ဘုန်းကြီးကျောင်းတွေမှာ မတော်တရော်ပစ္စည်းတွေတွေ့ကြောင်း နအဖသတင်းစာတွေမှာ စွပ်စွဲရေးသား၊ ပြည်သူလူထု အကြီးအကျယ် ပေါက်ကွဲဒေါသထွက် (၆-၁၀-၂၀၀၇)
သတင်း- ဗွီအိုအေ
မြန်မာနိုင်ငံမှာ စစ်တပ်က ဘုန်းကြီးကျောင်းတွေကို ၀င်ရောက်စီးနင်းတာတွေ ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဘုန်းကြီးကျောင်းတွေမှာ မတော်တရော် ပစ္စည်းတွေ တွေ့တယ်ဆိုပြီးတော့ သတင်းစာထဲမှာ စွပ်စွဲရေးသားထားတာ တွေ့ရပါတယ်။ ဒါတွေကို လူတွေလည်း မကျေမနပ် ဖြစ်နေကြတာပါ။ အကြောင်းစုံကို ဒေါ်အေးအေးမာက တင်ပြထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေ များသောအားဖြင့် အလှူလုပ်တဲ့ ဘုန်းကြီးကျောင်းလည်းဖြစ်၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို လက်ခံပြီး တည်းခိုခွင့်၊ ဆေးကုသနိုင်ခွင့် စီစဉ်မှုတွေလုပ်ပေးခဲ့တဲ့
မဂ္ဂင်ဘုန်းကြီးကျောင်းကို စစ်အစိုးရက ချိတ်ပိတ်ထားလိုက်ပါတယ်။ မဂ္ဂင်ကျောင်းတိုက်နဲ့ နီးစပ်တဲ့ ကျောင်းသားတစ်ဦး ပြောပြတာကတော့ -
“မဂ္ဂင်ကျောင်းမှာ လူနာတွေလာပြီးတော့ အေအိုင်ဒီအက်စ် လူနာတွေလာပြီးတော့ တည်းခိုတဲ့အခါမှာ ဘုန်းကြီးတွေလည်း မရှိတော့ဘူး၊ ဆရာတော်လည်း မရှိတော့ဘူး။ အဲဒီမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို ဆေးဝါးတွေရရှိအောင် ကူညီစောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်း လည်းမရှိတော့ သူတို့အဖို့ ခိုကိုးရာမရှိတော့ အဲဒီကျောင်းမှာ နေကြတယ်။ အဲဒီနောက်ပိုင်းမှာ အဲဒီမှာရှိတဲ့ လူနာတွေကိုလည်း ဖမ်းပြီးတော့ ခေါ်သွားပြီးတော့ ဝေဘာဂီဆေးရုံကို ပို့တယ်။ အခုနောက်ဆုံး ကျနော်တို့ မဂ္ဂင်ကျောင်းမှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို ဆန်အိတ်တွေကအစ ပစ္စည်းတွေအကုန်လုံးကို ကားနဲ့သယ်သွားတယ်။ ပြီးတော့ ကျောင်းကိုလည်း သော့ခတ်ပြီးတော့ ထားခဲ့တယ်ခင်ဗျ။”
အလားတူပဲ ခြောက်ထပ်ကြီးဘုရားဝင်းထဲမှာရှိတဲ့ သာသနာ့ဂုဏ်ရည်ကျောင်း၊ သာသနာ့သိပ္ပံကျောင်းတို့ကိုလည်း ကျောင်းထိုင်ဘုန်းကြီးတွေကစပြီး သံဃာအားလုံးကို ရိုက်နှက်ဖမ်းဆီးပြီးတဲ့နောက် ကျောင်းတိုက်တွေကိုတော့ သော့ခတ်ထားတယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် ဆန္ဒပြမှုလှုပ်ရှားမှုမှာထင်ရှားတဲ့ တောင်ဥက္ကလာပမြို့နယ် က ငွေကြာယံကျောင်းတိုက်မှာဆိုရင်လည်း သံဃာတွေ မရှိသလောက်ဖြစ်သွားတယ်လို့လည်း ဆိုပါတယ်။ ဒီလို ကျောင်းတိုက်တွေမှာ သံဃာတွေကို ရိုက်နှက်ဖမ်းဆီးပြီး ပစ္စည်းတွေကိုလည်း ရိုက်ခွဲဖျက်ဆီးသွားတာကို လုပ်သွားပြီးတဲ့နောက် စစ်အစိုးရရဲ့ မီဒီယာတွေကနေ ဘုန်းကြီးတွေရဲ့ကျောင်းတွေကို ၀င်ရောက်ရှာဖွေတဲ့အခါ မှာ အမျိုးသမီးထမီတွေ၊ လုံခြည်တွေ၊ ကွန်ဒုံတွေ၊ ညစ်ညမ်းတိတ်ခွေတွေကို သိမ်းဆည်းရမိတယ် ဆိုပြီးတော့လည်း ပြောဆိုနေပါတယ်။ ဒါကို ပြည်သူတွေအနေနဲ့ ခံပြင်းဒေါသထွက်နေကြပြီး ဒါဟာ ဘုန်းကြီးတွေကို သက်သက်မဲ့ လုပ်ကြံဝါဒဖြန့်နေတဲ့ အကြောင်းကိုလည်း ဆက်ပြောပြပါတယ်။
“ကျနော်တို့ သိရသလောက်တော့ အဲဒီဟာ တမင်သက်သက် လုပ်တယ်လို့ပဲ ကျနော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ မြတ်စွာဘုရားလည်း ဟောထားတယ်၊ မိန်းမနဲ့ပတ်သက်လို့ရှိရင် ဒါဟာ မထားရဘူး၊
ဒါ ပြက္ခဒိန်တို့ဘာတို့ ကြည့်ဖို့အတွက်ကို ကြည့်တာမျိုးလောက်တော့ ဒီမိန်းမပုံတွေတော့ ရှိရင်ရှိလိမ့်မယ်၊ တကယ်လို့ သူတို့ပြောနေတဲ့ ညစ်ညမ်းပုံတို့ဘာတို့ကတော့ ကျနော်တို့ လုံးဝမဖြစ်နိုင်ဘူးလို့ ကျနော်ယူဆတယ်။ ဒါဟာ ဘုန်းကြီးတွေနဲ့လည်း လုံးဝ မအပ်စပ်ဘူးလေ။ အဲဒီအတွက်ကြောင့် ဒီဟာတွေက အခြေအမြစ်မရှိဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ သူတို့အနေနဲ့ ညစ်ညမ်းပုံတွေနဲ့လာပြီးတော့ ဘုန်းကြီးတွေကို တမင်စွပ်စွဲပြီးတော့ လုပ်တာတွေပေါ့နော်၊ နောက်ပြီးတော့ သတင်းထဲတွေမှာဆိုရင်လည်း လျှောက်ရေးတဲ့ကိစ္စတွေပေါ့။ အဲဒီလိုမဟုတ်တာတွေကို တကယ့်အမှန်တွေနဲ့ ဖုံးကွယ်ထားပြီးတော့ မဟုတ်မတရားတာတွေ လျှောက်ရေးနေတဲ့အပေါ်မှာ လူတွေကတော့ တော်တော်ခံပြင်းနေကြတယ်။ သူတို့တွေက ခြိမ်းခြောက်မှုတွေ၊ တကယ့်ကို လက်နက်နဲ့ အတင်းနှိပ်စက်နေတဲ့အတွက်မို့သာ လူတွေက အောင့်အည်းသည်းခံနေကြတာ။ လူတွေက တော်တော်ကြီးကို မကျေနပ်ဘူး။ မနေ့က သတင်းထုတ်ပြန်ချက်ပုံစံမျိုးကို လူတွေက တော်တော်ပေါက်ကွဲနေကြတယ်။ ဒေါသ ထွက်နေကြတယ်။”
ရန်ကုန်မြို့မှာတော့ သံဃာတော်တွေ လမ်းထွက်တာနဲ့ အာရုံစူးစိုက်ခံရပြီး တချို့ဘက်စ်ကားတွေကိုတော့ မတင်ရဲတာမျိုး ဖြစ်ရအောင်လည်း အာဏာပိုင်တွေက ကားသမားတွေကို ခြိမ်းခြောက်မှုတွေ လုပ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
No comments:
Post a Comment