Thursday, August 20, 2009

ချစ်သူဘာကြောင့်ဝေး

ချစ်သူဘာကြောင့်ဝေး
ကိုမွှေး

ဘေဘီ ... လုံမရေ ...
အားတွေတလှေကြီး
ကောက်လှိုင်းပုံကြီးလို တင်းလို့
မင်းကို ပြောလိုက်မယ်။

ချစ်လျက်နဲ့ ယာယီဝေးရတာဟာ
ရန်သူနဲ့ တအိပ်ရာထဲ မိုးချုပ်ရတာထက်
အဓိပ္ပါယ်ရှိတယ်
အပြစ်ကင်းပါတယ် အသည်းတုံးရဲ့။

ပကတိမှာက
အလံထူမထားတဲ့ တောင်ကုန်းတခုလို
ထင်းရှူး၊ မြက်ခင်း၊ လေပြေညှင်းနဲ့
ညင်ညင်သာသာ ဖြစ်တည်ချင်တယ်။

ဘေဘီရေ ...
လွင်ပြင်မြက်ရိုင်းခင်းထဲက
ကျောက်တုံးတတုံးလို ထီးတည်းဖြစ်မှုတွေနဲ့
စိတ်ကူးယဉ်မိတာပါ။

ကျိန်းသေစေချင်တဲ့အထဲမှာ
ပထမဆုံးက
ငရဲဆိုတာ
ဘာသာရေးဆိုင်ရာ ပစ္စည်းသက်သက်မဟုတ်ဘူးဆိုတာ ...။

သိလား ...
ဘာလို့လဲသိလား ဘေဘီ
မျှော်လင့်ချင်သေးလို့
နောက်ဆုံး ခဏတဖြုတ်ပဲဖြစ်ဖြစ်
ကောင်းကင်ဘုံကို ယုံကြည်ချင်သေးလို့ပေါ့ကွယ်
ယုံကြည်ချင်သေးလို့ပေါ့။

နွေးထွေးမှုဆိုတာ ဖျားနာမှုကို လက်ခံလိုက်မှ
ရရှိနိုင်တော့မယ့်အရာတခုဖြစ်လာချိန်မှာ ...

ကြည်နူးခွင့်ဆိုတာ
အဆင့်မြင့်နည်းပညာတွေ ပေါင်းကူးထားတဲ့
လူ့ယဉ်ကျေးမှုအသစ်တခုရဲ့ ထုတ်ကုန်ပစ္စည်းသာသာ
ဖြစ်မှန်းမသိဖြစ်လာချိန်မှာ ...

တခါတရံတော့ အတိတ်ကို ပြန်ပြန်တမ်းတဖြစ်တာ
ကျန်းမာရေးဆန်တဲ့ ဘရန်ဒီတခွက်လို အရေးပါသပေါ့။

ခေါင်းမဖော်နိုင်အောင် မူးယစ်မှ
သတိပြန်ရတတ်လာချိန်တိုင်းလေ
သန်းခေါင်ယံမှာမှ ကြယ်တွေကြွေတာမဟုတ်ဘူး ဘေဘီလို့
တယောက်တည်း ထထယောင်မိပြန်ရဲ့ ...။

ဘာရယ်မဟုတ်ဘူး
ငါ့လုံမရေ ...
မင်းကို သိပ်ချစ်ကြောင်းပြဖို့
ဘာစီလိုးနား ပဘယ်လ်ယန်မှာ ညစာတည်ခင်းနိုင်ဖို့ မလိုပါဘူး
သန်လျက်တခု မလိုပါဘူး
စီးတော်ဆင် မလိုပါဘူး
ပဒေသရာဇ်ဖြစ်ဖို့ မလိုပါဘူး
သူကြွယ်ဖြစ်ဖို့ မလိုပါဘူး ...။

တကယ်က နားသယ်စလေးတွေနား
စကားဖွဖွ သဲ့သဲ့နဲ့
လရဲ့အရောင်
ညရဲ့အမှောင်ကို တိုးခွဲချိန်မှာ
သစ္စာတွေဖွဲ့ဖို့ မေတ္တာတွေချဲ့ဖို့
အပြစ်အနာတွေ ငဲ့ဖို့ ချစ်သဒ္ဓါတွေ မယဲ့ဖို့ မဟုတ်လားကွယ် ...။

အပြစ်အနာတွေ မငဲ့ဖို့က
လုံမရဲ့ ညှာတာမှုပဲဖြစ်မှာ
အဲဒီညှာတာမှုနဲ့
ကျုပ်ကတော့ ဘာသာတခုလို့ ယုံကြည်လိုက်ခဲ့တာ
အဲဒီမှာပဲ သာယာမှုတွေနဲ့ ဈာန်ရလို့
ပြန်မရနိုင်တဲ့ ဖြစ်စဉ်တွေဖြစ်သွား
ဖြစ်သွားတာတွေ ပျက်သွား ...
သင်္ခါရ ခြစား ...
ကာလတွေပဲ့ကြွေ
မျက်ရည်တွေယိုစီး
ယိုစီးခြင်းတွေ ခမ်းခြောက်
ဟောသမှာ လမ်းပျောက်ခဲ့ပြီ လုံမရေ ...
ကျုပ် ... လမ်းကလေး ပြန်ရှာပေးပါ
တကတည်း အကန်းတယောက်လို တမ်းတ
လွမ်းရပါရဲ့။

ဒီမှာပဲ ကျွဲပြဲတွေစီးပြီး
တချို့တွေ ... မုန်းသူချင်း ရင်ကြားစေ့ချိန်မှာ
ချစ်သူတွေ ယာယီဝေးလို့
လွမ်းတေးတွေ ... ဆို ။ ။

ကိုမွှေး

No comments: