လူထုတိုက်ပွဲဆင်နွှဲဖို့၊ ပေါ်ပေါက်ဖို့ လိုအပ်ပြီဟု ဆုံးဖြတ်သည့် လွတ်မြောက်နယ်မြေမှ
အဖွဲ့အစည်းများ၊ ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ
လေးစားအပ်ပါသော မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့်
အဖွဲ့အစည်းများ၊ ခေါင်းဆောင်များခင်ဗျား ...
မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတဦးအနေနှင့် အနည်းငယ်အကြံပြု ပြောကြားလိုပါသည်။ ယခုအခါ မြန်မာ ပြည် ဒီမိုကရေစီရရှိရေးအတွက် နောက်ဆုံးနည်းလမ်းအဖြစ် လူထုတိုက်ပွဲလိုအပ်ပြီ၊ လူထုတိုက်ပွဲဖြစ်မြောက် အောင် ပုံဖော်တော့မည်ဟု လွတ်မြောက်နယ်မြေရှိ NCUB, NLD(LA), FDB ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်း များ၏ တရားဝင်ထုတ်ပြန်သည့် ကြေညာချက်များကို ဖတ်ရှုရ၍ များစွာအားတက်မိပါသည်။ ကျနော် ကိုယ်တိုင် လည်း လူထုတိုက်ပွဲဖြစ်လာလျှင် ကျရာနေရာမှ တက်တက်ကြွကြွ ပါဝင်ဖို့ ပိုင်းဖြတ်ထားသူ ဖြစ်ပါသည်။
သို့ရာတွင် ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များကို ဆက်ဖတ်ကြည့်ရာ အားတက်စရာတ၀က်၊ အားပျက် စရာတ၀က်ကို တွေ့မြင်နေရ၍ ဤအိတ်ဖွင့်ပေးစာကို ရေးသားရခြင်းဖြစ်ပါသည်။ အားတက်စရာဆိုသည်မှာ လူထု တိုက်ပွဲကို တက်ညီလက်ညီ ပုံဖော်တော့မည်ဆို၍ အားတက်ခြင်းဖြစ်ပြီး အားပျက်ရသည်ဆိုခြင်းမှာ လူထုတိုက်ပွဲ ဖြစ်ပေါ်ဖို့သည် ပြည်တွင်းက လူထုအပေါ်တွင် အဓိကမူတည်သည်ဟူသော အာဘော်မျိုးကို ဖတ်ရှုရ၍ ဖြစ်ပါ သည်။ ယခုအခါ ပြည်တွင်းကလူထု၏ အခြေအနေသည် အထွေထွေအကျပ်အတည်းကြောင့် အုံကြွချင်သော် ငြားလည်း နအဖစစ်အုပ်စု၏ အစီအစဉ်တကျ ဖိနှိပ်မှုများကြောင့် အုံမကြွရဲသည့် အနေအထား ဖြစ်နေသည်ကို လူကြီးမင်းတို့ အသိပင်ဖြစ်ပါသည်။ ထိုအနေအထားကို စောင့်နေလျှင် ဖြစ်ချင်လည်း ဖြစ်လာမည်။ ဖြစ်မလာပါ က ဒီမို-၂၀၀၆ မကဘဲ ဒီမို-၃၀၀၆ တိုင်သွားမှာ စိုးရပါသည်။
ယခုအချိန်သည် ဆရာကြီးမှိုင်း မိန့်မှာခဲ့သလို ပြည်တွင်းရော ပြည်ပကပါ ထထကြွကြွနှင့် သိုင်းရ၀ိုင်းရမည့်အချိန် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှ ခေါင်းဆောင်များ၊ တိုက်ပွဲဝင်နေကြသူများအနေနှင့် ပြည် တွင်းကလူထုကြီး ထကြွလာမည့်အချိန်ကိုသာ စောင့်မျှော်မနေကြဘဲ ပြည်ပမှနေ၍ ကိုယ်လှုပ်လို့ရသည့် အနေအ ထားနှင့် စလှုပ်ကြည့်ကြဖို့ အချိန်တန်ပြီဟု ပြောကြားလိုပါသည်။ သို့မှသာ နအဖအနေနှင့် အရူးမီးဝိုင်းဖြစ်ပြီး ပြည် တွင်းကလူထုပါ လှုပ်လာနိုင်သည့် အခြေအနေမျိုး ဖြစ်လာမည်ဟု ထင်ပါသည်။ ယခုအခါ ပြည့်အင်အားသည် ပြည်တွင်းမှာသာမကဘဲ ပြည်ပ(မြန်မာပြည် ပတ်ပတ်လည်)မှာပါ သန်းနှင့်ချီ၍ ရှိနေပြီဖြစ်ပါသည်။ ဤအချက်ကို ခေါင်းဆောင်များ မေ့လျော့နေမည်စိုး၍ ထုတ်ဖော်ပြောဆိုရခြင်းဖြစ်ပါသည်(မမေ့လျော့လောက်ဟု ထင်ပါသည်)။ ထိုအင်အားနှင့် ဖို့သတ်လျှင်ပင် နအဖစစ်တပ်မှာ ပိပြားသွားမည့်အနေအထား ဖြစ်ပါသည်။ ဒေါက်တာဆလိုင်း ထွန်းသန်း တဦးတည်း လှုပ်သည်ကိုပင် နအဖစစ်အုပ်စု ဖိန့်ဖိန့်တုန်အောင် ကြောက်နေပါလျှင် ပြည်ပ(မြန်မာပြည် ပတ်ပတ်လည်)မှ သန်းနှင့်ချီသည့်အင်အားနှင့် ပြိုင်တူလှုပ်ကြမည်ဆိုလျှင် ‘ဘယ်ကိုပြေးမလဲ... နအဖ’ဟုသာ မေး စရာရှိတော့မည် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် လုံးဝဥ၏ုံအမြစ်ပြတ်ဖို့အတွက် ဤလူထု တိုက်ပွဲနည်းလမ်း သည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ပြည်တွင်းမှ လှုပ်မရသည့်လူထုကြီး လှုပ်လို့ရလာအောင် ပြည်ပ မှ ရှိရှိသမျှအင်အားနှင့် ပြိုင်တူလှုပ်ကြဖို့ အကြံပြုပြောကြားလိုက်ရပါသည်။
နိုင်ငံရေးဆိုသည်မှာ လူထုလိုက်ပါလာအောင် စနစ်တကျစည်းရုံးလုပ်ဆောင်နိုင်လျှင် အောင်ပွဲရသည်ချည်း ဖြစ်ပါ သည်။ လွတ်မြောက်နယ်မြေရှိ လူထုကြီးသည်လည်း ပြည်တွင်းကလူထုကဲ့သို့ပင် (ဆရာလူထုစိန်ဝင်း ရေးသား သလို မစောင့်နိုင်ကြတော့ဘဲ) ဦးဆောင်မှုပေးလျှင် လိုက်ပါဖို့ အဆင်သင့်ဖြစ်နေကြသည့် အနေအထားကို တွေ့ မြင်နေရပြီ ဖြစ်ပါသည်။ ထို့အတွက် လွတ်မြောက်နယ်မြေရှိ ခေါင်းဆောင်များက ဦးဆောင်ဦးရွက်ပြုပြီး ပြည်ပ (မြန်မာပြည် ပတ်ပတ်လည်)မှ သန်းနှင့်ချီသည့် လူထုအင်အားကို လှုံ့ဆော်စည်းရုံးးနိုင်လျှင် ကျနော်တို့အားလုံး မျှော်မှန်းသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရန် အလှမ်းဝေးတော့မည်မဟုတ်ဟု ထင်မြင် မိပါသည်။ ကျနော်တို့ဗိုလ်ချုပ် ဆိုညည်းခဲ့သလို အမိမြန်မာပြည်ကြီး ‘ဘေးမသန်းဘဲ အေးချမ်းတော့မည်’ဟု အ ခိုင်အမာ ယုံကြည်မိပါသည်။ ခေါင်းဆောင်များအနေနှင့် တပ်ပေါင်းစုဖွဲ့ပြီး ညီညီညွတ်ညွတ် ဦးဆောင်ဦးရွက် ပြု ပေးကြစေလိုပါသည်။
လူထုတိုက်ပွဲတွင် ပါဝင်ဖို့မျှော်လင့်လျက် ...
ဒေါက်တာလွဏ်းဆွေ
ဒု-ဥက္ကဌ၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (လွတ်မြောက်နယ်မြေ)
တာဝန်ခံအယ်ဒီတာ၊ နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်
(မဇ္ဈိမ၊ ယနေ့မြန်မာ၊ ဟစ်တိုင် အင်တာနက်စာမျက်နှာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
Monday, September 17, 2007
အိတ်ဖွင့်ပေးစာ (သြဂုတ်-၂၀၀၆)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment