Friday, October 12, 2007

ဗိုလ်ကျော်ဆန်း၏ အစီရင်ခံစာ

ကြပ်ပြေး-နတ်ကလေး

တနေ့သ၌ ကြပ်ပြေးနတ်ကလေးသည် ပျင်းပျင်းရှိသည်နှင့် ကြပ်ပြေးနေပြည်တော် ဖုန်တောထဲရှိ မြန်မာဘီယာစ တေရှင်တခုထဲ၌ သောက်သုံးနေကြကုန်သော ပြည်သူတို့၏ ရင်ဖွင့်သံ အစစ်အမှန်ကို နားဆင်ရန် မှောင်ရီပျိုးစ ညချမ်းချိန်ခါသမယတွင် ဆိုင်ထဲသို့ တိတ်တဆိတ် ၀င်ရောက်ခဲ့လေ၏။ ဆိုင်ထဲရောက်သည်နှင့် စားပွဲဝိုင်း အသီး သီးတွင် ဘီယာခွက်ကိုယ်စီကိုင်ကာ စကားစမြည် ပြောဆိုနေကြသော ဌာနဆိုင်ရာ အသီးသီးမှ လာဘ်လာဘ ရွှင်ပြတော်မူကြသည့် အပေါ်မကျအောက်မက ၀န်ထမ်းမကြီးတကြီးများ၊ ကြပ်ပြေးနေပြည်တော် မြို့သစ်ကို အပူ တပြင်း တည်ဆောက်တော်မူနေကြသည့် မင်းတရားကြီးကိုယ်တော်ရွှေ၏ သားသမက်ဖြစ်သူ ဦးတေဇ၏ ထူးကုမ္ပ ဏီမှ ဆောက်လုပ်ရေး ၀န်ထမ်းများ၊ ကြပ်ပြေးနယ်မြေသစ်တွင် အကြံအဖန် ခွင်သစ်ရှာဖွေရန် လာရောက်စနည်း နာနေကြကုန်သော မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ဘာပဲလုပ်ရလုပ်ရသမားများ၊ မင်းတရားကြီးကိုယ်တော် ရွှေ၏ သစ္စာခံ အရပ်ဝတ် ထောက်လှမ်းရေးများကို စည်စည်ကားကား တွေ့ရလေ၏။

ဆိုင်ထဲ၌ လက်ပံပင်ဆက်ရက်ကျသလို စကားသံများညံစီနေ၍ ဘယ်ဝိုင်းက ဘာပြောနေသည်ကို သဲသဲကွဲကွဲ မ ကြားရ။ ကြားရသည်ဆို၍ တချက်တချက်တွင် ၀ိုင်းတချို့မှ တ၀ါးဝါး တဟားဟား ရယ်မောပြီး ‘ချီးယား’ ဟုဆို သည့် ဖန်ခွက်ချင်း ထိခတ်သံများသာ ‘ခလွမ် ခလွမ်’နှင့် ရှိချေ၏။ ထိုသို့ တခါ ‘ခလွမ်’တိုင်း ငါတို့၏ နအဖအစိုးရ မင်းတွေ အကြောင်းများ အတင်းပြောနေလေကြသလား ဟူသည့်သံသယနှင့် အရပ်ဝတ် ထောက်လှမ်းရေးဝိုင်းမှ သကောင့်သားများ ကျီးကြည့်ကြောင်ကြည့် လှည့်လှည့်ကြည့်နေကြသည်ကို တွေ့ရလေ၏။ ကြပ်ပြေးနတ်က လေးကမူ တ၀ိုင်းဝင် တ၀ိုင်းထွက် အနီးကပ် နားစွင့်ခွင့်ရနေ၍ ဘယ်ဝိုင်းက ဘာပြောသည်ကို အတိအကျကြား နေရကား ထောက်လှမ်းဆိုသည့် ငနဲသားတွေကို အသနားကြီး သနားနေမိလေ၏။ ထောက်လှမ်းရေး သကောင့် သားများ တွေးထင်သည့် အတိုင်းပင် ၀ိုင်းတိုင်းဝိုင်းတိုင်း၌ မင်းတရားကြီး ကိုယ်တော်ရွှေနှင့်တကွ အစိုးရမင်းဆိုး ရာဇာအပေါင်းကို တိတ်တဆိတ် ကြိမ်ဆဲသံများနှင့် ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်ဟူသည့် ဘနဖူးသိုက်တူးမည့် အသံများကိုသာ ကြားနေရလေ၏။

ထိုစဉ် ဆိုင်ရှင် ဗိုက်ပူပေါက်ဖော်ကြီးက ‘၀လို့ဆိုင်ကို လာရောက်အားပေးကြစူများ ခီများ၊ အခုအစိန်ကစပြီး အ ရေးစီးတဲ့ စတင်းလာတော့မှာမို့ ခိတ ငြိမ်ပေးကြပါခီများ’ ဟူသည့် ဗမာစကား မပီမသနှင့် အော်ဟစ်ပြောဆို သံ ကြီး ထွက်ပေါ်လာလေ၏။ ထိုအသံပြဲကြီးကို ကြားသည်နှင့် ဆိုင်ထဲရှိ သောက်သုံးသူများသည် မီးကိုရေနှင့် ငြှိမ်း လိုက်သည့်အလား ငြိမ်သက်သွားကြလေသည်။ ကြပ်ပြေးနတ်ကလေးလည်း ဘာများပါလိမ့်ဟူသည့် စိတ်ဝင်စား မှုနှင့်အတူ အခကြေးငွေမယူဘဲ ပြသတော်မူနေသည့် တီဗွီစကရင်ဘက်သို့ မျက်နှာမူမိလေ၏။ သိပ်မကြာပါချေ။ တီဗွီစကရင်ပေါ်၌ အရပ်ပုကွကွ ပုံမကျပန်းမကျ စစ်ဝတ်စစ်စားနှင့် ကပေါက်တိကပေါက်ချာ စကားတွေပြော တော်မူလေ့ရှိသော နေပြည်တော် ပြန်ကြားရေးဝန်ကလေး ဗိုလ်ကျော်ဆန်း၏ မချိုမချဉ် ရုပ်ပုံလွှာကို စတင်တွေ့ရ ချေ၏။ ထိုအခါကျမှ ဆိုင်ရှင်ပေါက်ဖော်ကြီး အလန့်တကြားထအော်သည့် အရေးကြီးသတင်းဆိုသည်မှာ နအဖ ပြန်ကြားရေးဝန်ကလေး ဗိုလ်ကျော်ဆန်း၏ သတင်းညာရှင်းလင်းပွဲ ဖြစ်သည်ကို သိရလေ၏။

အဆိုပါ သတင်းညာရှင်းလင်းပွဲတွင် ဗိုလ်ကျော်ဆန်းတယောက် ပြည်တည်တည် မျက်နှာပေးနှင့် အလိမ်အညာ ၀ါးတားတား စကားများကို အင်ထရို ပြောကြားတော်မူပြီးနောက် ဗိုလ်ကျော်ဆန်း ရွေးချယ်ထားသည့် မီဒီယာအ တိုင်ပင်ခံ စာနယ်ဇင်းအလိုတော်ရိများ ဖြစ်ကြသော မြတ်ခိုင်၊ ဟိန်းလတ်၊ ဇန်ဇန်၊ ဒေါက်တာတင်ထွန်းဦးနှင့် ကို ကို(စက်မှုတက္ကသိုလ်)တို့က အလွတ်ကျက်မှတ်ထားသည့် ကလေးကလား မေးခွန်းများကို တယောက်တလှည့် ထထမေးကြလေ၏။ အီးအီးမှန်သည့် မျက်နှာပေးများနှင့် မလှုပ်မယှက် စိတ်လက်မသာမယာ နားဆင်တော်မူနေ ကြသော အတင်းအကြပ် ချောဆွဲခံထားရသည့် သတင်းညာရှင်းလင်းပွဲလာ ပေါ်တာဧည့်သည်တော် များကိုကြည့် ကာ ကြပ်ပြေးနတ်ကလေး တကိုယ်တည်း စုပ်တသပ်သပ် ဖြစ်နေမိ၏။ ထိုသို့ ပျင်းစရာကောင်းသည့် သတင်းညာ ရှင်းလင်းပွဲကို ကြည့်လိုက် ဘီယာခိုးများကို ရှူရှိုက်လိုက်နှင့် ကြပ်ပြေးနတ်ကလေးလည်း တဖြေးဖြေး ငိုက်မြည်း တော်မူလာ၏။ ငိုက်မြည်းနေရင်း အကျွန်ုပ်နတ်ကလေး၏ ပါးစပ်မှ စီးကျတော်မူသည့် သွားရည်များက ထောက် လှမ်းရေး သကောင့်သားတဦး၏ ပြောင်နေသော ငယ်ထိပ်ပေါ်သို့ တပေါက်ချင်း စီးဆင်းသည့် အခိုက်တွင် ‘ဟာ … ဆိုင်က မိုးမလုံဘူးကွ၊ မိုးပေါက်တွေ ကျလာပြီ၊ ပြန်ကြရအောင်’ ဟူသည့် မူးကြောင်မူးကြောင် အလန့်တ၏ ကြား အော်လိုက်သံကြောင့် ကြပ်ပြေးနတ်ကလေး ဆတ်ကနဲ မျက်လုံးကျယ်သွားလေ၏။

ကမန်းကတန်း မျက်လုံးပွတ်ရင်း တီဗီစကရင်ကို ကြည့်လိုက်ရာ သတင်းညာရှင်းလင်းပွဲလာ ပေါ်တာဧည့် သည် များက ‘ဖြောင်း … ဖြောင်း … ဖြောင်’ ဟူသော ကျသံနှင့်ဆုံးသည့် လက်ခုပ်သံကို စိတ်မပါလက်မပါ တီးရင်း ပွဲ သိမ်းနေသည်ကို တွေ့ရလေ၏။ ကြပ်ပြေးနတ်ကလေးလည်း အိပ်ချင်လာသည်နှင့် ဘီယာစတေရှင်ထဲမှ ပြန် ထွက်ခဲ့လေသည်။ အိပ်ဆောင်သို့အပြန် လေညင်းခံရင်း မင်းတရားကြီး ကိုယ်တော်ရွှေ စိုးစံတော်မူသည့် နန်း တော်နံဘေးမှ ဖြတ်လျှောက်ခဲ့လေ၏။ ထိုစဉ် မင်းတရားကြီး၏ နန်းတော်ခန်းမဆောင်အတွင်းမှ ဆူပူကြိမ်းမောင်း သံများ တရစပ် ကြားရတော်မူ၍ မျက်လုံးကျယ်သွားကာ ဒိုင်လျှိုကလေးဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်လေ၏။

ငိုက်မြည်းနေသည့် ကိုယ်ရံတော်အစောင့်များကို အသာအယာ ကျော်ဖြတ်ပြီး ခန်းမဆောင်အတွင်းသို့ ၀င်လိုက် သည်နှင့် တရှူးရှူး တရှဲရှဲဖြစ်နေသော မင်းတရားကြီး ကိုယ်တော်ရွှေ၏ ရှေ့တော်မှောက်တွင် လက်အုပ်ချီကာ တုန်တုန်ရီရီနှင့် ဒူးထောက်ခစားနေသော ပြန်ကြားရေးဝန်ကလေး ဗိုလ်ကျော်ဆန်းကို မျက်နှာမသာမယာနှင့် တွေ့ရလေ၏။ ကြပ်ပြေးနတ်ကလေးလည်း မျက်နှာချင်းဆိုင် ရှိနေကြသည့် သူတို့နှစ်ဦးနှင့် ဖိုခနောက်ဆိုင် နေရာ ယူကာ နံဘေးမှ ငြိမ်ငြိမ်ဆိတ်ဆိတ် နားစွင့်နေမိ၏။ တခဏတာ နားသောတဆင်ပြီးမှ မင်းတရားကြီး ကိုယ်တော် ရွှေ ရွှေစိတ်တော်ဆိုးနေသည့် အကြောင်းရင်းကို တီးခေါက်မိလေသည်။ ကိုယ်တော်ရွှေ ဒေါသပုန်ထနေခြင်းမှာ ခု နလေးတင် လွှင့်ထုတ်သွားသည့် သတင်းညာရှင်းလင်းပွဲနှင့် ဆက်စပ်တော် မူနေလေသည်တကား။

ရွှေ ။ ။ ကိုင်း … မောင်မင်းကျော်ဆန်း၊ ဒီညလွှင့်ထုတ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတွေ ကိုယ်စီကိုယ်ငှ ထမေးခဲ့တဲ့ သကောင့်သား(၅)ဦးဟာ ဘယ်လိုကောင်စားမျိုးတွေလဲ ဆိုတာကို ငါကိုယ်တော်မြတ် ရှင်းလင်း အောင် လျှောက်တင်တော်မူစမ်း။ အဘယ်ကြောင့် သတင်းစာရှင်းလင်းပွဲ မကျင်းပခင် ငါကိုယ်တော်မြတ်ကို ရီပို့ (အဲလေ …) သံတော်ဦး မတင်သလဲ ဆိုတာကိုပါ တပါတည်း လျှောက်တင်စမ်း။
ဆန်း ။ ။ မှန်လှပါ။ အဆိုပါ ငနဲသား(၅)ဦးစလုံးဟာ ကျွန်တော်မျိုးတို့ နအဖသက်တမ်းတလျှောက် သစ္စာခံခဲ့တဲ့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေဖြစ်လို့ စိတ်ချရတယ်လို့ ယုံကြည်ပြီး ဒီညထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စမ်းသုံးကြည့်ခဲ့ခြင်းပါ ဘုရား။

ရွှေ ။ ။ အနို့ နေစမ်းပါဦး၊ ဟို … မြတ်ခိုင်ဆိုတဲ့ အကောင်က ဟိုကောင် ခင်ညွန့်လက်ထက်ကတည်းက ကျော် ၀င်းမွေးထားတဲ့ အင်ဖော်မာဆို၊ ဟုတ်သလားကွဲ့၊ လင်းစမ်းပါဦး။
ဆန်း ။ ။ မှန်လှပါဘုရား၊ မြတ်ခိုင်ဟာ ဗိုလ်ခင်ညွန့် လက်ထက်ကတည်းက သုံးခဲ့တဲ့ အင်ဖော်မာဆိုပေမယ့် ဘယ်သူတက်တက် လျှာနဲ့လျက်မယ်ဆိုတဲ့ ဖော်လံဖားလူစားမျိုး ဖြစ်တာကြောင့် ကိုယ်တော်မြတ်တို့လို အာဏာ လက်ကိုင်ရှိသူတွေ အပေါ်မှာလည်း ဖောက်လွဲဖောက်ပြန် မလုပ်လောက်ဖူးဟု ယုံကြည်၍ စမ်းသုံးကြည့်ခဲ့ခြင်း ဖြစ်ပါတယ် အရှင်ဘုရား။

ရွှေ ။ ။ အိမ်း နောက်တကောင် ဟိန်းလတ် ဆိုတဲ့သူကကောကွဲ့။ သူ့အကြောင်းကို လင်းစမ်းပါဦး။
ဆန်း ။ ။ မှန်လှပါ။ သူကလေးကတော့ အမျိုးသားစာပေဆုရပြီးခါစမှာ စာပေငတက်ဖြားလုပ်မှုကြီး လူမိသွားလို့ စာနယ်ဇင်းတွေဝိုင်းပြီး ဆော်ပလော်မတီးအောင် စာပေစိစစ်ရေးက အကာအကွယ် လုပ်ပေးခဲ့ရသူလေးပါ။ အဲဒီ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ ကျွန်တော်မျိုးတို့ နအဖက ဘာပဲခိုင်းခိုင်း အမှုတော်ကို ရိုရိုကျိုးကျိုး ထမ်းရွက်ဖို့ အဆင် သင့်ပါပဲလို့ စာပေစိစစ်ရေးကတဆင့် လျှောက်တင်လာသူကလေးပါ ဘုရား။

ရွှေ ။ ။ ဟို ကုလားလိုလို မျက်မှန်နဲ့ တကောင်ကကောကွဲ့။ သူ့အကြောင်းလည်း လင်းစမ်းပါဦး။
ဆန်း ။ ။ မှန်လှပါ။ သူကလေးကတော့ ထောက်လှမ်းရေး(၁၄)က သုံးခဲ့တဲ့ အင်ဖော်မာလေး ခင်မောင်သန်း(ခေါ် ) ဇန်ဇန်ပါ။ ဗိုလ်ခင်ညွန့် လက်ထက်ကတည်းက အင်ဖော်မာလုပ်ခဲ့သူ ဖြစ်ပေမယ့် စိတ်ချရတဲ့ အကြောင်းအရင်း တွေ အခိုင်အလုံရှိတာကြောင့် စမ်းသုံးခဲ့ခြင်းပါဘုရား။

ရွှေ ။ ။ ဘယ်လိုအကြောင်းကြောင့် ခင်ညွန့်သုံးခဲ့တဲ့ အကောင်ကို စိတ်ချတယ်လို့ ဆိုရတာတုန်း၊ ရှင်းစမ်း မောင် မင်း။
ဆန်း ။ ။ မှန်လှပါ။ သူကလေးက မိန်းမကြောက်ရပြီး မိန်းမစကားကို မြေ၀ယ်မကျ နားထောင်ရသူလို့ သိရပါ တယ်။ သူကလေးရဲ့ မိန်းမက လွန်ခဲ့တဲ့ (၂)နှစ်လောက်က ဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။ သူကလေးရဲ့ မိန်းမက အသက်မထွက်ခင်မှာ ထမင်းရှင် ထောက်လှမ်းရေး(၁၄)နဲ့ နအဖကို သေတဲ့အထိ သစ္စာရှိဖို့ ကတိပေးရ မယ်လို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ သူကလေးက မိန်းမကြောက်ရသူပီပီ ပေးတဲ့ကတိအတိုင်း တသဝေမ တိမ်း လိုက်နာသူဖြစ်လို့ ဆက်ပြီးသုံးကြည့်ခြင်းပါ ဘုရား။

ရွှေ ။ ။ ဟို ထိပ်ပြောင်ပြောင် သွားဖြီးဖြီး မျက်မှန်နဲ့ တကောင်ရယ်၊ တရုတ်လိုလို တကောင်ရယ် ကကောကွဲ့။ ဘယ်သူတွေလဲ၊ လင်းစမ်းပါဦး။
ဆန်း ။ ။ မှန်လှပါ။ သူတို့က ဒေါက်တာတင်ထွန်းဦးနဲ့ ကိုကို(စက်မှုတက္ကသိုလ်)တို့ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦး ကလည်း မြတ်ခိုင်လိုပဲ ဘယ်သူတက်တက် လျှာနဲ့လျက်မယ်ဆိုတဲ့ လူစားမျိုးတွေဖြစ်ကြောင်း အထောက်အထား အခိုင်အလုံရှိတာကြောင့် စမ်းသုံးခဲ့ခြင်းပါဘုရား။

ရွှေ ။ ။ အနို့ နေစမ်းပါဦး၊ မောင်မင်းမှာ စမ်းသပ်သုံးစရာလူတွေ ဒီလောက်ပဲ ရှားတော်မူရလားကွဲ့။ စာနယ်ဇင်း သမားတွေထဲက ငါကိုယ်တော်မြတ်တို့ နအဖအဖွဲ့ကိုသစ္စာခံမယ့် လူသစ်တွေ ရှာဖွေလို့ မရနိုင်တော့ဘူးလားကွဲ့။
ဆန်း ။ ။ မှန်လှပါ။ ကျွန်တော်မျိုးလည်း အမျိုးမျိုး စနည်းနာကြည့်ပြီးပါပြီ။ စာနယ်ဇင်းသမားအများစုက ကျွန် တော်မျိုးတို့ နအဖကို ကွယ်ရာတမျိုး တိတ်တိတ်တဖုံ မသိမသာ ဆန့်ကျင်ကြတဲ့ သူတွေဖြစ်တာကြောင့် အခွင့်အ ရေးပေးရင် ဘာမဆိုလုပ်တဲ့ ဒီလူဟောင်း အင်ဖော်မာ ဖော်လံဖားတွေကိုပဲ ဆက်သုံးနေရခြင်း ဖြစ်ပါတယ်။ ကျန် တဲ့သူတွေအများစုက ပြည်ပအားကိုး ပုဆိန်ရိုးတွေ ဖြစ်နေကြလို့ ကျွန်တော်မျိုးတို့ နအဖအတွက် စိတ်မချရ ကြောင်းပါ အရှင်ဘုရား။

ရွှေ ။ ။ အိမ်း … မောင်မင်း အလျှောက်ကောင်းလို့ အထောင်းသက်သာတယ်မှတ်။ ဒါပေမယ့် နောက်တကြိမ် သတင်းစာရှင်းလင်းပွဲကစပြီး တိုက်ရိုက်အသံလွှင့်ထုတ်မှုကို ငါကိုယ်တော်မြတ် တားမြစ်တော်မူတယ်။ ငါကိုယ် တော်မြတ်ရှေ့မှာ အဲဒီသကောင့်သား ငါးဦးနဲ့အတူ အမေးအဖြေတွေကို ရီဟာဇယ် အကြိမ်ကြိမ်လုပ်ပြီးမှ သတင်း စာရှင်းလင်းပွဲကို ကျင်းပခွင့်ပြုတော်မူမယ်။
ဆန်း ။ ။ အဲသလို ဘိုင်ဟတ်ကျက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပတာ အပြင်ကို ပေါက်ကြားသွားရင် ကျွန် တော်မျိုးတို့ နအဖအပေါ် ပြည်ပမီဒီယာတွေက တရစပ်ထိုးနှက်လာမှာ စိုးရိမ်ရပါတယ် အရှင်ဘုရား။

ရွှေ ။ ။ တော် … တန် … တိတ်။ သူတို့ ထိုးနှက်တာ မထိုးနှက်တာထက် မောင်မင်းအနေနဲ့ ဖောင်းရှော့တွေ မ ပြောမိဖို့က အရေးကြီးတယ်ဆိုတာ သိထားစမ်း။ တော်ကြာ မောင်မင်းအာချောင်ပုံနဲ့ (၉၀)ရွေးကောက်ပွဲပြီးရင် စစ် တန်းလျားကို ပြန်ပါ့မယ်လို့ ပြောမိတဲ့ ဗိုလ်စောမောင်လို ဖောင်းဖြစ်မှာ စိုးရသကွဲ့။ ဗိုလ်စောမောင် အာချောင်ခဲ့ တာကို (၁၈)နှစ်လုံးလုံး ငါတို့ မျက်နှာပြောင်တိုက်ပြီး ရှင်းနေရတာ မောင်မင်းအသိပဲ မဟုတ်လား။
ဆန်း ။ ။ မှန်လှပါ၊ သိတော်မူကြောင်းပါ အရှင်ဘုရား။

ရွှေ ။ ။ အိမ်း … သိတော်မူရင် ငါကိုယ်တော်မြတ် မိန့်တော်မူတဲ့အတိုင်း တသဝေမသိမ်း လိုက်နာဆောင်ရွက် စေ။
ဆန်း ။ ။ မှန်လှပါ။ အမိန့်တော်မြတ် အတိုင်းပါ ဘုရား။

ရွှေ ။ ။ ကိုင်း … ကိုင်း .. သဘောပေါက်ရင် မောင်မင်း ပြန်စေ။

အမိန့်တော်ဆုံးသည်နှင့် ဗိုလ်ကျော်ဆန်းတယောက် နဖူးမှစီးကျနေသော ချွေးစီးချွေးပေါက်ကြီးများကို လက်နှင့် သပ်ချကာ ‘ဟူး’ ဟု သက်ပြင်းရှည်ကြီး မှုတ်ထုတ်ပြီးသကာလ စစ်ဖိနပ်ကိုပင် မစီးနိုင်တော့ဘဲ ချိုင်းကြား တွင် ညှပ်ကာ မင်းတရားကြီး ကိုယ်တော်ရွှေ၏ ခန်းမဆောင်မှ တချိုးတည်း သုတ်ခြေတင်တော့သည်ကို ပြုံးချင်စဖွယ် တွေ့လိုက်ရလေ၏။

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်။)

No comments: