“ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး ကြွေးကြော်သံ”အတွက် အိတ်ဖွင့်အကြံပြုစာ
လေးစားအပ်ပါသော ပြည်တွင်း ပြည်ပရှိ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်
အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့ခင်ဗျား ...
မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင် ပြည်သူတဦးအနေနှင့် အနည်းငယ် အကြံပြု ပြောကြားလိုပါသည်။
ယနေ့အချိန်အခါသည် ကျနော်တို့ အမိမြန်မာပြည်၌ ကောင်းမွန်သော နိုင်ငံရေးအလှည့်အပြောင်းဖြစ်ရန် အတွက် အလွန်အင်မတန်မှ သတိထားပြီး ဆုံးဖြတ်လုပ်ဆောင်ရမည့် အချိန်အခါဖြစ်သည်ဟု ထင်မြင်မိပါသည်။ ကျနော် တို့အားလုံး ဆုံးဖြတ်ချက်မှားသည်နှင့် စစ်ကျွန်သက်ထပ်ရှည်မည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဟု လည်း ထင်မြင်မိပါသည်။
မကြာသေးမီကပင် ဂျကာတာ၌ နအဖနိုင်ငံခြားရေးဝန်ကြီး ပြောသွားသည့် အမျိုးသားညီလာခံကို ၂၀၀၇ ခုနှစ်အ တွင်း အပြီးသတ်ပြီး နအဖစိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြဌာန်းနိုင်ရေးအ တွက် ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပတော့မည် ဆိုသည့်သတင်းကို အားလုံးသိရှိကြပြီး ဖြစ်မည်ထင်ပါသည်။
ယခုအခါ မြန်မာ့ဒီမိုကရေစီရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်မှုရှုံးနိမ့်ပြီးနောက် မျှော်လင့်ချက်ကင်းမဲ့သွားပြီအထင်နှင့် ဒီမိုကရေစီရေးတိုက်ပွဲဝင်သူ အချို့အချို့သည် နအဖကပြုလုပ်မည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းရေး ဆန္ဒခံယူပွဲ (Referendum)သို့ ဆင်း၍ခုခံရန် ပြင်ဆင်နေကြသည် ကို တွေ့နေရ၍ ဤအကြံပြုစာကို ရေးရခြင်းဖြစ်ပါသည်။
ကျနော်၏ တဦးချင်းအမြင်အရမူ နအဖက ပြုလုပ်မည့် ဆန္ဒခံယူပွဲကို လုံးဝဂရုမထား (ဖုတ်လေသည့်ငပိ ရှိသည် လို့တောင် မအောက်မေ့)ဖို့ လိုသည်ဟုမြင်ပါသည်။ ကျနော်တို့တွင် (၁၉၉၀)ပြည့် အထွေထွေရွေးကောက်ပွဲရလဒ် ကို တညီတညွတ်တည်း အခိုင်အမာဆုပ်ကိုင်ထားနိုင်သည့် မူတခုရှိနေပါသေးသည်။ အဆိုပါမူမှာ ‘နအဖအနေ နှင့် ၉၀ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေးနှင့် နအဖက ဆက်လက်၍ မသိကျိုးကျွန် ပြု နေပါက အဲန်အယ်လ်ဒီအနေနှင့် ကိုယ့်ဘာသာကိုယ် မဖြစ်မနေ လွှတ်တော်ခေါ်ယူရေး’မူဖြစ်ပါသည်။ ထိုမူကို အ ခိုင်အမာ ဆုပ်ကိုင်တိုက်ပွဲမ၀င်ဘဲ နအဖကျင်းပမည့် ဆန္ဒခံယူပွဲသို့ အရောက်ခံပါက စစ်ကျွန်သက်ထပ်ရှည်စေဖို့ လုပ်ပေးသလို (ကျနော်တို့အားလုံး ကိုယ့်သေတွင်း ကိုယ်တူးကြသလို) ဖြစ်သွားလိမ့်မည်ဟုထင်ပါသည်။
(၉၀)ရွေးကောက်ပွဲရလဒ်သည် နအဖအတွက် ယနေ့အချိန်အထိ ဖင်ကြားခဲခုဖြစ်နေသည်မှာ ထင်ရှားနေပါသည်။ သူတို့ကိုယ်တိုင် ဦးစီးကျင်းပပေးပြီး ပြည်သူလူထုက တခဲနက်မဲပေးထားခြင်းဖြစ်၍ မည်သည့်နည်းနှင့်မျှ ဖျက်၍မ ရမှန်း သူတို့ကိုယ်တိုင်လည်း သိနေပါသည်။ သိနေ၍လည်း အမြဲလိုလိုတစ္ဆေခြောက်ကာ ‘လွှတ်တော်ခေါ်ပေးရ အောင် အမတ်ဘယ်နှစ်ဦးကျန်တော့လို့လဲ’ဟု နအဖပိုင်သတင်းစာများမှ မကြာခဏသွေးတိုးစမ်း မေးမြန်းနေခြင်း ဖြစ်ပါသည်။ ထိုသို့ (၉၀)ရွေးကောက်ပွဲရလဒ်ကို နအဖကိုယ်တိုင်က ဖျက်လို့မရမှန်းသိနေသလို ကျနော်တို့အား လုံးလည်း ရှင်းရှင်းလင်းလင်း သိမြင်ဖို့လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ်တွေ မပြည့်တော့လို့ဟု နအဖကအ ကြောင်းပြလျှင် လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်တွေနေရာအတွက် အစားထိုး(ကြားဖြတ်)ရွေး ကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ပေးဖို့သာ တောင်းဆိုရမည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ ကျနော်တို့ကိုယ် တိုင်က (၉၀)ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး နအဖပြုလုပ်မည့် ဆန္ဒခံယူပွဲ၌ မဲသွားပေးမည်ဆိုလျှင် ကျနော် တို့ အားလုံး ပြည်သူ့ဆန္ဒ အစစ်အမှန်ကို လျစ်လျူရှုသည့် သမိုင်းတရားခံများ ဖြစ်ကုန်ကြပါလိမ့်မည်။
ထိုအဆင့်အထိ အရောက်ခံလျှင် နအဖသည် အာဏာလက်ရှိဖြစ်၍ ၁၉၇၄အခြေခံဥပဒေတုန်းကလို ဖြူလည်းဖြူ မဲလည်းဖြူနှင့် အတည်ပြုနိုင်အောင် မရမက ကြိုးစားမည်မှာ သေချာနေပါသည်။ ထိုအခါ စစ်ကျွန်သက် အတိုင်း အဆမရှိ ထပ်ရှည်သွားပါလိမ့်မည်။ ထို့အတွက် ယခုအချိန် အခါတွင်ကျနော်တို့အားလုံး တညီတညွတ်တည်း ဆုပ်ကိုင်တိုက်ပွဲဝင်သင့်သည့်မူမှာ ‘၉၀ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး’သာ ဖြစ် သည်ဟု ကျနော့်အနေနှင့် အကြံပြုပြောကြားလိုပါသည်။ ထို့အတွက် ယနေ့မှစ၍ ကျနော်တို့ တိုက်ပွဲဝင်ရမည့် ကြွေးကြော်သံ (၃)ခုမှာ ...
(၁) ၉၀ ပြည်သူ့လွှတ်တော် ခေါ်ပေးရေး ... ဒို့အရေး
(၂) ၉၀ ပြည်သူ့လွှတ်တော် ခေါ်ယူရေး ... ဒို့အရေး
(၃) ၉၀ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေး ... ဒို့အရေး ... သာဖြစ်သည်ဟု ထင်မြင်ပါကြောင်း မြန်မာ ပြည်ဒီမိုကရေစီရရှိရေး အကျိုးမျှော်၍ အကြံပြု နှိုးဆော်လိုက်ရပါသည်။
ဒေါက်တာလွဏ်းဆွေ
ဒု-ဥက္ကဌ
မြန်မာနိုင်ငံဆေးပညာရှင်များအသင်း
လွတ်မြောက်နယ်မြေ။
တာဝန်ခံအယ်ဒီတာ
နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်။
(မဇ္ဈိမ၊ ယနေ့မြန်မာ၊ ခေတ်ပြိုင် အင်တာနက်စာမျက်နှာများတွင် ဖော်ပြပြီး ဖြစ်ပါသည်)
Monday, September 17, 2007
အိတ်ဖွင့်ပေးစာ (၁-၃-၂၀၀၇)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment