အိတ်ဇိုင်းလ် မာတလိ
အ..လဲ့…လဲ့..တော်..တော်..လည်တဲ့ ကျော်တင့်ဆွေ။ ကုလသမဂ္ဂက စင်မြင့်ပေါ်ကို တက်သွားပြီးတော့ ဘာတွေများပြောမလဲလို့ “အိတ်ဇိုင်းလ်မာတလိ” က ကိုယ်ထင်မပြဘဲ အခြေအနေကို အကဲခတ်ကြည့်နေတာ။
ကိုယ်တော်က သူ့လိုတကမ္ဘာလုံးက ကုလသမဂ္ဂဆိုင်ရာ သံတမန်တွေအရှေ့မှာ မျက်ရည်ခံထိုးပြီးတော့ “ကျနော်တို့ နအဖက ကျွန်ပြုထားတဲ့ မြန်မာနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူတာတွေ မလုပ်ပါနဲ့ဦးဗျာ။ ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ လေသံပစ်ထား .. အဲ..အဲ..ကြေညာထားပြီး ပါပြီ။” လို့ စပြီးတော့ ရွှီးတာနဲ့  .. အိတ်စိုင်းလ်မာတလိတောင်..စိတ်ထိန်းမရဘဲ သွားပြီးနားရင်းအုပ်မိတော့မလို့။
ဒီလူလိမ်တွေ လိမ်လာတာ ဘိုးတော်ဘုရားလက်ထက်.. အဲလေ .. ဟိုး .. န၀တလက်ထက်ကတည်းက အခုအထိပါပဲ။ အခုမုန့်ဆီကြော်လုပ်လိုက်၊ တော်တော်ကြာ စာကလေးကြော်လို့ ပြောလိုက်နဲ့ အိတ်စိုင်းမာတလိတို့တောင် ခေါင်းဖြူသွားပြီပဲ။ အားလုံးက ဒါတွေကို သိနေကြတယ်လေ။
အခု စက်တင်ဘာလအတွင်းမှာ ဖြစ်သွားတာတွေကို ကြည့်လိုက်ပေါ့၊ ပထမ သံဃာတွေပဲ ထွက်တာ။ နောက်ပိုင်းကျတော့ လူထုတွေလည်း ထွက်လာကြတာပဲ။
ပြည်သူလူထုတွေ အားလုံးခံနေရတယ်။ ဒါတွေကို ဆွမ်းခံကြွတဲ့ သံဃာတွေလည်း သိတယ်။ မသိဘဲ နေပါ့မလား။ အရင်တုံးက ကောင်းပေ့ဆိုတဲ့ ဆွမ်းဟင်းတွေကို လှူနေကြတဲ့ တကာတွေ၊ တကာမတွေ နောက်ပိုင်း ရေကျဲကျဲ ဟင်းချိုကိုပဲ လောင်းလှူလာတာ ဆယ်နှစ်ကျော်သွားပါပြီလေ။
စစ်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံဟာ ဖွတ်ကျောပြာစု မွဲတေလာခဲ့ရတာ ဘယ်လောက် ရင်နာစရာ ကောင်းသလဲဆိုရင် အိတ်စိုင်းမာတလိတို့ ခပ်ငယ်ငယ်တုံးကဆိုရင် မလေးရှားနိုင်ငံက သင်္ဘောတွေနဲ့ လာပြီးတော့ အိတ်စိုင်းလ်မာတလိတို့ နိုင်ငံက ဆန်တွေ၊ ကျွန်းသစ်တွေ လာဝယ်ကြတယ်။
ယိုးဒယားနိုင်ငံက လူတွေ အိတ်စိုင်းလ်မာတလိတို့ နိုင်ငံဖက်ကို လာပြီးတော့ ဆန်စက်တွေ၊ သစ်စက်တွေနဲ့ ရေခဲစက်တွေမှာ အလုပ်လုပ်ကြတယ်။ အိန္ဒိယက လူတွေ မီးရထား လာမောင်းကြတယ်။ မီးရထားလမ်း ဖေါက်ကြတယ်။ နောက်ဆုံး အိတ်စိုင်းလ်မာတလိတို့ယိုတဲ့ အီးအီးတွေကိုလည်း သိမ်းပေးကြတယ်။ နေ၀င်းနဲ့အောင်ကြီးတို့က အကြံပက်စက်ကြတာကိုး။ အီ အီးကျုံးပေးတဲ့သူတို့ကို အိန္ဒိယကို ပြန်မောင်းထုတ်လိုက်ပြီးတော့၊ ဗမာတွေနဲ့ အစားထိုးလိုက်တယ်လေ။
ဒီလိုနဲ့ နေ၀င်းလက်ထက်ကနေ.. ဖက်စစ်စစ်အုပ်စုဟာ မြန်မာနိုင်ငံကို စိတ်တိုင်းကျ ဖျက်ဆီးလာလိုက်ကြတာ။ အခုခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ။ အိတ်စိုင်းလ်မာတလိတို့ မြန်မာနိုင်ငံသားတွေ မလေးရှားမှာ၊ စင်္ကာပူမှာ၊ ယိုးဒယားမှာ၊ အိန္ဒိယမှာ၊ ဘင်္ဂလားဒေရှ့်မှာ၊ တရုတ်မှာ၊ တောင်ကိုးရီးယားမှာ၊ ဂျပန်မှာ … အဲဒီလို နိုင်ငံတကာမှာ ကျွန်သွားလုပ်နေရတယ်။
အဲဟ၀ါတို့ အဲစစ်အုပ်စုရဲ့ လက်နက်ကိုင်တွေကတော့ မြန်မာနိုင်ငံအတွင်းမှာ သေနတ်ပြ ခြိမ်းခြောက်ပြီးတော့ ပြည်သူလူထုရဲ့ ချွေးနည်းစာတွေကို လုယက်စားသောက်နေကြတယ်။ စစ်အုပ်စုရဲ့ နိုင်ငံတော်အဆင့်ကနေ၊ သူကြီး၊ ဆယ်အိမ်ခေါင်း၊ ဒရ၀မ်အထိ အားလုံးလာဘ်စားကြတယ်။
ဘယ်လောက်စားကြသလဲဆိုရင်၊ စစ်အုပ်စုရဲ့ ခေါင်းဆောင်ဓားပြမှူးကြီးရဲ့ သမီးမင်္ဂလာဆောင်တုန်းက သူတို့ခိုးဆိုး တိုက်ခိုက်ထားတာတွေကို ထုတ်ကြွားခဲ့ကြသေးတယ်လေ။ ဟိုသံလျင်ဖန်ချက်စက်ရုံက စာရွက်ဖိဖို့ထုတ်တဲ့ ဖန်လုံးတွေလောက်ကြီးတဲ့ စိန်တုံးတွေကို ဓားပြမှူးကြီးရဲ့ သမီးရွက်ထား၊ ထမ်းထားတာတွေ့ရတော့ အိတ်စိုင်းလ်မာတလိတယောက် အတော်လေး သံဝေဂရမိသွားတယ်။
သူတို့တွေ မြန်မာတနိုင်ငံလုံးက လူတွေကို ပေါ်တာဆွဲပြီးတော့ အတင်းအဓမ္မ ထမ်းခိုင်းခဲ့တာ ဓားပြမှူးကြီးသမီး မင်္ဂလာဆောင်တုန်းက ၀ဋ်လည်ပြီးတော့၊ ဘယ်သူမှမခိုင်းဘဲ သူတို့ဖာသာသူတို့ နှစ်ပိဿာလောက် အလေးချိန်ရှိတာတွေကို တနေ့လုံး ထမ်းပြနေခဲ့တယ်လေ။
အေး … ဒီဘ၀မှာတော့ စိန်တုံးတွေကို ထမ်းခဲ့ကြပေမယ့် နောင်လာလတ္တံ့သော ဘ၀တွေမှာ ဓားပြမှူးကြီးရဲ့ သားစဉ်မြေးဆက်တွေကော စစ်အုပ်စုဝင်တွေရဲ့ သားစဉ်မြေးဆက်တွေပါ အိတ်စိုင်းလ်မာတလိတို့ရဲ့ မြန်မာနိုင်င်ငံအီးအီးတွေကို ထမ်းပေးရဦးမှာ မလွဲပါဘူး။
စစ်အုပ်စုဝင်တို့ရေ မင်းတို့က လမ်းပြမြေပုံနဲ့ပဲ လိမ်လိမ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပဲ ညာညာ၊ ဘုရားတည် ကျောင်းဆောက်ပြီးတော့ ဘယ်လိုပဲ သူတော်ကောင်းယောင် ဆောင်ဆောင်၊ အခုတော့ ဘူးပေါ်သလိုပေါ်ပြီ။ သံဃာတွေကို လူပုံအလည်မှာ ရက်ရက်စက်စက် သတ်ပြလိုက်ပြီ။
တလျှောက်လုံး ခေါင်းမာခဲ့တဲ့ စစ်အုပ်စုဟာ အခုတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံကို တိုးတိုးတိတ်တိတ်နဲ့ ခိုးတွေ့နေရပြီ။ သူတို့ ဘာရည်ရွယ်ချက်နဲ့ ဘယ်လို အကန့်အသတ်တွေ ရှိရမယ်လို့ ပြောပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါရစေ ဆိုတဲ့စကားကိုတော့ ပြောလာရပြီ။ ဒါဟာ… စစ်အုပ်စု ကျဆုံးနိဂုံးချုပ်ဖို့အတွက် နိဒါန်းဖြစ်တယ်လို့ အိတ်စိုင်းလ်မာတလိ ပြောလိုက်ချင်ပါတယ်။
(အန်ဒါမန်ဟီးရိုးဘလော့ဂ်မှာ ကူးယူဖော်ပြပါသည်)
Sunday, October 7, 2007
စစ်အုပ်စု ကျဆုံးနိဂုံးချုပ်ဖို့အတွက် နိဒါန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment