Friday, August 21, 2009

အမေ့အတွက် အိပ်မက်

အမေ့အတွက် အိပ်မက်
ကမာပုလဲ

ငါလျှောက်ခဲ့တဲ့ လမ်းဟာ
အမေ့မျက်ရည်တွေနဲ့ပါ …
ဆူးစူးခဲ့ရင်
မချိတင်ကဲ
အမေ့ကို တမ်းတစမြဲပဲ
အမေကတော့
ဇာတိမြေ ဟိုးအဝေးမှာ
အိုမင်းကျန်ရစ်နေခဲ့ပြီ …။

အမေဟာ
စာတလုံးမှ ရေးတတ် ဖတ်တတ်ရှာသူ မဟုတ်ပါဘူး …
ဒါပေမယ့်
မေတ္တာတရားကို တပ်မက်တယ်
ချစ်ချင်းတရားကို ကိုးကွယ်တယ်
အန္တရာယ်နဲ့ ကြုံတဲ့အခါ
ကြက်သားအုပ်မကြီးလို
သားသမီးတွေအတွက်
ရဲရင့်ရင်ဆိုင်တယ် …။

အမေဟာ
ဘ၀အပေါ်မှာ တောင်းမစားခဲ့ဘူး၊
အမေဟာ
ဘ၀အပေါ်မှာ ခိုးမစားခဲ့ဘူး၊
အမေဟာ
ဘ၀အပေါ်မှာ အနိုင်ကျင့်မစားခဲ့ဘူး၊
ကုန်ကုန်ပြောရရင်
အမေဟာ
ဘ၀အပေါ်မှာ လိမ်မစားခဲ့ဘူး
အမေဟာ
ဘ၀အပေါ်မှာ ရိုးသားစွာ တိုက်ပွဲဝင် ရှင်သန်နေခဲ့သူ …။

အမေ့ဘ၀ရဲ့ နိဂုံးသတင်း
နယ်စပ်မျဉ်းပေါ်က ငါ ကြားသိခဲ့ရ
တစွန်းတစပါ
အချိန်၊ နေ့၊ ရက်၊ လ တွေ
အတိအကျ
ငါ ခုထိ သိခွင့်မရသေးဘူး …။

ညက
အိပ်မက်ထဲမှာ
အမေက ငါ့ကိုရိုက်တယ်
“ငါ စာမတတ်ပေမယ့် လိမ်တာကိုတော့ သိတယ်
လိမ်တာကို ငါမကြိုက်ဆုံးပဲတဲ့”
ငါ့မှာ …
အိပ်မက်ထဲ
ငိုလိုက်ရတာ အမောပါပဲ
အမေ …
ဘယ်လိုဘ၀မျိုးမှာ
ငါ့အတွက် ထာဝရ
စိတ်မချဖြစ်နေရပါသလဲ …။ ။

ကမာပုလဲ
၁၉၊ ၀၈၊ ၂၀၀၉

No comments: