Sunday, September 16, 2007

၂၀၀၅၊ ဇူလိုင်လ(၁)ရက်နေ့က လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပြီးနောက် ခေတ်ပြိုင်နှင့် တွေ့ဆုံမေးမြန်းခန်း

မေးမြန်းသူ – ကေသော်

ခေတ်ပြိုင် ။ ။ ဆရာအနေနဲ့ နယ်စပ်ဒေသ လွတ်မြောက်နယ်မြေကို ထွက်ခွာလာခဲ့ရတဲ့ အကြောင်းကို ပြောပြပေးပါလား။

လွဏ်း ။ ။ ကျနော့်အနေနဲ့ စာပေနယ်မှာ နိုင်ငံရေးစိတ်ကို အခြေခံပြီး ကိုယ်နိုင်သလောက် မြှုပ်နှံလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် တစုနီးပါးပါပဲ။ မြားနတ်မောင်မဂ္ဂဇင်းကို လုပ်ကိုင်ခဲ့တာ စီးပွားရေးအတွက် မဟုတ်ပါဘူး။ ကိုယ်ယုံကြည်တာတွေကို ကိုယ်နဲ့ ယုံကြည်ချက်တူတဲ့ လူတွေနဲ့ လက်တွဲလုပ်ဆောင်ပြီး စာဖတ်ပရိသတ်ဆီကို ပို့ပေးချင်တဲ့ စေတနာနဲ့ အဓိကထား လုပ်ဆောင်ခဲ့တာပါ။ အထူးသဖြင့် ပြည်တွင်းစာပေနယ်က ဒီမိုကရေစီ အင်အားစုတွေလို့ ကိုယ်ယုံကြည်တဲ့ စာရေးဆရာတွေရဲ့ စာမူတွေနဲ့ စုစည်းချီတက်ခဲ့တာပါ။ အစောပိုင်းကာလတွေမှာ ပရိသတ်ဆီကို ကိုယ်ပေးချင်သလောက် ကျယ်ကျယ်ပြန့်ပြန့် ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ကိုယ်နဲ့ယုံကြည်ချက်တူတဲ့ ပရိသတ်တွေလည်း အခိုင်အမာ ရခဲ့ပါတယ်။ ဒီနေ့အချိန် ကာလမှာတော့ မြန်မာနိုင်ငံရဲ့ အထွေထွေချွတ်ချုံကျမှုဟာ တစတစ ပိုပိုပြီး ဆိုးဝါးလာတဲ့အတွက် အကျိုးဆက်အဖြစ် ရသစာပေ ဈေးကွက်လည်း ကျဆင်းခဲ့ရပါတယ်။ အဲဒီတော့ ပရိတ်သတ်ဆီကို ကိုယ်ပေးချင်တဲ့ အကြောင်းအရာတွေ ကျယ်ကျယ် ပြန့်ပြန့်ပို့ဆောင်နိုင်မှု တစတစ လျော့နည်းလာတာကို တွေ့ရပါတယ်။ စာဖတ်ပရိသတ်တွေဟာလည်း စားဝတ်နေရေး သံသရာမှာ လုံးချာလည်နေရတဲ့အတွက် မဂ္ဂဇင်းတွေကို ဖတ်ဖို့ အချိန်နဲ့ငွေကြေး နည်းပါးလာတာကို တွေ့ရပါတယ်။ အဲဒီတော့ ကျနော်တို့ လုပ်သလောက် ပေးချင်သလောက် အရာမရောက်တော့တာကို တွေ့ရတယ်။ အဲဒါကြောင့် အခုလို အပြင်ထွက်ပြီး ကိုယ်ယုံကြည်တာတွေကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြည့်ဦးမယ် ဆိုတဲ့စိတ်နဲ့ လာခဲ့တာပါ။ အဓိကကတော့ အပြင်က ဒီမိုကရေစီအင်အားစုတွေကို ကိုယ်တတ်နိုင်တဲ့ထောင့်က ကူညီချင်တာရယ်။ ကျနော်တို့ လူ့အဖွဲ့ အစည်းအတွက် အကျိုးရှိရာရှိကြောင်း ဆက်လက်လေ့လာ သင်ယူချင်တာလေးတွေလည်း ရှိတာရယ်ကြောင့်ပါ။

ခေတ်ပြိုင် ။ ။ ကျနော်တို့အနေနဲ့ ဆရာက မြားနတ်မောင်မဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာအဖြစ်ရော၊ ထုတ်ဝေသူအဖြစ်ပါ တာဝန်ယူနေခဲ့တာ ဆယ်နှစ်နီးပါးရှိပြီလို့ သိထားပါတယ်။ အခုလိုအချိန်မှ ဆရာ အပြင်ထွက်လာတယ် ဆိုတော့ ဆရာစတင်တာဝန်ယူခဲ့တဲ့ ကာလနဲ့ ဒီနေ့အချိန်ကာလ အလွန်ခြားနားခဲ့ပြီလား။ စာပေလောက အခြေအနေရယ်၊ ဒီနေ့ စာဖတ်ပရိသတ် အခြေအနေရယ်၊ ဆက်စပ် ပြောပြပေးပါလား။

လွဏ်း ။ ။ မြားနတ်မောင်မဂ္ဂဇင်းကို ကျနော် စတင်တာဝန်ယူ လုပ်ကိုင်ခဲ့တာ ၁၉၉၆ ခုနှစ် နိုဝင်ဘာလထုတ်က စတာပါ။ အဲဒီ အချိန်ကာလတုန်းက စာနယ်ဇင်းလောကမှာ အခုထုတ်နေကြတဲ့ ကွာလတီ မဂ္ဂဇင်းတွေလည်း လုံးဝ မပေါ်သေးဘူး။ ဂျာနယ်လောကမှာလည်း လက်ဟောင်း အားကစားဂျာနယ် အနည်းအကျဉ်းကလွဲရင် ဘာဂျာနယ်မှ မထွက်သေးဘူး။ စာအုပ်ဈေးကွက်ကလည်း စာနယ်ဇင်းအမျိုးအမည် နည်းသေးတဲ့အတွက် တခုချင်းအနေနဲ့ စောင်ရေအားကောင်းကြသလို ပျံ့နှံမှုလည်း တော်တော်ရှိတာကို တွေ့ရပါတယ်။ အဲဒီကာလက မဂ္ဂဇင်းဂျာနယ်တွေရဲ့ စာမူအရည်အသွေး အနှစ်သာရတွေဟာ ပိုပြီးမြင့်မားတယ်လို့ ထင်ပါတယ်။ ဒီနေ့ခေတ်အခါမှာတော့ စာနယ်ဇင်းဖောင်းပွမှု လောကထဲကို အယ်ဒီတာ ဗျောက်သောက် လူဗျောက်သောက် ၀င်ရောက်လုပ်ကိုင်လာတာနဲ့အမျှ အရည်အသွေးနဲ့ အနှစ်သာရတွေဟာ တစတစ ပိုမိုကျဆင်းလာတာကို တွေ့လာရပါတယ်။ နအဖစစ်အစိုးရ အနေနဲ့လည်း ယုံကြည်ချက်နဲ့ တကယ်လုပ်ကိုင်နေတဲ့ စာနယ် ဇင်းသမားတွေကို ဈေးကွက်ဖောင်းပွအောင် လုပ်ဆောင်ပြီး ဘေးရောက်အောင် တွန်းထုတ်တဲ့နည်းနဲ့ တို်က်စစ်ဆင်လာတာကို သတိထားမိလာတယ်။ သူတို့နဲ့ ရင်းနှီးတဲ့လူတွေကို မဂ္ဂဇင်း၊ ဂျာနယ်ထုတ်ဝေခွင့် မှတ်ပုံတင်အသစ်တွေ ချပေးတယ်။ စာပေစိစစ်တဲ့ အခါမှာလည်း သူတို့နဲ့နွယ်တဲ့ စာနယ်ဇင်းတွေကို ဓာတ်ပုံကအစ အကြောင်းအရာအဆုံး လျော့ပေါ့တဲ့နည်းနဲ့ ဆင်ဆာကို သက်သက်ညှာညှာ စဉ်းစားပေးတယ်။ ယုံကြည်ချက်နဲ့ လုပ်နေတဲ့ ပုဂ္ဂလိက စာနယ်ဇင်းတွေကိုတော့ ပိုပြီးတင်းတင်းကျပ်ကျပ် ဆင်ဆာပြုလုပ်တယ်။ ပြဿနာ ပိုရှာတယ်။ ဥပမာ သတင်းဓာတ်ပုံတခုထဲကိုပဲ လွတ်တဲ့မဂ္ဂဇင်းက လွတ်ပြီး အပိတ်ခံရတဲ့မဂ္ဂဇင်းက အပိတ်ခံရတယ်။ မင်းသမီးပုံတွေဆိုရင်လည်း သူတို့နဲ့ ပိုင်ရင်ပိုင်သလို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရပြီး အချို့မဂ္ဂဇင်းတွေကိုတော့ ဂျင်းဘောင်းဘီနဲ့မို့လို့။ လက်ပြတ်အင်္ကျီနဲ့မို့လို့ လည်ပင်းဟိုက်နေလို့ စသဖြင့်ပေါ့ အမျိုးမျိုးပြဿနာရှာပြီး ဒုက္ခှပေးတာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ နောက်ပိုင်း လုပ်ကိုင်လာရတဲ့အခါမှာ သူတို့ရဲ့ ဆင်ဆာဖြတ်တောက်မှုကြောင့် စာဖတ်ပရိသတ်ဆီကို ကိုယ်ပေးချင်တာတွေ ပြည့်ပြည့်၀၀ မတင်ဆက်နိုင်တော့တာကို တွေ့လာရပါတယ်။ စာနယ်ဇင်းလောကထဲကိုလည်း ဘယ်လိုနည်းနဲ့ ချမ်းသာလာမှန်းမသိတဲ့ လူတွေက ကွာလတီကောင်းကောင်းနဲ့ အရှုံးခံ ထုတ်ဝေလာတာကို တွေ့လာရတယ်။ ဒါဟာ နအဖရဲ့ ဗျူဟာတွေပဲ လို့ထင်တယ်။ အခု နောက်ပိုင်းမှာ ဂမ္ဘီရ၊ မှုခင်း၊ ဗေဒင်၊ အလှအပဖက်ရှင်၊ ဘောလုံးနဲ့ဆိုင်တဲ့ မဂ္ဂဇင်း ဂျာနယ်တွေပဲ ရောင်းအားကောင်းတာကို တွေ့ရတယ်။ အနှစ်သာရရှိရှိ တင်ဆက်နေကြတဲ့ ရသမဂ္ဂဇင်းတွေကတော့ တဖြည်းဖြည်းရောင်းအား ကျလာတာကိုပဲ တွေ့ရ တယ်။ အဲဒီတော့ ချုံပြောရရင် အခုနောက်ပိုင်းမှာ ပေါ့ပေါ့ပါးပါးစာတွေသာ ရောင်းအားကောင်းနေပြီး အနှစ်သာရရှိတဲ့ စာပေတွေ ရောင်းအား ကျဆင်းနေတယ်လို့ပဲ ပြောရမှာပဲ။ စာဖတ်ပရိသတ်အများစုက အပျော်ဖတ် စာပေတွေကိုသာ အချိန်ဖြုန်းတဲ့အနေနဲ့ အပျင်းပြေဖတ်ရှုနေတာကို တွေ့ရပြီး စိတ်အဟာရဖြစ်စေမယ့် စာပေတွေကို အားစိုက်ဖတ်ရှုမှု နည်းပါးလာနေတယ်လို့ပဲ သုံးသပ်ရမှာပါပဲ။

ခေတ်ပြိုင်။ ။ ဆိုတော့ ... ရသမဂ္ဂဇင်းတွေ တဖြည်းဖြည်း ကျဆင်းလာရတဲ့ အခြား အကြောင်းအချက်တွေရော ရှိသေးလား ဆရာ။ ပြီးးတော့ ရသစာပေ လိုင်းတခုတည်းမှာ စူးစူးနစ်နစ် စိုက်လိုက်မတ်တပ် ရပ်တည်နေကြတဲ့ စာရေးဆရာများရဲ့ အနေအထားတွေကရော ဘယ်လိုကြုံတွေ့ နေရပါသလဲဆိုတာ ပြောပြပေးပါ။

လွဏ်း ။ ။ ရသမဂ္ဂဇင်းတွေ တဖြည်းဖြည်းကျဆင်းလာရတာမှာ စာပေလွတ်လပ်ခွင့်လုံးဝမရှိတဲ့ ပြဿနာဟာ အဓိက အကြောင်းတရားပါပဲ။ စာပေလွတ်လပ်ခွင့် မရှိတဲ့အခါကျတော့ စစ်အစိုးရခေတ်ရဲ့ သရုပ်သကန် အခြေအနေမှန်တွေကို ထင်ဟပ်ပေါ်လွင်စေတဲ့ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာတွေ ရေးသားခွင့် မရတော့ပါဘူး။ ဆင်းရဲဒုက္ခရောက်တဲ့ အခြေအနေတွေကို ထင်ဟပ်တဲ့ အကြောင်းအရာမျိုးတွေ ရေးသားခွင့်မရှိဘူး။ အကျင့်ပျက် လာဘ်ပေးလာဘ်ယူ ခြစားတဲ့ အခြေအနေတွေကို ထင်ဟပ်တဲ့ အကြောင်းအရာမျိုးတွေ ရေးသားခွင့်မရှိဘူး။ အဲဒီလို လက်ရှိ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နောက်ခံထားတဲ့ ရသစာပေတွေ မဟုတ်တဲ့အတွက်လည်း ပရိတ်သတ် အာရုံလျော့လာတာ တပိုင်းဖြစ်မယ်ထင်တယ်။ အမှန်တရားနဲ့ နီးစပ်တဲ့ အနေအထားကို ရေးသားတင်ပြချင်တဲ့ စာရေးဆရာတွေအနေနဲ့ ကျတော့လည်း စာပေစိစစ်ရေးကို ရှောင်ကွင်း ရေးသားနေရတာနဲ့ပဲ စိတ်ရှိသလောက် ပြည့်ပြည့်၀၀ မတင်ဆက်နိုင်ဘူး။ အဲဒီတော့ ဒီနေ့ခေတ် စစ်အစိုးရရဲ့ လက်အောက်မှာ ရေးသားနေရတဲ့ ရသစာပေတွေဟာ အမှန်တရားနဲ့နီးတဲ့ စာပေထက် ဝေးတဲ့စာတွေက ပိုများနေတာကို တွေ့ရပါတယ်။ တကယ်သာ စာပေလွတ်လပ်ခွင့်ရှိလို့ အဖြစ်မှန်တွေကို အခြေခံတဲ့ ရသစာပေတွေကို တဖွဲ့တနွဲ့ တနင့်တပိုး ရေးသား ဖန်တီးနိုင်ခွင့် ရခဲ့မယ်ဆိုရင် ရသစာပေရဲ့ ပရိသတ်တွေဟာ လျော့နည်းသွားစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။
အဲဒီတော့ ရသစာပေဈေးကွက် ကျဆင်းလာတာနဲ့အမျှ စာရေးဆရာတွေရဲ့ ရပ်တည်မှုကလည်း မရေမရာ အခြေအနေတွေ ဖြစ်လာရတော့တာပဲ။ ၀မ်းရေးအတွက် ကြံသလိုဖြေရှင်းပြီး ၀ါသနာအရလောက်သာ ရေးသားနိုင်ကြတော့တာကို တွေ့ရပါတယ်။ တချို့ရသစာရေးဆရာတွေဆို တခြား စီးပွားရေးဆောင်းပါးလိုင်းတွေ ရေးသားမှုဘက်ကို ပြောင်းရွှေ့ရောက်ရှိ သွားကြတာကို တွေ့ရပါတယ်။ ရသစာရေးဆရာတွေ တဖြည်းဖြည်း လျော့နည်းလာတယ်လို့ ဆိုရမှာပေါ့။

ခေတ်ပြိုင် ။ ။ ခုလို ရသစာပေ အားလျော့ဖျော့ရီသွားတဲ့ နေရာမှာ ဒီနေ့ စာဖတ်ပရိသတ်ကို ဘယ်လိုစာပေမျိုးနဲ့ အားဖြည့်ထိန်းညှိ သွားနိုင်မယ်လို့ ဆရာယူဆပါသလဲ။ အဲဒီ့အတွက် ဘာတွေနဲ့ ဆက်လက်အစားထိုး သယ်ပိုးသွားနိုင်မလဲ ဆရာ။

လွဏ်း ။ ။ စစ်အစိုးရ ရှိနေသရွေ့တော့ ဘယ်လိုစာပေမျိုးနဲ့မှ အားဖြည့်ထိန်းညှိဖို့ ဖြစ်နိုင်မယ်မထင်ဘူး။ အဓိကကတော့ စာပေလွတ်လပ်ခွင့် အရင်ရမှ ဖြစ်မယ်။ စာပေလွတ်လပ်ခွင့် အရင်ရဖို့ကတော့ ကျနော်တို့ရဲ့ ဒီမိုကရေစီတိုက်ပွဲ မြန်မြန်ပြီးမြောက်မှ ဖြစ်မယ်။

ခေတ်ပြိုင် ။ ။ ဆရာက ထုတ်ဝေသူ တယောက်အနေနဲ့ လက်ရှိ စာနယ်ဇင်းများ ဖြတ်သန်းနေရတဲ့ စာပေစိစစ်ရေး သံသရာကို အကျဉ်းလောက် ရှင်းပြပေးပါအုံးဆရာ။ ၀န်ကြီးချုပ် ဗိုလ်ခင်ညွန့်လက်ထက်နဲ့ လွန်ပြီးကာလ ဒီနေ့အခြေအနေလေးပေါ့ ဆရာ။

လွဏ်း ။ ။ စာပေစိစစ်ရေးမှာကလည်း သူတို့တွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်မချရတဲ့မဂ္ဂဇင်းတွေကို ပိုစိစစ်တယ်။ အထူးသဖြင့် နိုင်ငံရေး အသွေးအရောင်ရှိတယ်လို့ သူတို့ယူဆတဲ့ ပုဂ္ဂိုလ်တွေ ထုတ်ဝေတဲ့မဂ္ဂဇင်း၊ နအဖဘက်က ရပ်တည်တာ မဟုတ်ဘူးလို့ သူတို့ယူဆတဲ့ ရသမဂ္ဂဇင်းတွေကို ပိုစိစစ်တယ်။ သူတို့ အတွင်းစည်းမှာတော့ အထူးစောင့်ကြည့်ရမယ့် မဂ္ဂဇင်းတွေဆိုပြီး သတ်မှတ်ထားတာရှိတယ်။ အဲဒီအထဲမှာ ကျနော့် မြားနတ်မောင်လည်း ပါတယ်။ အဲဒီလို သူတို့စိတ်မချတဲ့ မဂ္ဂဇင်းတွေဆို စာပေစိစစ်ရေးအပြင် ဘယ်နေရာမှာ ရုံးထိုင်မှန်းမသိတဲ့ ‘ကွပ်ကဲ’ဆိုတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့စောင့်ကြည့်စိစစ်မှုကိုပါ ဖြတ်သန်းရတယ်။ ကျနော်လုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာတော့ စာပေစိစစ်ရေးက လစဉ် စိစစ်တဲ့အပြင် ‘ကွပ်ကဲ’ အဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ နောက်ဆက်တွဲ ဖြုတ်ပယ်ပြင်ဆင် ခိုင်းတာမျိုးကိုလည်း မကြာခဏဆိုသလို ကြုံတွေ့ခဲ့ရပါတယ်။ ဗိုလ်ခင်ညွန့်ရှိ စဉ်ကာလနဲ့ အခုနောက်ပိုင်း မရှိတော့တဲ့ကာလ စာပေစိစစ်ရေးရဲ့ အနေအထားကတော့ သိပ်ထူးခြားမှုမရှိပါဘူး။ အရင်အတိုင်းပါပဲ။

ခေတ်ပြိုင် ။ ။ အယ်ဒီတာ တယောက်အနေနဲ့ စိစစ်ရေးသံသရာမှာ ဆရာတွေ့ကြုံခဲ့ရတဲ့ အဆိုးဆုံး အခြေအနေ တခုလောက် ပြောပြပေးပါလား။

လွဏ်း ။ ။ မှတ်မှတ်ရရကတော့ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လထုတ် မြားနတ်မောင်အကြောင်းပေါ့။ အဲဒီတုန်းက စာပေစိစစ်ရေးက ခွင့်ပြုတာတွေကို ဖြုတ်ပယ်ပြင်ဆင်ပြီး ဖြန့်ဖို့ အသင့်အနေအထားအထိ ရောက်နေပြီ။ စာအုပ်တွေကို ထုပ်ပိုးပြီး နယ်တွေကို ပို့ခါနီးဆဲဆဲ စာပေစိစစ်ရေးရုံးက ရုံးအဖွဲ့မှူးတယောက် စာအုပ်ချုပ်တဲ့ နေရာကို လိုက်လာတယ်။ ‘ ကွပ်ကဲ’အဖွဲ့ က စာမျက်နှာ (၄)ကို ဖြုတ်ပေးဖို့ ဖုန်းဆက်လို့ အချိန်မီအောင် လာပြောတာပါတဲ့။ ဖြုတ်ခိုင်းတဲ့ အကြောင်းအရာက ‘ ပေး၍မကုန် ယူ၍မခန်း ဗိုလ်ချုပ်အောင်ဆန်း’ ဆိုတဲ့ ကျနော်ရေးတဲ့ အယ်ဒီတာ့စကားပါ။ အဲဒါနဲ့ ထုပ်ပိုးပြီးတဲ့ စာအုပ်စည်းတွေ ပြန်ဖြည်။ တအုပ်ချင်း ပြန်ဖြုတ်ပြီး ပြင်ဆင်ပေးခဲ့ရပါတယ်။ တော်တော့်ကို ဒုက္ခရောက်ခဲ့တဲ့ လပေါ့။ အဓိကကတော့ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရေးခဲ့မိလို့လို့ ထင်တာပဲ။ အဲဒါ စာပေစိစစ်ရေးက ခွင့်ပြုပြီးမှ ‘ကွပ်ကဲအဖွဲ့’ က ဒုက္ခထပ်ပေးလို့ တွေ့ကြုံခဲ့ရတဲ့ အဆိုးဆုံး အခြေအနေတခုပေါ့ဗျာ။

ခေတ်ပြိုင် ။ ။ မှတ်သားလောက်ပါပေတယ် ဆရာရေ။ အခုတခါ အခြား စာနယ်ဇင်းသမားတွေ စာရေးဆရာတွေဟာ လွတ်လပ်စွာ စာပေရေးသား ဖန်တီးခွင့်မရှိတဲ့ခေတ်မှာ ဆရာ့လိုပဲ လက်ရှိစာပေနယ်ကနေ နည်းအမျိုးမျိုးနဲ့ ကျောခိုင်းသွားကြမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆရာ။

လွဏ်း ။ ။ အခုလို တယောက်ပြီးတယောက် ထွက်ခွာလာကြတာဟာ တိုင်းပြည်အတွက် စာဖတ်ပရိသတ်အတွက် ဆုံးရှုံးနစ်နာမှု ဖြစ်မှာတော့ အမှန်ပဲ။ အဲဒီလိုမနစ်နာရအောင် ကျနော်တို့ အရေးအကြီးဆုံး ဆောင်ရွက်ရမှာ တခုပဲရှိတယ်။ လက်ရှိ နအဖ စစ်အစိုးရလက်အောက်က အမြန်ဆုံး လွတ်မြောက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ပဲ။ အပြင်ကို ထွက်လာတဲ့ စာနယ်ဇင်းဆရာတွေ အနေနဲ့လည်း ပြင်ပမှာ လှုပ်ရှားနေတဲ့ ဒီမိုကရေစီအင်အားစုတွေကို ကိုယ်တတ်နိုင်တဲ့ထောင့်က ထိထိရောက်ရောက် ပံ့ပိုးပြီး ဒီမိုကရေစီအောင်ပွဲ အမြန်ဆုံးရအောင် လက်တွဲလုပ်ဆောင်ကြဖို့ပဲ။ အဲဒါမှ အခုလို ဆုံးရှုံးနစ်နာမှုဟာ ရေတို အတိုင်းအတာဖြစ်ပြီး နောင်တချိန် လွတ်လပ်ပွင့်လင်းတဲ့ စာပေအရသာကို ခံစားကြရမှာက ရေရှည်အတိုင်း အတာ ဖြစ်လာမယ်လို့ ကျနော်ယူဆမိတယ်။ အဲဒီတော့ အဓိကက ဒီမိုကရေစီအောင်ပွဲရအောင် အမြန်ဆုံး လုပ်ကြဖို့ပါပဲ။

ခေတ်ပြိုင် ။ ။ ဆရာရေ၊ မေးခွန်းတွေလည်း တော်တော် စုံစေ့ပါပြီိ ဆရာ။ ကျနော်တို့ ခေတ်ပြိုင်အင်တာနက်စာမျက်နှာက ကျေးဇူးအထူးတင်ပါတယ် ဆရာ။ နောက်ဆုံးအနေနဲ့ အယ်ဒီတာ တယောက်အနေနဲ့ရော၊ ကိုယ်တိုင် စာရေးသားနေသူ တယောက်အနေနဲ့ရော။ ပြည်တွင်းက စာဖတ်ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် စာပေအနုပညာနယ်က လူတွေကို ဘာများ ပြောချင်ပါသလဲ ဆရာ။ နောက်တဆက်တည်းမှာပဲ ဒီဘက်ကို ထွက်ခွာလာပြီးတဲ့နောက်မှာ ရှေ့ဆက် ဆရာ လျှောက်လှမ်း လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ပြောပြပါလားဆရာ။

လွဏ်း ။ ။ ကျနော့်အနေနဲ့ကတော့ အတွင်းမှာကျန်ခဲ့တဲ့ စာဖတ်ပရိသတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဒီမိုကရေစီ အောင်ပွဲ အမြန်ဆုံးပြီးမြောက်အောင် ကိုယ်တတ်နိုင်တဲ့ အနေအထားနဲ့ မမေ့မလျော့ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်တာပါပဲ။ ဒါမှလည်း ကျနော်တို့လိုလားတဲ့ စာပေလွတ်လပ်ခွင့်ရရှိပြီး ကျနော်တို့တင်ဆက်ချင်တဲ့ အနှစ်သာရပြည့်ဝတဲ့ ရသစာပေတွေကို စာဖတ်ပရိသတ်တွေဆီ ပို့ဆောင်နိုင်တဲ့ အချိန်အခါကောင်းကို ရရှိလာမှာပါ။ ကျနော့်အနေနဲ့လည်း အပြင်မှာရှိတဲ့ ဒီမိုကရေစီတိုက်ပွဲဝင် အင်အားစုတွေကို ကျနော့်တတ်တဲ့ ဆရာဝန်ပညာ၊ စာပေရေးသားခြင်း၊ အယ်ဒီတာအတတ်ပညာတွေနဲ့ ထိထိရောက်ရောက် ပံ့ပိုးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။ အခုလို ဖြေကြားခွင့်ရတဲ့ အတွက်လည်း ကျနော်ကလည်း ခေတ်ပြိုင်ကို အထူး ကျေးဇူးတင်ပါတယ်။

No comments: