ဥရောပသမဂ္ဂ(အီးယူ)အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှု များ ပြုလုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဘရောင်း တောင်းဆို (၆-၁၀-၂၀၀၇)
သတင်း - ရိုက်တာ(လန်ဒန်)၊ ဓာတ်ပုံ-အေပီ
မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုးမြှင့်ဖိအားပေးကြဖို့နဲ့ ဥရောပသမဂ္ဂ(အီးယူ)က ပိုမိုတင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းက စနေနေ့က တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။
ကမ္ဘာတ၀န်း ဆန့်ကျင်ဆန္ဒပြတဲ့နေ့ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံရာမှာ ဘရောင်းက အခုလို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ သည်းနိုင်မှာမဟုတ်တဲ့ အကြမ်းဖက်နှိပ်ကွပ်မှုတွေ လုံးဝပပျောက်သွားအောင် ဥရောပသမဂ္ဂအနေနဲ့ စစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ နောက်ထပ်အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆောင်ရွက်တာကို ကျနော်အလိုရှိပါတယ်” လို့ ကိုယ်စားလှယ်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။
“ခင်ဗျားတို့အားလုံး အလိုရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်တန့်ရေးလုပ်ငန်းစဉ် အောင်မြင်ဖို့၊ မြန်မာပြည်သူတွေအပေါ် စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ပြီး ဖမ်းဆီးအရေးယူနေတာတွေ ရပ်တန့်စေဖို့နဲ့ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်စဉ်တွေ ရှေ့ဆက်နိုင်ဖို့အတွက် တကမ္ဘာလုံးမှာရှိတဲ့ အခြားခေါင်းဆောင်တွေ အားလုံးကိုလည်း ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်စေချင်ပါတယ်” လို့လည်း ဘရောင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
အနှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့မှာ သံဃာတော်တွေဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းပြီးနောက် မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ စစ်အုပ်စုဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကြီးအကျယ် ဖိအားပေးမှုကို ခံနေရပါတယ်။
ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ်တို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်သွင်းမယ့် ကြေညာချက်မူကြမ်းတစောင်ကို သောကြာနေ့က ထုတ်ပြန်ရာမှာ စစ်အစိုးရရဲ့ ပြင်းထန်တဲ့ အကြမ်းဖက်နှိပ်ကွပ်မှုတွေကို အကြီးအကျယ် ပြစ်တင်ရှုတ်ချလိုက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တောင်းဆိုကြောင်း ဖော်ပြခဲ့ပါတယ်။
ဆန္ဒပြပွဲတွေမှာ ၁၀ယောက်ပဲ သေခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ကိန်းဂဏန်းတွေကို ဗြိတိန်အစိုးရက အယုံအကြည်မရှိကြောင်း ဘရောင်းက အခုလို ပြောဆိုခဲ့ပါတယ်။
“စစ်အစိုးရက ကြေညာတာထက် အများကြီး ပိုသေမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေတဲ့ ထောင်နဲ့ချီတဲ့ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ပြည်သူတွေအတွက် ကျနော်တို့မှာ အကြီးအကျယ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေပါတယ်”
Sunday, October 7, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment