မသိလို့ပါ ဆရာရယ် ပြောပြစမ်းပါကွယ်
မြားကြီး
မြားကြီး
မြားကြီးတို့ မြန်မာပြည်ကို ဖျက်ဆီး (အဲလေ) အုပ်စိုးနေတဲ့ နအဖခေတ်မှာ အံ့ဖွယ် သုတတွေက အဖုံဖုံ ပျက်စီးပုံက အလုံးစုံ ဆိုသလိုပဲ ကမောက်ကမ အဖြစ်တွေကို နိစ္စဓူဝ တွေ့မြင် ကြားသိနေရရဲ့။ ဟော … အခုလည်း ကြည့်။ မကြာသေးခင်က ဆယ်တန်း အောင်စာရင်း ထွက်တာကို ကြားရတဲ့အခါ လူတော်တွေပေါတဲ့ တိုင်းပြည်ကြီးပါလားလို့ ချီးမွမ်းခန်းဖွင့်ရမယ့် အပေါက်မျိုး တွေ့နေရရဲ့။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့လယ်ခေါင်မှာ ရှိတဲ့ ကျောင်းတော်ကြီးတွေက ကျောင်းသား (၁၀၀)မှာ (၈၀)လောက်ဟာ ဘာသာစုံ ဂုဏ်ထူးထွက်ကြပြီး ကျန်တဲ့ (၂၀)လောက်ကလည်း ဂုဏ်ထူးမပါတဲ့ ကျောင်းသား မရှိသလောက်ပဲဆိုတဲ့ သတင်းကို ကြားရလို့ပါခင်ဗျာ။ ဒါပေမယ့် နယ်ကျောင်းတွေက ကျောင်းသားတွေကျတော့ အောင်ချက် မကောင်းလို့ အောင်မှတ်ကို (၁၀)မှတ် လောက်အထိထားပြီး စာစစ်ပေးခဲ့ရသတဲ့။ အဲသလို တဖက်စောင်းနင်း ဖြစ်နေတဲ့ ဆယ်တန်းအောင်စာရင်း အကြောင်းကို စေ့ငုကြည့်တော့မှ ချီးမွမ်းခန်းဖွင့်မယ့် စကားတွေ လည်ချောင်းဝမှာ တစ်ဆို့ကုန်တော့ရဲ့။
ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ကျောင်းတော်ကြီးတွေက ကျောင်းသားတွေဟာ ဘယ်လိုဘယ်ပုံ ချမ်း သာကြမှန်း မသိတဲ့ သကောင့်သားတွေရဲ့ သားသမီးတွေ ဖြစ်ကြပြီး နယ်ကကျောင်းသာ အများစုကတော့ ဟိုဖက် ဒီဖက်လှည့်လို့ မရအောင် ကျပ်တည်းနေတဲ့ မိဘတွေ့ရဲ့ သားသမီးတွေ ဖြစ်ကြလို့ပါတဲ့။ အခုအချိန်မှာ ကျင့်သုံးနေတဲ့ နအဖရဲ့ပညာရေးစနစ်ကလည်း အာဏာတွေ ငွေတွေနဲ့ ပေါက်ပြီး မေးခွန်းဝယ်၊ အလွတ်ကျက်၊ ခိုးချ၊ အမှတ်ဝယ်လို့ရတဲ့ အပျံစား ပညာရေးစနစ်ဖြစ်တော့ တရုတ်သိုင်းဝတ္ထုတွေထဲမှာ ရေးသလို မည်သို့မည်ပုံ ချမ်းသာလာသည် မသိဆိုတဲ့ သကောင့်သားတွေရဲ့သားသမီးတွေက အခွင့်အရေး သာနေပါသတဲ့။ အရာရာကို ငွေနဲ့ ဖလှယ်လို့ရတဲ့ ခေတ်မို့ အခုလို ဂုဏ်ထူးတွေ တသီကြီး ထွက်နေကြတာပါတဲ့ ခင်ဗျာ။ မြားကြီးမိတ်ဆွေ အထက်တန်း ကျောင်းဆရာ တယောက် ပြောပြလို့ သိရတာပါ။ အဲဒီသတင်းကို ကြားတော့ မြားကြီးတို့ ဆယ်တန်းတုန်းက ဂုဏ်းထူးထွက်အောင် ကုန်းရုန်း ကျက်မှတ်ခဲ့ရတဲ့ အဖြစ်သနစ်တွေကို ပြန်သတိရပြီး ကိုယ့်ကိုယ်ကိုယ် သနားသလို ဖြစ်မိရဲ့။ နောက်ပြီး မြားကြီးတို့ ခေတ်မှာလည်း အခုလို အာဏာတွေ ငွေတွေနဲ့ ပေါက်ပြီး ဂုဏ်ထူးတွေထွက်ကာ ဆေးကျောင်းရောက်လာတဲ့ မောင်မင်းကြီးသား တယောက် အတန်းထဲမှာ ရှိတာကို ပြန်သတိရမိလေရဲ့။
သတိရပုံကဒီလို … ။ ဆေးကျောင်း ပထမနှစ် တက်နေတုန်း တရက်မှာ နိုင်ငံရေုးသိပ္ပံဆရာက လွတ်လပ် ရေးရပြီးတဲ့နောက် မြန်မာပြည်ရဲ့သမိုင်းကြောင်းကို လက်ချာပေးနေရဲ့။ ဆရာက အာပေါင်အာရင်းသန်သန် ပြော ဆိုသင်ကြားနေတဲ့ အထဲမှာ ‘ဖဆပလ နှစ်ခြမ်းကွဲတဲ့အခါ’ ဆိုတဲ့စကားက ခဏခဏ ပါနေလေရဲ့။ ဆယ်တန်းတုန်းက အမှန်အကန် စာကျက်ပြီး ဆေးကျောင်းရောက်လာတဲ့ ကျောင်းသားအများစုကတော့ အဲဒီဆရာ သင်နေတဲ့ သမိုင်းကြောင်းကို သိပြီးသား ဖြစ်နေကြတာပေါ့။ အဲဒီအကြောင်းအရာက ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ သမိုင်းဘာသာထဲမှာလည်း ပါတာကိုး။ ဒါပေမယ့် မြားကြီးတို့ အတန်းထဲမှာ ဆယ်တန်းတုန်းက အမှန်အကန် စာကျက်ခဲ့ပုံမရဘဲ ဘယ်လိုဘယ်ပုံ ဆေးကျောင်းရောက်လာမှန်း မသိတဲ့ ကျောင်းသား တယောက်ကိုလည်း တွေ့လိုက်ရလေရဲ့။ သူက အဲဒီအချိန် (မဆလခေတ်)က တိုင်းမှူး တယောက်ရဲ့ သားပါ။ ဆရာစာသင်နေတုန်း သူ့ရဲ့အူကြောင်ကြောင် ထမေးပုံကြောင့် တတန်းလုံး ၀ါးကနဲ ပွဲကျခဲ့ရလေရဲ့။ တိုင်းမှူးရဲ့သား ထမေးလိုက်ပုံကတော့ ‘ဆရာ … ဖဆပလ နှစ်ခြမ်းကွဲတယ်ဆိုတော့ ‘ဖဆ’ ဆိုတာက ဘာလဲ၊ ‘ပလ’ ဆိုတာက ဘာလဲဆရာ’ တဲ့။ ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုသလို ထမေးမှ အကြံအဖန်နဲ့ ဆယ်တန်း အောင်လာတာပါလားလို့ မြားကြီးတို့ သိခဲ့ရလေရဲ့။
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
No comments:
Post a Comment