၊ အငြိမ့်တွေကြည့်နဲ့ ယာယီထွက်ပေါက် ရှာကြရတာ မဆန်းပါဘူး။ ပြက်လုံးတခုကို ကြည့်ပြီး လွတ်လွတ်လပ်လပ် ရယ်မောလိုက်ရရင် ခဏတော့ ရင်ထဲမှာ ပေါ့သွားတာပဲ။ ဒါပေမယ့် ဟာသတိုင်းကတော့ လူတွေကို အမြဲပျော်စေနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခေတ်ဆိုးကြီးထဲ နိုင်ငံပျက်ကြီးထဲ ကြေကွဲစရာ အဖြစ်တွေထဲက ပေါက်ဖွားလာတဲ့ ရင်နင့်ရသော ဟာသများလည်း ရှိနေလို့ပဲပေါ့။

(၂)
ဇာဂနာရဲ့ အခု ရေပန်းစားနေတဲ့ ပြက်လုံးကို ထွက်ထွက်ချင်း ကျွန်တော် မဖတ်ခဲ့ရပါ။ အင်တာနက် ခဏပျက်နေလို့ ဖြစ်ပါတယ်။ ဖတ်ပြီးတဲ့ သူငယ်ချင်းက သူဖတ်ပြီးပြီးချင်း ကြိုက်လွန်းလို့ ဖောက်သည်ချဖို့ ကျနော့်ဆီ ဖုန်းဆက်ပါတယ်။

“ဟေ့ကောင်ကြီး၊ ကြားပြီးပြီလား၊ ဇာဂနာ့ ဟာသအသစ် တအားကောင်းတယ်”
“ဟင့်အင်း၊ ပြောစမ်းပါဦး”
“ဇာဂနာ ထောင်က လွတ်တော့ ဘုရားရှိခိုးနည်း အသစ် ရလာသတဲ့”
“ဘယ်လိုတဲ့လဲ”
“ဗုဒံ သရဏံ ဂစ္ဆာမိ
ဓမံ္မ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂန်းစာမိ” တဲ့ကွ
“ဘယ်လို ဘယ်လို
သံဃံ သရဏံ ဂန်းစာမိ
သံဃံ သရဏံ ဂန်းစာမိ
သံဃံ သရဏံ ဂန်းစာမိ
ဟားဟား ၊ ကောင်းလိုက်တဲ့ စိတ်ကူးကွာ”
“အေး၊ ဒီလူကြီး ခေါင်းကတော့ကွာ ဇ၀နဥာဏ် ရွှင်သလားတော့ မမေးနဲ့ဟေ့”
“ကျေးဇူးပဲ သူငယ်ချင်း၊ ငါလည်း အင်တာနက်ကောင်းမှ ပြန်ဖတ်လိုက်ဦးမယ်”

အဲဒီပြက်လုံးကို တနေ့လုံး တစိမ့်စိမ့် ပြန်တွေးနေမိပါတယ်။ အံ့သြစရာ ကောင်းတာက အဲဒီပြက်လုံး တခုတည်းက ရသအမျိုးမျိုးကို ပေးနေတာပါပဲ။
ပထမ ဇာဂနာရဲ့ ပြောင်မြောက်တဲ့ သရော်ချက်ကို နှစ်သက် ရယ်မောရတယ်။ နောက်တော့ ကျဆုံးခဲ့တဲ့ သံဃာတွေနဲ့ ပြည်သူတွေကို သတိရပြန်တော့ ရင်ထဲမှာ ဆို့နင့်သွားရပြန်တယ်။ သာသနာဖျက်တွေ အကြောင်းကို စဉ်းစားမိတဲ့အခါကျတော့ စက်ဆုပ် ဒေါသဖြစ်ရပြန်ရော။

ဒါကြောင့် ဒီပြက်လုံးလေးကို ရင်နင့်ရသော ဟာသတပုဒ်လို့ ဆိုလိုက်ချင်ပါတယ်။

(၃)
နောက် ဟာသလေး တပုဒ်ကတော့ ဒီလိုပါ။
ပိုးကောင်သားလေးက ပိုးကောင်အဖေကို မေးတယ်တဲ့။

“ဖေဖေ၊ ပန်းသီးထဲမှာ နေရရင် ကောင်းသလားဟင်”
“ကောင်းတာပေါ့ သားရယ်”
“လိမ္မော်သီးထဲမှာ နေရင်ကောဟင်”
“ပိုကောင်းတာပေါ့ သားရယ်”
“အဲဒါဆို ကျနော်တို့ နောက်ချေးပုံထဲမှာ ဘာလို့ နေနေရတာလဲဟင်”

အဖေက ဘာပြန်ပြောသလဲ ဆိုတော့ …
“သားရယ် လူတိုင်းလူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူ ဆိုတာရှိတယ်ကွဲ့။ နောက်ပြီး အလေးထား မြတ်နိုးအပ်တဲ့ အမိနိုင်ငံတော်ကြီးဆိုတာ ရှိသေးတယ်လေကွယ်” တဲ့။

မိတ်ဆွေတို့ကော ဒီဟာသလေးကို ဘယ်လိုခံစားရပါသလဲ။ ကျနော်တော့ ဖတ်ပြီးတာ နှစ်ပေါင်းများစွာ ကြာတဲ့ ယနေ့အထိ ရင်ထဲနင့်အောင် စွဲဝင်ထိခိုက် နေရတုန်းပါပဲဗျာ။
ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ခွင့် မရှိသေးတဲ့၊ ကိုယ့်တိုင်းပြည်အတွက် ကိုယ် ဂုဏ်ယူနိုင်ခြင်း မရှိသေးတဲ့ ကျနော်တို့အတွက် ရင်နင့်ရသော ဟာသတပုဒ် ဖြစ်လို့ပါပဲ။

ဒေါင်းတမန်

3 comments:

မလေးမေ said...

အဲဒီပန်းသီးနဲ့ ပိုးကောင်သားအဖပုံပြင်ဟာရုရှားပုံပြင်လေးပါ. ကျွန်မ စဖတ်မိတုန်းကလည်းနင့်နင့်နဲနဲခံစားရပါတယ်.အပေါ်ယံ ကြည့်ရင်တော့စကားကြီးစကားကျယ်ပြောတဲ့သားအဖပေါ့လေ . ဒါပေမယ့် .. ကျောင်းပြီးရင်ဘယ်နိုင် ငံသွားရကောင်းနိုးနိုးတွေးတော့နေတဲ့ကျွန်မကို .. "ဟေ့ .. ကြိုက်တဲ့နိုင်ငံသွား.. ဒီမိုကရေစီရရင်ငါတို့  ပြန်ကြမှာ" လို့ ပြောတတ်တဲ့အဖေ့စကားနဲ့ ယဉ်တွေးရင် .. သြော်..လေးစားမြတ်နိုးအပ်တဲ့ငါတို့  နိုင်ငံတော်ရယ်လို့ တွေးမိပါတယ်

nyeenyee2007 said...

အဲဒါဆို ကျနော်တို့ နောက်ချေးပုံထဲမှာ ဘာလို့ နေနေရတာလဲဟင်, it's a very good word

nyeenyee2007 said...

to chitthulay, ur father words hit directly to my heart