Sunday, August 25, 2013

ကွယ်လွန်သူ နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး ဦးသောင်းဝင်း (ခ) သောင်းဝင်းဗိုလ်၏ အတ္ထုပ္ပတ္တိ

အမည်ရင်း ။ ။ ဦးသောင်းဝင်း

မွေးသက္ကရာဇ် ။ ။ အဖ ဦးခင်မောင် + အမိ ဒေါ်သိန်း တို့မှ ၁၅၊ ၉၊ ၁၉၄၇ တွင် ဖွားမြင်သည်။

လူမျိုး/ဘာသာ ။ ။ ဗမာ/ဗုဒ္ခဘာသာ

ဇာတိ ။ ။ ပျဉ်းမနား လယ်ဝေးမြို့ဖြစ်သည်။

ကလောင်အမည်များ ။ ။ သောင်းဝင်းဗိုလ်၊ မြို့မကိုကိုဝင်း၊ အောင်အောင် မောင်မောင်၊ ကိုကိုချစ်၊ စိန်သံလုံး၊ ကျော်သောင်းဝင်း၊ ရဲဇော်တင့်၊ ၀တ်ရည်ရွန်းလဲ့၊ ချောစုမ၊ သာဝ၊ သုဟန်။

စာနယ်ဇင်းနဲ့ အနုပညာလောကကို ရောက်ရှိလာပုံ ။ ။ သောင်းဝင်းဗိုလ် ကလောင်အမည်ဖြင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါး အများအပြား ရေးသားခဲ့သည်။ ခရီးသွားဆောင်းပါးအားလုံး သောင်းဝင်းဗိုလ် အမည်ဖြင့် ရေးခဲ့ပြီး ကိုကိုချစ်နှင့် စိန်သံလုံး ကလောင်အမည်များဖြင့် နံနက်ခင်းဂျာနယ်နှင့် ၂၄/၇ ဂျာနယ် တို့တွင် သရော်စာ ပင်တိုင်ရေးသားခဲ့သည်။ အခြားကလောင်အမည်များမှာ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရုပ်ရှင် ဂီတ ဇာတ်သဘင် အနုပညာရေးရားများကိုလည်း အလျဉ်းသင့်သလို ရေးသားခဲ့သည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများနဲ့ ဓာတ်ပုံကပြောသော သတင်း အစီအစဉ်တွေ၊ ဓာတ်ပုံရုပ်ပြဇာတ်လမ်းများကို ကာတွန်းစိန်ကြီးနဲ့ ပူပေါင်းပြီး ရွှေရုပ်လွှာမဂ္ဂဇင်း ၁၉၇၂ ကို ရိုက်ကူးထုတ်ဝေခဲ့သည်။ ၁၉၇၀ တွင် လျှို့ဝှက်သည်းဖို မဂ္ဂဇင်း၌ သောင်းဝင်း (ဗိုလ်တထောင်) ကလောင်အမည်ဖြင့် စတင်ရေးသားခဲ့ပြီး ၁၉၇၂ တွင် ရှေ့သို့စာစောင်၌ ရဲဇော်တင့်၊ မြို့မကိုကိုဝင်း အမည်များဖြင့် ရေးသားခဲ့သည်။ သပြေမဂ္ဂဇင်းကို စတင်တည်ထောင်သူ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ထိုစဉ်က သပြေမဂ္ဂဇင်းတွင် မြို့မကိုကိုဝင်း အမည်ဖြင့် ရေးသားခဲ့သည်။ ကဗျာများကို မောင်ဆည်းဆာဦး အမည်ဖြင့် ကျောင်းသားဘ၀က ဘားမားစတားတွင် ရေးသားခဲ့သည်။ ၇ တန်း ကျောင်းသားဘ၀က ဘားမားစတားဟူသော ၁၀ ပြားတန် စာစောင်တွင် စတင်ရေးသားခဲ့သည်။ ၁၉၇၅ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ သူငယ်ချင်းဖြစ်သူ စာရေးဆရာ အီကြာကွေး (ကဗျာဆရာ ဓနုဖြူကျော်ထွန်း) နဲ့အတူ ဟုတ်ပါပေ့၊ ဂျိန်းတုတ်တုတ်နဲ့ပလို့ဂျီ့၊ ပြီးပါပြီ သင်္ကြန်ပြိုင်ပွဲဝင်အဖွဲများအတွက် သင်္ကြန်သံချပ်များကို ရေးသားခဲ့ပါသည်။ ၁၉၇၇ မှ ၁၉၉၂ ထိ ရုပ်ရှင်ကားကြီးများ ရိုက်ကူးရာမှာ တွဲဘက်ဒါရိုက်တာ၊ ရှုတင်မန်နေဂျာ၊ ရုပ်ငြိမ်ကင်မရာမဲန်းအဖြစ် ချစ်သောဇာဇာ၊ ပိတောက်တခက် ချစ်သက်လက်ဆောင်၊ မချစ်ဝံ့ဝံ့ ချစ်ဝံ့ဝံ့၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀၊ သမိန်ပေါသွပ်ရဲ့ ဂျပု၊ ဘုံပြတ်ဘမောင်၊ ပုဂံမှာသာတဲ့လ ဇာတ်ကားများကို ရိုက်ကူးခဲ့ပါသည်။

သတင်းစာသမားဘ၀ ။ ။ ၁၉၆၆ ခုနှစ်တွင် အမှတ် ၄ နယ်မြေ (ရန်ကင်း၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း) တွင် အလွတ်သတင်းထောက် စတင်လုပ်ခဲ့သည်။
- ၁၉၆၈ ခုနှစ်တွင် ဗိုလ်တထောင်သတင်းစာတိုက် ဓာတ်ပုံဌာန ၀န်ထမ်းအဖြစ် စတင်အလုပ်ဝင်ခဲ့သည်။
- ၁၉၇၃ ခုနှစ်တွင် ဗိုလ်တထောင်သတင်းစာမှာ အငယ်တန်းသတင်းထောက် ဖြစ်လာခဲ့သည်။
- ၁၉၈၅ ခုနှစ်တွင် လုပ်သားပြည့်သူနေစဉ် (အင်္ဂလိပ်ပိုင်း) ကနေ မြန်မာ့အလင်း (အင်္ဂလိပ်ပိုင်း) အကြီးတန်းသတင်းထောက် ရာထူးတာဝန်များအပြင် မြန်မာ့သတင်းစဉ် (ပြည်တွင်း) တွင် VIP သတင်းထောက်အဖြစ် တာဝန်ပေးခြင်းခံရပြီး အစိုရပိုင်းက တာဝန်ရှိသူတွေနဲ့အတူ လိုက်ပါသတင်းယူခဲ့ရသည်။ ၂၀၀၄ ခုနှစ်မှ စ၍ သတင်းနှင့်စာနယ်ဇင်း သတင်းစာသင်တန်းများတွင် သတင်းရေးသားခြင်းနှင့် သတင်းဓာတ်ပုံရိုက်ကူးခြင်း ဘာသာရပ်များကို သင်တန်းဆရာအဖြစ် လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့ အငြိမ်းစားယူချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် စာရေးသားခြင်းများကို မဂ္ဂဇင်းနဲ့ ဂျာနယ်များတွင် ၂၀၁၁ ခုနှစ်ဇွန်လထိ ရေးသားနေဆဲဖြစ်သည်။

အရေးများသည့် ဂျာနယ် မဂ္ဂဇင်းများ ။ ။ ရွှေအောင်လံမဂ္ဂဇင်း၊ ရုပ်ရှင်အောင်လံမဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊ လျှပ်တစ်ပြက်ဂျာနယ်၊ အချစ်ဂျာနယ်၊ နံနက်ခင်းဂျာနယ်၊ ပြည်မြန်မာဂျာနယ်၊ ၂၄/၇ ဂျာနယ်၊ ဖလားဝါးနယူးစ်ဂျာနယ်၊ ရန်ကုန်တိုင်းမ်ဂျာနယ်၊ မြန်မာတိုင်းမ်ဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ ဂီတပဒေသာမဂ္ဂဇင်း၊ ဂီတသတင်းစဉ်ဂျာနယ်၊ ကနောင်ဂျာနယ်။

ဖိတ်ကြား ကမ်းလှမ်းခံရမှု ။ ။ ၁၉၉၅ ခုနှစ်တွင် ကုလသမဂ္ဂ နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှ သတင်းထောက်တဦးကို တရားဝင် ဖိတ်ကြားခဲ့ရာ ပထမဦးဆုံး ကုလသမဂ္ဂ တက်ရောက်ခွင့်ရရှိသူအဖြစ် ရွေးချယ်ခြင်းခံရသည်။ ကုလသမဂ္ဂအစည်းအဝေးကြီးတွင် သတင်းဓာတ်ပုံ ရိုက်ကူးရေးသားခြင်းတာဝန် ထမ်းဆောင်ခဲ့ရာ ပြန်ရောက်ပြီး တလအတွင်း ဂျပန်နိုင်ငံ AP သတင်းဌာနမှ သူတို့သတင်းဌာနတွင် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းခြင်းခံရသည်။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးနှင့် အစိုးရအဖွဲ့မှ အတွင်းရေးမှူး (၁) ဗိုလ်ချူပ်ကြီး ခင်ညွန့်တို့ က တာဝန်မှ နုတ်ထွက်ခွင့် မပေးခဲ့၍ AP သတင်းဌာန၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ရသည်။

သတင်းဆု ။ ။ ၁၉၉၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အာဆီယံ ဂျာနယ်လစ် အထွေထွေအစည်းအဝေးကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်ထိ ကျင်းပရာ ဒုတိယအကြိမ်မြောက် အာဆီယံ သတင်းဓာတ်ပုံပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံနှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ သတ်မှတ်ထားသောဆု ၂ ဆုအနက် ဒုတိယဆု ငွေတံဆိပ်ကို ရရှိခဲ့သည်။ ပထမဆု ရွှေတံဆိပ်ကို စင်္ကာပူနိုင်ငံမှ ရရှိသွားသည်။ ဆုရသော ဓာတ်ပုံမှာ တတိယအကြိမ် အမျိုးသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် အကောက်ခွန်အသင်းမှ တိုက်စစ်မှူး ၀င်းအောင်က ကြည်းတပ်အသင်းမှ ဂိုးသမား မျိုးသန်းဦးတို့နှစ်ဦး စည်းကမ်းဖောက်နေသည်ကို အမိအရ ဓာတ်ပုံရိုက်ကူး၍ သတင်းဓာတ်ပုံဆု ရခဲ့ခြင်းဖြစ်သည်။ ထိုပုံတွင် ၀င်းအောင်က မျိုးသန်းဦး၏ ဘောင်းဘီဆွဲချွတ်ပြီး အရှက်ရစေအောင် ပြစ်မှုကျူးလွန်နေသလို မျိုးသန်းဦးက ဘောလုံးပိုက်၍ ၀င်းအောင်၏ ရင်ဘတ်ကို ခုန်ကန်နေပုံကို အမိအရ ရိုက်ကူးထားသည်။

ပြည်ပခရီးစဉ်များ ။ ။ ပြန်ကြားရေးဝန်ကြီးဌာနက ပေးတဲ့ သတင်းထောက်တာဝန်ဖြင့် နိုင်ငံခြား ပြည်ပခရီးစဉ်များကို သွားရောက်ခွင့်ရရှိခဲ့ရာ ...
- ၁၉၉၂ ခုနှစ်တွင် ထိုင်းနိုင်ငံ (သာသနာရေးဆိုင်ရာ ဘွဲတံဆိပ် ဆက်ကပ်ရေး အခမ်းအနားကို တက်ရောက်ခဲ့သည်)
- ၁၉၉၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ (နှစ် ၅၀ ပြည့် ရွှေရတုသတင်းအခမ်းအနား ကုလသမဂ္ဂ ကျင်းပပြုလုပ်တဲ့ အထွေထွေညီလာခံ နယူးယောက်မြို့ကို တက်ရောက် သတင်းယူခဲ့ရ)
- ၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံ (ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဂျပန်စီးပွားရေးကုမ္ပဏီများ ဆွေးနွေးပွဲကို တက်ရောက် သတင်းယူခဲ့ရ)
- ၁၉၉၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ (ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ပြင်သစ်နိုင်ငံ တိုတယ်လ်ကုမ္ပဏီ ရေနံနဲ့သဘာဝဓာတ်ငွေ့  ထုတ်လုပ်ရေးကိစ္စ ဆွေးနွေးပွဲကို သတင်းသွားရောက်ယူခဲ့ရ)
- ၁၉၉၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ (ဗိုလ်ချုပ်ကြိးမောင်အေးရဲ့ အလည်အပတ်ခရီးစဉ်မှာ လိုက်ပါခဲ့ရ)
- ၁၉၉၅ ခုနှစ်တွင် စင်္ကာပူနိုင်ငံ (စင်္ကာပူဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးမောင်အေး စီးပွာရေးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ခဲ့ရာမှာ သတင်းယူခဲ့ရ)
- ၁၉၉၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ (အရှေတောင်အာရှ အားကစားပြိုင်ပွဲအတွက် သတင်းနဲ့ ဓာတ်ပုံ ရယူဖို့အတွက် တာဝန်ထမ်းဆောင်ခဲ့ရ)
- ၂၀၀၀ ခုနှစ်တွင် ထိုင်းနိုင်ငံ( အာရှပတ်လည် မြှားးပစ်ပြိုင်ပွဲမှာ မြန်မာအဖွဲရဲ့ နည်းပြအဖြစ် ရွေတံဆိပ် ၂ခု ရယူခဲ့)
- ၂၀၀၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ (ဆူနာမီကိစ္စအစည်းအဝေးမှာ နိုင်ငံပေါင်း ၅၀ က နိုင်ငံတကာသတင်းထောက် ၃၀၀ တက်ရောက်ခဲ့ရာမှာ ပါဝင်ခဲ့)
- ၂၀၀၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ကမ္ဘာဝိပါသနာစေတီ ဌာပနာသွင်းအခမ်းအနားတို့ကို သွားရောက်၍ သတင်းဓာတ်ပုံ ရေးသား ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ရေဒီိယိုအသံလွှင့်ဆောင်းပါး ရေးသားခြင်း ။ ။ ၂၁၁၁ စက်တင်ဘာမှ ၂၀၁၂ စက်တင်ဘာထိ လွတ်လပ်တဲ့အာရှအသံ (RFA) မှာ “လောကကြီးကို အရောင်ဆိုးကြသူများ” ခေါင်းစဉ်နဲ့ သတင်းနဲ့စာနယ်ဇင်းအကြောင်း ဆောင်းပါးများ ရေးသားခဲ့ပါသည်။
၂၀၁၃ ခုနှစ်တွင် ဒီမိုကရက်တစ်မြန်မာ့အသံ၌ “ငထွားကြားက ခါးနာတယ်” အသံလွှင့်ဆောင်းပါးများ ရေးသားထုတ်လွှင့်နေဆဲဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှု ။ ။ ကျောင်းသားဘ၀က မြို့မအထက်တန်းကျောင်းတွင် ဗကသမှ ကိုဘဆွေလေးနှင့် ဆက်သွယ်၍ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ် တက္ကသိုလ်ယူနီယံ (ကျောင်းသားသမဂ္ဂ) နှင့် ဆက်သွယ်၍ မြို့မကျောင်းတွင် ကျောင်းအိပ် ကျောင်းစား ကျောင်းသားများနှင့်အတူ သပိတ်မှောက်ခဲ့သည်။
- ၁၉၈၈ ခုနှစ်တွင် သတင်းစာတိုက်များသမဂ္ဂတွင် ပါဝင်လှုပ်ရှားခဲ့သည်။

ထိန်းသိမ်းခံရပုံ ။ ။ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ညတွင် အောင်သပြေစစ်ကြောရေးစခန်းမှာ စစ်ဆေးမေးမြန်းဖို့အတွက် ခေါ်ဆောင်ခံခဲ့ရသည်။ အောင်သပြေမှာ ၂ လ နဲ့ ၁၁ ရက်ကြာ နေထိုင်ခဲ့ရသည်။ ထို့နောက် ပုဒ်မ ၁၇ (၁) (မတရားအသင်းနှင့် ဆက်သွယ်မှု) ဖြင့် ထောင်ဒဏ် ၃ နှစ် စီရင်ချက်ချမှတ်ခံရ၍ အင်းစိန်ထောင်မှာ ထိမ်းသိမ်းခံခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဇွန် ၁၇ ရက်နေ့တွင် သာယာဝတ်ီထောင်မှ လွတ်ခဲ့သည်။ အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် သီးသန့်အကျဉ်းသား (နိုင်ငံရေးအကျဉ်းသား) အဖြစ် သတ်မှတ်ပြီးထားခဲ့သည်။ ထောင်တွင်းနေသား ၂ နှစ်နှင့် ၆ လ ကျခံနေစဉ်အတွင်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ တနှစ်အောက် လျှော့ပေါ့မှုဖြင့် ထောင်မှ လွတ်ခဲ့ခြင်းဖြစ်သည်။

ထောင်က လွတ်မြောက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာခဲ့ပြီး နယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းများမှ ကျောင်းသားများအား သတင်းနဲ့စာနယ်ဇင်းပညာများကို သင်ကြားပေးခဲ့ပြီး ရံဖန်ရံခါ စာပေပြောဟောဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့သည်။

No comments: