Friday, April 3, 2009
မော်လဒိုက်မှာ ပျော်ပိုက်မယ်ထင်လို့ ...
ဗွမ်း .. ဗွမ်း .. ဗွမ်း ..
ဗွမ်း .. ဗွမ်း .. ဗွမ်း ..
(ဦးရုက္ခစိုးကြီးတယောက် ကမ်းခြေတွင် မကူးတတ်ကူးတတ် ဟိုယက်သည်ယက် လုပ်နေသောကြောင့် ထွက် ပေါ်လာသော အသံဖြစ်သည်။)
ပင်လယ်ရေက ကြည်ပြာရောင် ... ကောင်းကင်ကြီးကလည်း ကြည်ပြာရောင် ... ကဗျာတောင် စပ်ဖို့ကောင်း နေပြီ ... ဟူ၍ ဦးရုက္ခစိုး စိတ်ကူးယဉ်နေမိသည်။
ရေကူးရတာ မဝပေမယ့် အစည်းအဝေးမှာ လေ့လာသူအဖြစ် အဖိတ်ခံထားရတော့ ဝင်ထိုင်ရပေဦးမည်။ အ စည်းအဝေးက အလွန်သာယာသည့် မော်လဒိုက်ကျွန်းလေးမှာ ဆိုတော့လည်း ရောက်ဖူးချင်မိသည်။ အစည်း အဝေးကိစ္စကတော့ အလွန်ကြောင်၏။ မြန်မာပြည်မှာ အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ထားခြင်းတဲ့။ မြန်မာ့အရေး ဆွေးနွေးကြမည်ဖြစ်သည်။
မျက်လုံးပေကလပ်နှင့် နိုင်ငံရေးသတင်းများကို စိတ်ဝင်စားသော ဒေဝါလီသတင်းဌာနက သတင်းထောက် သ ဝေထိုးလည်းပါသည်၊ နရသိန်အကျဉ်းသားများကူညီရေးအဖွဲ့မှ ကိုဘိတ်လည်း ယောင်တောင်တောင်နှင့် မော် လဒိုက်ကို ရောက်ဖူးချင်သည်ဆိုကာ ပါလာသည်။
သဝေထိုး ။ ။ သာယာလိုက်တဲ့ နေရာလေးဗျာ ...။ ဒီလိုနေရာမှာ အကြောင်းမထူးမယ့် မြန်မာ့အရေး လာ ဆွေးနွေးရတာ မတန်ဘူး။ ဘီကီနီဝတ် မဒီလေးတွေနဲ့ လာနှပ်ရမှာ ... ။
ရုက္ခစိုး ။ ။ ဒီလိုလည်း ဘယ်ဟုတ်မလဲကွ ... Relax လုပ်ပြီး မြန်မာ့အရေးဆွေးနွေးမှ Solution ကောင်းတွေ ရမှာပေါ့ ...။
ဦးရုက္ခစိုးက မြန်မာ့အရေးလေ့လာသူ ငါးဘတ်တက္ကသိုလ်ဆင်းများ၏ လေသံအတိုင်း ဘိုလိုညှပ်ပြောလိုက်ရာ သဝေထိုးကို တံတွေးစဉ်သွားသည်။
သဝေထိုး ။ ။ ဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်ဖြစ်ချင်တာ ပြောတာပါ ... (ပြောရင်း မျက်စိက လုံးဝ အနားမပေး ...။ ဘီကီနီဝတ် အဖြူမလေးများကို တယောက်မှ မလွတ်ရအောင် လိုက်ကြည့်သည်။)
ဒီနေ့က အစည်းအဝေးရဲ့ ဒုတိယနှင့် နောက်ဆုံးနေ့ ...။ ပထမနေ့ဆွေးနွေးသည့် ခေါင်းစဉ်က “မယောင်ရာ ဆီလူး ... မထူးတဲ့ မြန်မာပြည်” ဟု အမည်ရသည်။ ဒီနေ့မှာတော့ “တောင်စဉ်ရေမရ ဒီမိုကရေစီ” ဆို သည့် ခေါင်းစဉ်ကို “တံတွေး” ပိဿာချိန် ၂၀ ရသည်အထိ ဆွေးနွေးဖို့ စီစဉ်ထားသည်။
ဦးဆောင် ဆွေးနွေးမည့် သူများကတော့ မြန်မာ့အရေးကို စိုက်လိုက်မတ်တပ်ကော၊ ထိုင်လျက်ကော၊ လျှောက် လျက်ပါ လေ့လာလိုက်စား၊ လိုက်သောက်ကာ ကျမ်းပြုနေသည့် ပညာရှင်ကြီးများ၊ မြန်မာ့အရေးလှုပ်ရှား ကမ် ပိန်းထုသည့် မြန်မာမဟုတ်သူများ ပါဝင်သည်။
မြန်မာများကတော့ ထုံးစံအတိုင်း ဘေးထိုင်ဘုပြောကြသည်။ ဝင်မပြော မဆွေးနွေးကြ။ ပညာရှင်ကြီးများ ဆွေး နွေးငြင်းခုန်နေသည်ကို ပါးစပ်အဟောင်းသားနှင့် နားထောင်နေကြသည်။
ရောဘတ်ထွေလာ ။ ။ ကျနော့်မှာ ဘုရား နှစ်ဆူရှိပါတယ် (အားလုံး နားရွက်များထောင်သွားသည်)။ ဦးနေ ဝင်းနဲ့ ဒေါက်တာမောင်မောင်ပါ။ အလွန်လေးစားကြည်ညိုဖို့ကောင်းတဲ့ လူကြီးတွေပါ။
ဂျနီဗာဂွက်ထော် ။ ။ (မြန်မာ့အရေးလှုပ်ရှားသူပီပီ ... ရန်တွေ့သံနှင့်) ကိုထွေလာ … ရှင်ထွေလာတိုင်း ပေါက် ကရ လျှောက်မပြောပါနဲ့ ... ရှင်က မြန်မာဗိုလ်ချုပ်တွေကို ဖားပြီး စာရေးစားနေတဲ့သူ ... ရှင့်ရဲ့ အတ္တတွေကို အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာနေပြီး Scholar Prostitute လုပ်စားနေပြီးတော့ ... ။
ရုက္ခစိုး ။ ။ (မျက်လုံးပြူး မျက်ဆံပြူးနှင့် ဖိုးရှုပ်နားသို့ကပ်ကာ) ဟ ... ဒီပွဲက ကြမ်းလှချည့်လား ...။
ဒဲရစ် ထိုးချင် ။ ။ ဒီမှာ ဂွက်ထော် ... မြန်မာ့အရေးကို နားမလည်ဘဲ မျက်စိလည်လမ်းမှားပြီး ဟိုအော် သည် အော် ဝင်အော်၊ သံရုံးရှေ့ဆန္ဒပြပြီး မြန်မာပြည်ကို လာချစ်ပြမနေနဲ့။ အမှန်တရားကို ကြည့် ... ကြည့်သောသူ မြင်၏တဲ့။ ဗိုလ်ချုပ်ကြီးတွေကို သနားကြင်နာစွာ လေ့လာပါ။
ရောဘတ်ထွေလာ ။ ။ ဝုတ်ဒယ် ... ဝုတ်ဒယ် ... ထိုးချင်ပြောတာ မှန်တယ်။ ဒီမိုကရေစီတွေ အောင်ဆန်းစု ကြည် လွတ်လပ်ရေးတွေ လုပ်မနေနဲ့ ...။ တို့ဗိုလ်ချုပ်တွေက တလမ်းမောင်းပဲ။ ငါ စာအုပ်တွေ အများကြီးရေး ပြီးပြီ။ သိတယ်။
ဂွက်ထော် ။ ။ ရှင်က မြန်မာစကော်လာသာ ပြောတယ်။ မြန်မာလိုလည်း မဖတ်တတ်၊ မရေးတတ်။ ဘာသာ ပြန်တာကို စောင့်ပြီး ရှင့်စာအုပ်ထဲ အကုန်ခိုးချနေပြီးတော့ ...။
ဂွက်ထော်က အလစ်ချောင်း တိုက်ခိုက်လိုက်ရာ ထွေလာ ရှုးရှုးရှဲရှဲဖြစ်သွားသည်။ သူ့နာမည်အတိုင်း ထွေလာ လျှင် ဒေါသကြီးပြီး မြန်မာ့အရေးကို ပေါက်ကရ ဆွေးနွေးလေ့ရှိသဖြင့် ဒီတခေါက်လည်း ဝိုင်းသမတာ ခံနေရ ခြင်းဖြစ်သည်။
ရုက္ခစိုး ။ ။ (ကိုဘိတ်နှင့် ကိုသဝေထိုးတို့ဘက်ကို စိတ်မသက်မသာကြည့်ရင်း) ဒီခေတ်ကြီးမှာ ဒီလိုပေါက်က ရတွေပြောမှ လူတွေ အထင်ကြီးမှာကွ။ မင်းတို့လည်း တချီတမောင်း ဝင်ကြဲကြည့်ပါလား။
သဝေထိုး ။ ။ (လေသံလေးဖြင့်) မလုပ်နဲ့ ...။ ကျနော်တို့တွေက အိမ်ကျယ်တွေ ... မဖြစ်ဘူး။ လူကြားထဲကျ ရင် ... အီးတောင် ကျယ်ကျယ်ပေါက်ရဲတာ မဟုတ်ဘူး။
ရုက္ခစိုး ။ ။ ဒါဆိုရင် ... ဒီကောင်တွေက တောင်စဉ်ရေမရ ... မယောင်ရာဆီလူး၊ အရေမရကိစ္စတွေကို ပြော စားပြီး မြန်မာပြည်မှာလုပ်စားနေတဲ့ စကော်လာကြီးတွေပေါ့နော်။
ဒဲရစ်ထိုးချင် ။ ။ (အတိုက်အခံများက သူ့ကို ထိုးချင်နေသောကြောင့် တွင်လာသည့် နာမည်ဖြစ်သည်။) ကျ နော်တို့လည်း အလုပ်မရှိ အကိုင်မရှိ ပင်စင်စားဘဝမှာ ... ၁၀၉ - ၁၁၀ ဖြစ်နေမယ့်အစား ပေါက်ကရတွေ ဝင် ပြောလွန်းလို့ ဟိုလူကခေါ်တွေ့ ... ဒီလူက ခေါ် စကားပြောနဲ့ ... မြန်မာ့အရေးမှာ လူရာဝင်နေပါပြီဗျ။
ရုက္ခစိုး ။ ။ ဘာတွေ ဆွေးနွေးပြောဆိုလေ့ရှိတယ် ဆိုတာလေး ပြောပါဦး ဦးထိုးချင်ရဲ့။
ဒဲရစ်ထိုးချင် ။ ။ ၁၉၉၀ ရွေးကောက်ပွဲဟာ Valid မဖြစ်တဲ့ အကြောင်းပြောပြီး အောင်ဆန်းစုကြည်ဆိုတဲ့ လေ ဒီလေး ထောင်သက်ရှည်အောင် လော်ဘီလုပ်ပေးရတာပေါ့ဗျာ။
ဂွက်ထော် ။ ။ ရှင်တို့ တော်တော်လွန်လာပြီနော်။ ကျမတို့ရဲ့ လူထုခေါင်းဆောင်ကို မစော်ကားနဲ့ ...။ သူလွတ် မြောက်ရေးအတွက် ကျမတို့အော်နေရတာ လည်ချောင်းတောင်ကွဲနေပြီ။ သူလွတ်လာရင်လည်း ကျမသာလျှင် သူ့ရဲ့တဦးတည်းသော Messenger လုပ်ဦးမှာ ... လုပ်ဦးမှာ။
ကိုဘိတ် ။ ။ (ခေါင်းကို တဗြင်းဗြင်း ကုတ်ရင်း ...) ဒုက္ခပါပဲ ... သူတို့လုပ်ပုံနဲ့တော့ အဘွားကြီးကို သောက်မြင် ကပ်ပုဒ်မနဲ့ နေအိမ်အကျယ်ချုပ် နှစ်ထပ်တိုးတော့မယ်ထင်တယ်။
ဂွက်ထော်၊ ထွေလာနှင့် ထိုးချင်တို့ မယောင်ရာဆီလူးနေစဉ် တခြားသော မြန်မာ့အရေးကျွမ်းကျင်သူ ဘိုးအေ များ၊ မြန်မာ့အရေးလုပ်စားသူ ပေါက်စများက စကားများငြင်းခုန်နေကြသည်။
“၂၀၁၀ ရွေးကောက်ပွဲကြီးကတော့ အခွင့်အလမ်းတခုရဲ့ တံခါးပေါက်ပဲဗျ”
“၂၀၁၀ ကို မကြည့်နဲ့ ၂၀၁၅ ကို ကြည့်။ မြန်မာပြည်မှာ ဒီမိုကရေစီရဲ့ လမ်းစကို မြင်နေရပြီ”
“Road Map ကို ဗရုတ်ဗရက် လုပ်လို့မရဘူးဗျ။ အတိုက်အခံနဲ့ ဘုန်းကြီးတွေက မေတ္တာသုတ်ပဲ ရွတ်တတ်တာ ... သေနတ်မှ မပစ်တတ်ဘဲ”
“သန်းရွှေကြီးက တကယ်ကို စမတ်ဖြစ်တာဗျ ...။ သူက အတိုက်အခံပြောတာကို ... အဝှာ ကြားထဲတောင် ညှပ်တာမဟုတ်ဘူး။ သူလုပ်ချင်ရာလုပ်တာနော်”
“ဟုတ်တယ် ဟုတ်တယ် ... တော်လှန်ရေးနေ့က ပြောသွားတာလေး ဘယ်လောက်လှလဲ ... ။ ခု ရေတွင်းတူး ခု ရေကြည်သောက်လို့ မဖြစ်ဘူးဆိုတာလေ။ ဒီမိုကရေစီမပေးချင်တဲ့အကြောင်းကို ကဗျာဆန်ဆန် ပြောသွား တာ ကြားတယ်မဟုတ်လား”
လေ့လာသူ ဦးရုက္ခစိုးကြီး စိတ်ဓာတ်အကြီးအကျယ်ကျသွားသည်။
ဦးရုက္ခစိုး ။ ။ ဟေ့ ... ဟေ့ ... ငါတို့ အပြင်ခဏထွက်ပြီး လေလေးဘာလေး ရှူရင်ကောင်းမယ်ထင်တယ်။
မြန်မာထုံးစံအတိုင်း ကျေလည်း မကျေနပ်၊ ဝင်လည်း မပြောရဲသဖြင့် ခပ်ကုပ်ကုပ် ထွက်လာခဲ့ကြသည်။ အ ပြင်ဘက်တွင် ကိုဘိတ်က ကြိုရောက်နှင့်နေသည်။
ဂျောက်ဂျက် ... ဂျောက်ဂျက် ... ဂျောက်ဂျက် ... ဂျောက်ဂျက်
သဝေထိုး ။ ။ ဘာလုပ်နေတာလဲ ကိုဘိတ် ...။
ကိုဘိတ် ။ ။ တရုတ်ပေသီးတွက်နေတာလေ။ ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ ...။
ရုက္ခစိုး ။ ။ ဘာတွေလဲဗျ … ။
ကိုဘိတ် ။ ။ မြန်မာပြည်မှာ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းပါ ...။
ရုက္ခစိုး ။ ။ တနှစ် တနှစ်ကို ခင်ဗျားတို့ ထောက်ပံ့နေတာ ဘယ်နည်းမလဲနော်။
ကိုဘိတ် ။ ။ (ဂျောက်ဂျက်၊ ဂျောက်ဂျက် ... ) မလောက်ဘူးဗျ။ အလှူရှင်တွေက မေးထားတယ်။ နောက်နှစ် အဖမ်းအဆီးစာရင်းကို ဖြစ်နိုင်ချေ တွက်ပေးပါတဲ့။ အဲဒါ စုစုပေါင်း ၄၀၀၀ ကို Estimate လုပ်ပေးထားတယ်။ မလောက်ဘူးဗျို့ မလောက်ဘူး။
သဝေထိုး ။ ။ ကိုဘိတ်၊ ကိုဘိတ်စာရင်းကို နည်းနည်းထပ်တိုးလိုက်ပါလား။ ဟို အစည်းအဝေးခန်းထဲက လူ တွေပါ ထည့်လိုက်ရင် ကောင်းမယ်ထင်တယ်။
ကိုဘိတ် ။ ။ (ကွမ်းတံတွေးကို ထောင်ဝါဒါများကဲသို့ ဗျစ်ကနဲ ထွေးလိုက်ပြီး ...) သူတို့ကို ထည့်လိုက် ရင် တော့ ငါ့ဘတ်ဂျက် သုံးလေးဆ တိုးမှာပေါ့ကွ။ ဒိန်ခဲတွေ၊ ဒိန်ချဉ်တွေ ပို့ရမယ်။ ငါးပိနဲ့ တို့စရာနဲ့တင် မရဘူး လေ။
ထိုသို့ စကားကောင်းနေစဉ် ပင်လယ်ဒီရေများ တဖြည်းဖြည်း မြင့်တက်လာသည်ကို အားလုံးသတိပြုမိလိုက် သည်။ မော်လဒိုက်က ပင်လယ်ရေမျက်နှာပြင်၏ အနိမ့်ဆုံးနေရာတွင်ရှိနေကာ ရေလွှမ်းနိုင်ကြောင်း သတိပေး ထားသည်ကိုး .. ။
“ပင်လယ်ရေတွေ တက်လာပြီဟေ့ ပြေးကြ ... ပြေးကြ ...”
ရေတက်လာပုံက မြန်သည်။ ရုန်းရင်းဆန်ခတ် ပြေးလွှားကြသည်။ “ကိုဘိတ် ... ကိုဘိတ် ခင်ဗျား ဂျောက်ဂျက် ကြီး မမေ့နဲ့ဦး” ဟု သဝေထိုးက အော်သည်။
ဝုန်း … ဒိုင်း ...
အစည်းအဝေးခန်းမကြီးလည်း လဲပြိုပြီး ရေထဲပါသွားသည်။ ဦးရုက္ခစိုးတို့တသိုက် မိရာကိုဆွဲပြီး ရေထဲမှာ အ သက်လုနေကြသည်။
ရောဘတ်ထွေလာ၊ ဂွက်ထော်နှင့် ထိုးချင်တို့ကတော့ ရေထဲမျောနေတာတောင် မြန်မာ့အရေးကို ငြင်းလို့ ခုန် လို့ မပြီးနိုင်သေး။ ဦးရုက္ခစိုးက ပင်လယ်စောင့်နတ်ကို တိုင်တည်လိုက်သည်။ သဝေထိုးကလည်း အားကျမခံ သစ္စာဆိုသည်။
သဝေထိုး ။ ။ တပည့်တော် သတင်းအမှားတွေပဲ ရေးခဲ့တာပါ။ ဤမှန်သောသစ္စာစကားကြောင့် မိုးဟေကို ဘီ ကီနီလေးနဲ့ စပိဘုတ်လေးစီးပြီး လာကယ်ပါစေဘုရား။
ဦးရုက္ခစိုး ။ ။ ဘယ့်နှယ် မိုးဟေကိုရမှာလဲ သဝေထိုးရဲ့ ... မေခလာ လုပ်စမ်းပါ။
သဝေထိုး ။ ။ မေခလာက အသက်ကြီးပြီဗျ။ ဒီလောက်သစ္စာဆိုထားရတာ ... လာမယ့်လာတော့ မိုးဟေကိုပဲ လာပါစေဗျာ။
ဗွမ်း ... ဗွမ်း ... ဗွမ်း ... (ယက်ကန်ယက်ကန် ကူးနေသံ)
ထိုစဉ် ကောင်းကင်ပေါ်က ကြိုးတချောင်းနှင့် တစုံတခုကျလာတာကို ရိပ်ခနဲ တွေ့လိုက်ရသည်။
ကိုဘိတ် ။ ။ ဟာ ... တာဇံဟေ့ ...။
ထိုတစုံတခုထံမှ အသံထွက်လာသည် ... “ကျမ မေခလာပါ။ တာဇံ မဟုတ်ပါဘူး။ ကျမနဲ့ လိုက်မှာလား မ လိုက်ဘူးလား”
အားလုံး ။ ။ ဟာ လိုက်မယ်၊ လိုက်မယ်။ တယောက် ဘယ်လောက်လဲ။
မေခလာ ။ ။ ကြားကားဆိုတော့ တယောက် ၃၀၀ ကျတယ်။ အာ ယောင်ကုန်ပါပြီ။ ပိုက်ဆံမပေးရဘူးရှင့် ...။
မေခလာက သုံးယောက်ပူးကြီး ကုတ်ကဆွဲမကာ ပွေ့ချီလိုက်သည်။
သဝေထိုး ။ ။ (ကိုဘိတ်ကို လှမ်းကြည့်ရင်း) မေခလာက လေးဆယ်ကျော်သာဆိုတယ် အလတ်ကြီး ရှိသေး တယ်နော် ဟီးဟီး။
ကိုဘိတ် ။ ။ ဟေ့ကောင် နောက်မနေနဲ့ … ဒါ အဆိုတော်မေခလာ မဟုတ်ဘူး။ မဏိမေခလာကွ ... ခေါင်းမှာ ဟိုဟာကြီးပါတယ်။
မရတော့ပါ။ ခြေလွန်လက်လွန်ဖြစ်သွားသည်။ သဝေထိုးက မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ၊ မေခလာ လန့် အော်လိုက်သည်။ ပြီးတော့ စိတ်ဆိုးမာန်ဆိုးဖြင့် “ကိုသဝေထိုး ရှင့်ကို ပစ်ချလိုက်ရမလား” ဟု မေးလိုက်သည်။
သဝေထိုး ။ ။ (မချိုမချဉ်ပြုံးကာ) ကန်တော့ ... ကန်တော့ ... လက်က အကျင့်ပါနေလို့ပါ ... သီချင်းဆိုတဲ့ မေ ခလာနဲ့ မှားသွားလို့ …။
မေခလာ ။ ။ ကဲ … ကဲ ... ရောက်ပြီ ... ဒီ ပန်းဆိုးတန်းမှာပဲ ချခဲ့တော့မယ်။ ခဝဲခြံကို ၄၈ စီးပြီး ပြန်ကြတော့။
ဦးရုက္ခစိုးက ကျေးဇူးတင်စကားပြောသည်။ မေခလာက သဝေထိုးကို သိပ်မကြည်ချင်။ ကိုဘိတ်ကတော့ ရေ ထဲမှာ ကျန်ခဲ့သူများကို သတိရကာ စိတ်မကောင်းဖြစ်နေသည်။ “ရေထဲမျောမယ့်အစား ထောင်ထဲထည့်လိုက် ရလျှင် ဘတ်ဂျက်တိုးနိုင်တယ်” ဟု စိတ်ကူးနေသည်။ စိတ်ကူးရင်း အားမရသဖြင့် ပါးစပ်က ထုတ်ပြောလိုက် သည်။
ကိုဘိတ် ။ ။ ရေထဲမျောသွားတဲ့သူတွေအတွက် စိတ်မကောင်းဘူးဗျာ ...။
ဦးရုက္ခစိုးက တဟားဟား အော်ရယ်ကာ လက်သီးလက်မောင်းတန်း၍ အော်ပြောလိုက်၏။
ဦးရုက္ခစိုး ။ ။ ဟေး ... တတောရှင်းပြီကွ။ ခုမှ မြန်မာပြည် ဒီမိုကရေစီရဖို့နဲ့ မှန်မှန်ကန်ကန် ပြောင်းလဲဖို့ နီးစပ် ပြီ။ နီးစပ်ပြီကွ ...။
ရန်ကုန်သားတာတေ
Subscribe to:
Post Comments (Atom)











1 comment:
i like your blog......
Post a Comment