Thursday, August 22, 2013

ကပ်ချင်ရာတွေလည်း ကပ်ကြပါစေကွယ်

ကပ်ချင်ရာတွေလည်း ကပ်ကြပါစေကွယ်
ဒေါက်တာလွဏ်းဆွေ

ညီငယ် ကိုနေသွင်ညိဏ်း (စာရေးဆရာ ညီစောလွင်) က ကျနော့်ကို “ဟတ်လိုင်းသမား ဒေါက်တာလွဏ်းဆွေ” ရယ်လို့ စာတစောင်ပေတဖွဲ့ ရေးသားလာတာ ဖတ်ရတော့ ဟာသရေးမယ်လို့ စိတ်ကူးပြီး မရေးဖြစ်သေးတဲ့ အကြောင်းအရာလေးတခုကို သတိပြန်ရသွားတာနဲ့ အခု ချရေးဖြစ်တော့တယ်။

*******

မြားနတ်မောင်မဂ္ဂဇင်းတိုက် ရန်ကုန် ၂၇ လမ်း အောက်ဘလောက် ၅၄ (ပထမထပ်) မှာ ရှိစဉ်တုန်းကပေါ့။ တရက်မှာ ကျနော် အိပ်ရာမနိုးခင် မနက် ၇ နာရီလောက် ကျနော့်အဖေဆီက ဖုန်းဝင်လာတယ်။

ကမန်းကတန်း အိပ်ရာက ထပြီး ကျနော်က “ဟဲလို” ဆိုတာနဲ့ အဖေက ဆိုင်းမဆင့် ဗုံမဆင့် “လွဏ်းဆွေ … မင်း … ကိုအောင်ဝေးတို့ကို ဘာတွေ လျှောက်ပြောထားလဲ” တဲ့။

ကျနော်လည်း အိပ်မှုန်စုံမွှားနဲ့ နားထောင်နေရာကနေ အဖေ ဘာမေးတာပါလိမ့်လို့ ကြောင်စီစီဖြစ်သွားပြီ်း “ဘာဖြစ်လို့လဲ အဖေ” လို့ အဖေ့မေးခွန်းကို ပြန်ပြီး မေးခွန်းထုတ်လိုက်တယ်။

အဖေက “ဒီမှာ စတိုင်သစ်မဂ္ဂဇင်းထဲမှာ ကိုအောင်ဝေးက မင်းတို့အကြောင်း သူ့ဆောင်းပါးမှာ ထည့်ရေးထားတယ်” လို့ ပြောပြီး ဆောင်းပါးပါ စာတကြောင်းကို ဆက်ဖတ်ပြတယ်။ “ကျနော်နှင့် အရင်းအချာဖြစ်သူများထဲတွင် ကိုချစ်ဝင်းမောင် (ရနံ့သစ်) နှင့် ကိုလွဏ်းဆွေ (မြားနတ်မောင်) တို့သည် ကွန်မြူနစ်ဝါဒကို အပြင်းအထန် ဆန့်ကျင်ကြသူများဖြစ်သည်” တဲ့ (စကားလုံးအတိအကျတော့ မဟုတ်ပါ)။

အဖေ ဖတ်ပြတဲ့ စာကြောင်းကို နားထောင်အပြီးမှာ ကျနော် ခေါင်းနပမ်းကြီးသွားတယ်။ ဒုက္ခပဲ … ကိုအောင်ဝေး ဘာတွေလျှောက်ရေးပါလိမ့် … ကွန်မြူနစ်တွေ အာဏာရရင် ငါတော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲရချည်ရဲ့ … လို့ နန်းစတော့ပ် အတွေးဝင်နေတုန်း အဖေက “မင်း ဘာတွေ လျှောက်ပြောထားလဲမှ မသိတာ။ မဂ္ဂဇင်း ရှာပြီး ဖတ်ကြည့်လိုက်ဦး” ဆိုပြီး ကျနော့်ကို စကားအပြောအဆို သတိထားဖို့ အဖေက ပြောတယ်။ ကျနော်လည်း ရုတ်တရက် ဘာဆင်ခြေပေးရမှန်း စဉ်းစားမရတာနဲ့ “ဟုတ်ကဲ့ ဟုတ်ကဲ့ … ကိုအောင်ဝေးနဲ့ တွေ့မှ ကျနော် မေးကြည့်လိုက်ဦးမယ်” ဆိုပြီး ဖုန်းချလိုက်တယ်။

ထိုစဉ်က (ဆရာ) ကိုအောင်ဝေးနဲ့ ကျနော်က စားအတူ၊ သွားအတူ၊ သောက်အတူ အနေများခဲ့သည့်ကာလ။ သို့သော် သူ ထိုသို့ ရေးထားသည်ကို ကျနော့်ကိုလည်း ကြိုမပြော။ ဘာကြောင့် ကျနော်နဲ့ ကိုချစ်ဝင်းမောင်အပေါ် ထိုသို့ မှတ်ချက်ချခဲ့သည်ကိုလည်း ကျနော် စဉ်းစားမရ။ ထူးခြားတာတခုက သူ မှတ်ချက်ပြုခဲ့သူ နှစ်ဦးစလုံးက ဇန်န၀ါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) ဖွားတွေ။ ကိုချစ်ဝင်းမောင်က ကျနော့်ထက် ၁၀ နှစ်တိတိ ကြီးသူ။

ဒါနဲ့ ကိုအောင်ဝေးနဲ့ ဆုံတော့ အကျိုးအကြောင်း မေးကြည့်ရတယ်။ ကိုအောင်ဝေးရဲ့ပြောပြချက်က ကျနော်နဲ့ ကိုချစ်ဝင်းမောင်တို့က သူ ဘာပြောပြော အမြဲလိုလို ဆန့်ကျင်ပြောဆိုနေလို့ ထိုသို့ မှတ်ချက်ပြုရတဲ့သဘော။

ဗုဒ္ဓေါ့ … ဤတွင် ကျွန်ုပ် ဒေါက်တာလွဏ်းဆွေသည် ကွန်မြူနစ်ဆန့်ကျင်ရေးသမား ဖြစ်ခဲ့ရချေသည်တမုံ့ပေါ့။

*******

တရက်သားမှာ မဲဆောက်ရဲ့ ဇာတ်လိုက်ကျော်ကြီး ဆရာမန်း (မန်းမျိုးမြင့်) က လူထူထူ လက်ဖက်ရည်ဝိုင်းမှာ အာပေါင်းအာရင်းသန်သန်နဲ့ ပြောပြန်လေတယ်။

“ဆရာ ဆရာ သိလား … ဟိုတလောက ခေတ်ပြိုင်က ဆရာမတွေ မဲဆောက်လာတယ်။ အဲဒါ ဈေးထဲမှာ ဘိုဘိုကျော်ငြိမ်းနဲ့ တွေ့တော့ ဘိုဘိုကျော်ငြိမ်းက ဆရာမတွေကို ပြောနေတယ်။ အစ်မတို့ ခေတ်ပြိုင်ကို အနီတွေ စီးထားတယ်တဲ့။ ရဲဘော်ဖိုးသံချောင်းတို့၊ ဒေါက်တာလွဏ်းဆွေတို့ တဲ့ ” လို့ ပြောပြီး ဆရာမန်းက သူ့ဝသီအတိုင်း ပြောပြီးသားကို နောက်တကျော့ အတိအကျ ပြန်ပြောကာ တ၀ါးတ၀ါး တဟားဟားနဲ့ ပွဲကျနေတယ်။ (ဦး) ဘိုဘိုကျော်ငြိမ်းက ဘယ်လိုအကြောင်းကြောင့် ထိုသို့ မှတ်ချက်ပြုလေမှန်း မသိရ၍ ကျနော်က ဆရာမန်းကို ဘာပြန်ပြောရမှန်းမသိ … တအံ့တသြ။

ဗုဒ္ဓေါ … ဤတွင် ကျွန်ုပ် ဒေါက်တာလွဏ်းဆွေသည် ကွန်မြူနစ်ကြီး ဖြစ်ခဲ့ရပြန်ချေသည်တမုံ့ပေါ့။

“အော် … ကပ်လို့ရယ်တဲ့ မကုန်နိုင်တယ် … တံဆိပ် တံဆိပ်ဆိုတဲ့ မြန်မာ့နိုင်ငံရေးလောက … လူကို ဆေးပေါ့လိပ်များ မှတ်နေကြသလားလို့ ညည်းတွားမိရင်း … အင်း …”

*******

ဒီစာကို ရေးနေရင်း ကိုအောင်ဝေး သူ့ဆောင်းပါးထဲ ထည့်ရေးဖူးတာလေးတခုကို သတိထပ်ရပြီး ကျနော် ပြုံးမိပြန်တယ်။ ကိုအောင်ဝေးက “ငယ်တုန်းက လီနင်နဲ့ တွေ့ချင်တယ်။ ကြီးတော့ လင်ကွန်းနဲ့ တွေ့ချင်တယ်” ဆိုလား …။

ကျနော်က “ငယ်တုန်းက ဦးလေးသန်းရွှေကို ဆန့်ကျင်တယ်။ ကြီးတော့ ဦးလေးသန်းရွှေနဲ့ ဒိုင်ယာလောခ့်ချင်တယ်” လို့ စဉ်းစားမိရင်း ပြုံးမိတာပါ။

ဟုတ်တယ်လေ … ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လို့ မြန်မာ့နိုင်ငံရေးအတွက် အဖြေထွက်မှာမှ မဟုတ်တာ။ ဦးလေးသိန်းစိန်နဲ့ တွေ့လို့ကော ဘာထူးမှာတဲ့တုန်း။ ဦးလေးရွှေမန်းကော အနူနူပဲမဟုတ်လား။ ဘာဖြစ်လို့ အဲလိုပြောရလေလဲဆိုတော့ မြန်မာ့နိုင်ငံရေးကီးကြီးက ဦးလေးသန်းရွှေခါးမှာ တွဲလောင်းကြီးမဟုတ်လား။

အဲဒီလို ဦးလေးသန်းရွှေနဲ့ ဒိုင်ယာလော့ခ်ချင်သူ ဒေါက်တာလွဏ်းဆွေကိုမှ ညီစောလွင် ဆိုသူကလေးက “ဟတ်လိုင်းသမား” လို့ ယိုးစွပ်လေတော့ ထိုအချင်းအရာကို ကျွဲမြီးမတိုရင် ဘယ်သူ့အလွန်ဖြစ်မလဲလေ ...။ ။

ဒေါက်တာလွဏ်းဆွေ
၂၀-၈-၂၀၁၃

2 comments:

moe said...

Dr Lun Swe,
You are right.
You see Burmese Politics from the right angle.
Your view is correct.
But are your actions.
What you like Burmese people to do?
You want them to die slow in Eastern Chittier's slavery?

omega said...

lun swe
you must try to have critical, actual, liberal thinking on Burma's current situation.