Sunday, March 29, 2009

မိုးညို့သောနေ့စွဲ

မိုးညို့သောနေ့စွဲ
မွန်ဒရာ

ကောင်းကင်တခုလုံး ညိုညစ်နေသည်။ တိမ်များမှာ အကြည်ရောင်ရောင်မရှိ။ နံနက်ခင်းသည် အုံ့မှိုင်းမှိုင်းရပ် ၀န်းတခုဆီမှ တိုးထွက်ပွင့်လာသည်။ မိုးစက်တွေသီးနေသော ကင်းဗတ်စပေါ်မှ စုတ်ချက်အင်မတန်ပီပြင် သော ပန်းချီကားတချပ်ခုန်ထွက်လာပြီး ကျမအခန်းကလေးထဲ တလှမ်းချင်းလှမ်းလျှောက်လာသည်။ အချိန် အတန်ကြာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးပြီး အချိန်အတော်ကြာဝေးကွာနေခဲ့သော ရနံ့တမျိုးကို ရှူရှိုက်လိုက်ရသည်။ သဲသဲကွဲကွဲလည်းမဟုတ်။ အဲဒါ မြေသင်းနံ့ဖြစ်ပါစေ။ မိုးညို့သောနေ့စွဲတွေနှင့် ကျမ အကျွမ်းတ၀င်မရှိခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။

တချို့က မိုးညို့သောနေ့စွဲတွေကို ချစ်တတ်ကြသည်။ တချို့က မိုးညို့သောနေ့စွဲတွေကို ပျင်းရိငြီးငွေ့တတ် ကြ သည်။ တချို့က မိုးညို့သောနေ့စွဲတွေကို ခါးခါးသီးသီး ငြင်းပယ်ချင်ကြသည်။ အစ်မတယောက်လို ချစ် ခင်ရသော မိတ်ဆွေတဦးက တချို့က မိုးညို့သောနေ့စွဲတွေမှာ ဘယ်လိုအမည်တပ်ရမည်မှန်းမသိသော ခံ စားချက်မျိုး သူမရင်ထဲ အလိုလို မွေးဖွားလာတတ်သည်ဟုဆိုသည်။ ကျမအတွက်ရော ...။ မိုးညို့သောနေ့စွဲ များ၏ လူတဦးတယောက်စီအပေါ် ညှို့ငင်ဖမ်းစားမှု၊ တွန်းကန်မှုတို့သည် နေရာဒေသ၊ အချိန်ကာလ၊ အ တိတ်နှင့် ပစ္စုပ္ပန်ဆီမှ ခြေရာမျိုးစုံပေါ်မူတည်ပြီး အရောင်အသားမျိုးစုံ ကွဲဖြာထွက်လာတတ်ဟန်တူသည်။ ကောင်းကင်အလင်းအမှောင် မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး တိမ်တွေ ပုံသဏ္ဍာန်အရောင်အဆင်းမျိုးစုံ စီး မျောလာကြသလိုပေါ့။

အနောက်ဘက်ကမ်းရိုးတန်းမှာ မိုးစက်တွေကို မြင်ရဖို့ဆိုတာ မုန်တိုင်းကို နီးနီးကပ်ကပ် ထိုင်စောင့်နေရတာ နဲ့ အတူတူပဲဖြစ်သည်။ မုန်တိုင်းက မိုးစက်တွေကို ခေါ်ဆောင်လာသည်။ မိုးစက်တွေက ကျမတို့ကို တွန်းဖွင့် ရလွယ်ကူသော အဇ္ဈတ္တတံခါးချပ်တွေဆီ ညင်ညင်သာသာ ခေါ်ဆောင်သွားသည်။ အတိတ်တံခါးချပ်များက တင်းတင်းစေ့ထားဆဲ။ မှုန်ပြပြသာ လှမ်းရပ်ငေးမောနိုင်ခွင့်ရှိတော့သော အနှစ် ၃၀ စာ နံနက်ခင်းများ။ အဲဒီ့ အခါ ... ပစ္စုပ္ပန်အရပ်ရှိ ကျမ၏လက်ဖ၀ါးတွေမှာ ထိတွေ့မှုအာရုံတွေ သေဆုံးနေခဲ့ကြသည်။ သမင်လည်ပြန် တွေဆိုတာလည်း ဘယ်လိုမှ အသုံးမ၀င်တော့ပါ။ ကျမက သိုးငယ်တကောင်ရဲ့ အရိပ်တွေထက် ၀ံပုလွေတ ကောင်စစ်စစ် ဖြစ်ချင်နေခဲ့သည်။ အဲဒီလိုဆိုပြန်တော့ ကဲ့ရဲ့ဝေဖန်သံ၊ အာမေဋိတ်သံ၊ နှစ်သိမ့်သံတွေ ပေါင်း စပ်ပြီး မိုးသံလေသံတွေထဲ စနစ်တကျ စိမ့်ဝင်လာကြလိမ့်ဦးမည်။ ရှိပါစေလေ ..။ ဒါလည်း ခံစားရိုကျိုးစိတ်နဲ့ ခံစားနာယူတတ်မယ်ဆို အနုပညာတမျိုးမဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်မလဲ။ အခွင့်အရေးရှိခဲ့မယ်ဆိုကြပါ စို့။ မိုးညို့သောနေ့စွဲတခုမှာ ပျောက်ဆုံးခဲ့ပြီးသော ကျမ၏ကမ်းခြေကို ကျမပြန်ရချင်ပါသည်။ အဲဒီလိုဆိုတော့ တံခါးချပ်တွေဆီ အရှိန်ပြင်းပြင်း ခုန်ပေါက်ဝင်လာသော မိုးရေစက်ကလေးတွေ မထီတရီပြုံးကြသည်။ အလို ... ကျမအပြုံးတွေနဲ့ တထေရာထဲပါလား။

မှန်ချပ်နောက်ကွယ်မှာ ပိန်းပိတ်နေအောင်သုတ်ထားသော ပြဒါးမှုန်တွေ မလိုအပ်တော့ပါ။ မိုးရေစက်တချို့ ကြောင့် ပထမဆုံး ပြတင်းမှန်တချပ် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။ နှင်းဆီဖြူကို ကိုက်ချီလာ သော ချိုးပြာငှက်ကလေးက မိုးနဲ့မုန်တိုင်းကို ထိုးဖောက်ပျံသန်းနေဆဲ။ ကောင်းကင်က ညို့မှိုင်းလိုက်၊ ဖြူဆွတ် လိုက်၊ အလင်းညက်လိုက်၊ အလင်းအက်လိုက်၊ သက္ကရာဇ်တွေ ပြိုဆင်းသွားသည်။ အလင်းရဲ့အဟုန်ကို မမီ ရင်တောင် အသံရဲ့အဟုန်ထက် ပိုမြန်နေမလားပဲ။ ကျမတမြတ်တနိုး အားကိုးတကြီး ဆုပ်ကိုင်ချင်ခဲ့ဖူးသော လက်ဖ၀ါးတစုံ အခုချိန်မှာဆို ဘယ်ဆီမှာများလဲ။ နှင်းဆီဖြူဆွတ်သူတွေက ဆွတ်နေကြသလို ကိုင်းကူး ကိုင်းဆက်နေသူတွေကလည်း ဆက်လို့ဆက်လို့ ပျိုးနေမြဲ။ သူတို့လက်ဖ၀ါးတွေမှာ နှစ်ပေါင်း ၂၀ ထက် မ နည်း အသားမာကြမ်းတွေထလို့။ နောက်ပြီးသွေးစက်နီနီရဲရဲတွေ ဖြာကနဲဖြာကနဲ။ အဲဒါသွေးစက်ဖြစ်သွားတဲ့ ၀ိဉာဉ်စစ်စစ်တွေ။ အဲဒါသွေးစက်ဖြစ်သွားတဲ့ ၈၈နဲ့ ၂၀၀၇ အပိုင်းအစတွေ။ တကယ်တော့လည်း ဘာများ ဆန်းသလဲ ... နှင်းဆီကနှင်းဆီ၊ ဆူးကဆူး၊ နှင်းဆီပျိုးသူ၊ နှင်းဆီဆွတ်သူ၊ နှင်းဆီခြွေသူ အဲဒါတွေအားလုံး က တခြားစီ။ ဒါကို အဓိပတိလမ်းနဲ့ သစ်ပုတ်ပင်သိတယ်။ စွယ်တော်ပင်တွေသိတယ်။ ငွေကြာရံသိတယ်။ မဂ္ဂင်ကျောင်းသိတယ်။ ဟော်လိုဂစ်တာတလက်တီးရင်း ကျမသိပ်ကြိုက်သော ခင်မောင်တိုး၏ နှင်းဆီပန်သူ သီချင်းကို ခုနေမှာ ဘယ်လိုမှ မသီဆိုရက်ပါ။ ပြတင်းတံခါးချပ်မှာ မိုးစက်မှုန်တွေထဲ သွေးစက်မှုန်တွေ တ ဖြည်းဖြည်းချင်း စိမ့်ဝင်ပေါင်းစပ်သွားသည်။ ထိုအခါမုန်တိုင်းသည် ပန်းဝင်ခါနီးမြင်းတကောင်၏ ခွာသံလို ပို မိုပြင်းထန်လာခဲ့သည်။

ပထမဆုံးနေ့
အနောက်ဘက်ကမ်းရိုးတန်းသို့ ဦးတည်နေသော မုန်တိုင်း ၃ ခု ပစိဖိတ်သမုဒ္ဒရာပြင်မှာ ထိုင်စောင့်နေကြောင်း ရုပ်မြင်သံကြားသတင်းဌာနက ကြေညာသည်။ သူတို့တွေ ပစိဖိတ်သမုဒ္ဒရာပြင်ကို ဖြတ်ကျော်လာကြမည်။ သူတို့တွေ ရော့ကီးတောင်တန်းကြီးတွေကို ဖြတ်ကျော်လာကြမည်။ သူတို့တွေ ကမ္ဘာ့စီးပွားပျက် ကပ်အစ ၂၀၀၈ ကို ဖြတ်ကျော်လာကြမည်။ သူတို့တွေ ...။

ဒုတိယနေ့
မုန်တိုင်းစောင့်ကြည့်သူတွေက စောင့်ကြည့်ကြသည်။ မုန်တိုင်းဒဏ်မှလွတ်အောင် ကြိုတင်ပြင်ဆင်နေသူ တွေက ကြိုတင်ပြင်ဆင်နေကြသည်။ မုန်တိုင်းပြင်းအား ကြိုတင်ခန့်မှန်းသူတွေက ဆက်လက်ခန့်မှန်းနေကြ သည်။ မုန်တိုင်းခေါ်သူက ဘယ်သူများလဲ ...။ ပစ္စုပ္ပန်၏ အကျိုးတရားမဖြစ်ထွန်းစေသော အတွေးအခေါ်မျိုး မေးခွန်းမျိုးကို ဗုဒ္ဓမြတ်စွာက ငြင်းဆန်ခဲ့ဖူးသည်ဟု ဆရာဦးဆန်းလွင်၏စာအုပ်မှာ ဖတ်ဖူးတာ ပြန်သတိရမိ သည်။

တတိယနေ့
မိုးရေစက်တွေကို မုန်တိုင်းကထမ်းပိုးလာခဲ့ပြီ။ တတိယကမ္ဘာမှာလည်း မုန်တိုင်းဟာ မုန်တိုင်းပါပဲ။ လျှပ်စီးအ လက်မှာ ဖြတ်ကနဲမြင်လိုက်ရသည်။ တတိယအုပ်စုတဲ့။ မိုင်သောင်းချီဝေးကွာနေတဲ့ ပြည်ထောင်စုမြန်မာနိုင် ငံတော်ကြီးဆီက။ ပထမပုဂ္ဂိုလ်=ကျွန်ုပ်၊ ဒုတိယပုဂ္ဂိုလ်=သင်၊ တတိယပုဂ္ဂိုလ်=သူ၊ သူမ၊ ကျမတို့တွေ သဒ္ဒါ မညံ့ခဲ့ကြတာ သေချာပါသည်။ ပထမပုဂ္ဂိုလ်နဲ့ ဒုတိယပုဂ္ဂိုလ်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြပြီလား။ ဒါမှမ ဟုတ် ဒင်္ဂါးပြားတချပ်ရဲ့ ခေါင်းနဲ့ပန်းလို ကျောချင်းဆိုင်နေကြဆဲလား။ တတိယပုဂ္ဂိုလ်ဆိုတာကရော ဘယ် မျက်နှာစာမှာပါလိမ့်။ ဘာပဲဖြစ်ဖြစ် တော်တော်လေး နေသာထိုင်သာ သက်တောင့်သက်သာနဲ့ အစွန်းတွေ က လွတ်ကင်းမယ့် နေရာတခုများ ဖြစ်နေမလား။ မိုးရေစက်သံတွေကြားမှာ ဆရာပိုင်စိုးဝေရဲ့ ကဗျာအပိုင်း အစတချို့ကို သတိရမိသည်။ စာလုံးအတိအကျ မမှတ်မိတော့။ အဓိပ္ပါယ်က ပထမဆုံးလူမဟုတ်ရင် ဒုတိ ယဆိုတာ တတိယနဲ့ အတူတူပါပဲဆိုလား။ မူလတန်းစတက်တုန်းက ပထမဆု၊ ဒုတိယဆုတွေနှင့်လွဲခဲ့သော ကျမ ‘နှစ်သိမ့်ဆု’ ဆိုတာကို ယဉ်ယဉ်ကျေးကျေး လှလှပပခေါင်းစဉ်တပ်ထားသော ‘တတိယဆု’ ကို စင်မြင့် ပေါ်တက် မြောက်ကြွမြောက်ကြွနှင့် တက်ယူခဲ့တာလည်း ပြန်သတိရမိသည်။ ဘာပဲဖြစ်ဖြစ် စင်အောက်က လက်ခုပ်တီးသူတွေကလည်း တီးပေးခဲ့ကြတာပဲမဟုတ်လား။ ကျမတို့အားလုံး နေရောင်ခြည်နှင့် တွေ့ဆုံချင် လှပြီ။

အနောက်ဘက်ကမ်းခြေသူများက မိုးရေစက်တွေနှင့် တရင်းတနှီး ကျွမ်းဝင်သူတွေမဟုတ်ကြသောကြောင့် အထိတ်တလန့်ဖြစ်သူတွေက ဖြစ်ကြသည်။ ကျမသူငယ်ချင်း ယူကရိန်းသူ ကောင်မလေးက ‘မိုးထဲလေထဲ ကားမောင်းရတာ ငရဲပဲ’ ဟု ညည်းသည်။ ‘မိုးရေထဲ အိမ်ပေါ်ကဆင်းပြီး ကားပေါ်တက်ရတဲ့ ခြေလှမ်း ၁၅ လှမ်းဟာ ငရဲပဲ’ ဟု ဆံပင်ရွှေရောင်နှင့် ဥရောပတိုက်သူ ဆရာမကဆိုသည်။ ‘မိုးရေစိုစိစိုစိထဲ လမ်းလျှောက် ရမှာကြောက်လို့ ဒီနေ့ gym မသွားဖြစ်ဘူး။ ဘော်ဒီဝိတ်တက်တော့မှာပဲ။ ငရဲပဲ’ ဟု ဖိလစ်ပိုင်ကောင်မလေး ကဆိုသည်။ အဲဒါသူတို့ရဲ့ငရဲ .. ဟုတ်လား။ ငယ်ငယ်တုန်းက ပျော်ရွှင်ကြည်နူးစွာ မှုတ်ဆော့ခဲ့ဖူးသော ဆပ် ပြာပူပေါင်းရောင်စုံတွေကို ကျမ ဒီည တမ်းတမ်းတတ လွမ်းဆွတ်မိပါသည်။

အရှေ့တောင်အာရှတနေရာက မိုးညို့သောနေ့စွဲတွေကို အနောက်ဘက်ကမ်းရိုးတန်းဆီမှ ကျမ၏ အခန်း ကျဉ်းကလေးထဲ ယူဆောင်ပစ်ချလိုက်သူက အစ်မတယောက်လိုချစ်ခင်ရသူ ဖလော်ရီဒါပြည်နယ်မှ မယုဖြစ် သည်။ ဖလော်ရီဒါဆိုတာက တနှစ်တာရဲ့ အချိန်တော်တော်များများမှာ မုန်တိုင်းတွေ တလုံးပြီးတလုံးကို စုပ် ယူလိုက် ထွေးထုတ်လိုက်နှင့် နေသားကျပြီးသော ပြည်နယ်တခု။

“မိုးရွာတော့ အမတို့ ဆူရှိတွေအရောင်းပါးတယ် ညီမရဲ့။ မနက်ကဆို လွှင့်ပစ်လိုက်ရတဲ့ ဘူးတွေမှ မနည်း ဘူး။ ဒါတွေထားပါ။ မိုးတွေရွာရင်လေ အမရင်ထဲမှာ တမျိုးကြီးပဲသိလား။ မြန်မာပြည်ကို အမ အရမ်းသတိရ တာပဲ။ သြော် .. ငါကတော့ ဒီမှာ ကားကောင်းကြီးကို အကြွေးနဲ့ဝယ်စီးပြီး မိုးလုံလေလုံ။ ဒီအချိန်ဆိုရင် ဟိုမှာ ... ညီမ သိတယ်မဟုတ်လားဟင်။ ဒီအချိန်ဆိုရင် ဟိုမှာ ... ဟုတ်ပါရဲ့ ဒီအချိန်ဆိုရင် မြန်မာပြည်မှာ ...။

ကျမတို့နှစ်ဦးလုံး မိုးရေစက်တွေ ခိုစီးရင်း မြန်မာပြည်ပြန်ဖြစ်ကြသည်။ မိုးရေစက်တွေက ကျမတိုရဲ့ ၀ိဉာဉ် တွေကို ထမ်းပိုးလို့။ ကျမတို့ဝိဥာဉ်တွေက အတိတ်နေ့ရက်တွေကို ထမ်းပိုးလို့။ ပစ္စပ္ပနတည့်တည့ဆီကနေ မြန်မာနိုင်ငံရဲ့ မိုးနေ့တွေဆီ မျောလွင့်။ မုန်တိုင်းတွေက ဟားတိုက်ရယ်လို့။ ဒီအချိန်ဆိုရင် ... မိုးစက်နဲ့ မုန် တိုင်းထဲက ပုရွက်ဆိတ်တွေလို အုံခဲနေတဲ့ လူအစုစုတွေ ... ရုံးဝန်ထမ်းတွေ၊ ဈေးသည်တွေ၊ ကျောင်းသား ကျောင်းသူ ကလေးငယ်တွေ။ ပုရွက်ဆိတ်တွေ အုံခဲကျပ်ပိတ်နေတဲ့ ဘတ်စ်ကားအိုကြီးတွေကို တမေ့တမော ရပ်စောင့်လို့။ ရွှေဂုံတိုင်မှတ်တိုင်မှာ ...။ ဆူးလေမှာ ...။ လှည်းတန်းလမ်းဆုံမှာ ...။ တာမွေယုဇနပလာဇာရှေ့ မှာ။ ဘတ်စ်ကားပေါ်က ခြေနင်းခုံပေါ်မှာ ခြေတနေရာစာရပ်နိုင်ဖို့ တဦးနဲ့တဦးတွန်းတိုက်ပြီး တဦးခြေ တဦး တက်နင်းပြီး အလုအယက် ပြေးတက်ရ။ သည်းထန်တဲ့ မိုးရေသံတွေကြားမှာ။ ကားစပယ်ယာရဲ့ ငြူစူကြမ်း တမ်းတဲ့ ဆဲဆိုသံတွေကြားမှာ။ မိုးခြိမ်းသံတွေကြားမှာ။ ဆူဆူညံညံ ကားဟွန်းသံ၊ ဘရိတ်အုပ်သံတွေကြား မှာ။ တစင်းနဲ့တစင်း ပြိုင်မောင်းလာတဲ့ ကားဟိန်းသံတွေကြားမှာ။ အတည်တကျမရှိဘဲ အဆင်ပြေရာထိုးရပ် တတ်တဲ့ ကားမှတ်တိုင်ဆီရောက်ဖို့ ဒူးကျော်တဲ့ရေအိုင်တွေထဲမှာ ယောင်္ကျားကြီးတွေက ပုဆိုးနှစ်ဖက်ကို ဒူး အထက်မတင်ပြီးဖြတ်၊ အမျိုးသမီးတွေက မုန်တိုင်းဝှေ့တဲ့ထီးကို လက်ထဲကလွင့်မသွားအောင် ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ခါးလည်နီးပါးနစ်မြုပ်နေတဲ့ ရေအိုင်ထဲ စမ်းတ၀ါးဝါးနဲ့ တလှမ်းချင်းတလှမ်းချင်း၊ ခန္ဓာကိုယ် အောက်ပိုင်းတခုလုံးနီးပါး နစ်မြုပ်နေတဲ့ရေအိုင်ထဲမှာ လူမမယ်အရွယ်ကျောင်းသားလေးတွေက လွယ်အိတ် စလွယ်သိုင်းလွယ်၊ ထမင်းဗူးကို လွယ်အိတ်မှာချိတ်ရင်း မိုးထဲလေထဲ ဒယီးဒယိုင်နဲ့ယိမ်းထိုးလို့။ အဲဒီရေအိုင် တွေထဲမှာ မမြင်နိုင်တဲ့ အဖုံးအကာမဲ့မြောင်းပေါက်တွေရှိသည်။ မမြင်နိုင်တဲ့ ဓာတ်ကြိုးအပြတ်စတွေရှိသည်။ မြို့စွန်မြို့ဖျားမှာဆို မိုးရေထဲကူးခတ်မျောပါလာတဲ့ မမြင်နိုင်တဲ့ေ
မြွအရှင်တွေရှိသည်။ နောက်ပြီးမမြင်နိုင်တဲ့ ကံကြမ္မာရောင်စုံတွေ ... မမြင်နိုင်တဲ့ ...။ မမြင်ရက်တော့လို့ မျက်လုံးစုံမှိတ်လိုက်ပါမှ မြင်ကွင်းတွေက ပိုမိုသဲ ကွဲပြီး နီးကပ်လာသည်။ လောကပါလနတ်မင်းတွေကရော ဘာလို့မမြင်ချင်ယောင်ဆောင်နေခဲ့ကြပါသလဲ။

အဲဒီလိုမိုးရွာတဲ့နေ့တနေ့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဋ္ဌာနမှာ တာဝန်ကျခဲ့တဲ့ နေ့တနေ့။ ဟိုင်း လက်စ်ဘတ်စ်ကား ခြေနင်းခုံမှာ ခိုတွယ်စီးမိလို့ ကားနောက်ဘက်မှလွင့်စင်ကာ ပလက်ဖောင်းနှင့် ဦးခေါင်း ရိုက်မိပြီး ပြင်းထန်ဒဏ်ရာရသွားခဲ့သည့် အသက် ၅၀ အရွယ် လူနာတဦး။ သူ့ဦးခေါင်းနောက်ဘက်မှာ သွေး တွေချင်းချင်းနီနေပြီး သူ့တကိုယ်လုံး မိုးရေတွေ ရွှဲရွှဲစိုနေသည်။ သူ့ခြေထောက်မှာက သဲကြိုးမပြတ်သေးရုံ ကလွဲပြီး စာရွက်တရွက်လိုပါးလျကာ ဖနောင့်မှ အစင်းရာတွေပွန်းပြီး ချောမွတ်နေပြီဖြစ်သော မြန်မာပြည် လုပ်ဂျပန်ရာဘာဖိနပ်။ ရန်ကုန်မြို့ထဲ မနက် ၉ နာင်္ရီ အလုပ်ဝင်ဖို့ မြို့သစ်က မနက် ၆ နာရီအမီ ဘတ်စ်ကား စောင့်စီးရတယ်။ ညနေ ၇ နာရီ အလုပ်ဆင်းတာ အိမ်ကို ည၉နာရီကျော်မှ ပြန်ရောက်တယ်။ မီးမလာလို့ ည သန်းခေါင်းကျော်၂ နာရီ ၃ နာရီ ရေလွှတ်တဲ့အချိန် ရေစည်ဆိုင်မှာ ရေစည်စောင့်ဝယ်ရတယ်။ အိပ်ရေးက မ၀တော့ ကားတွယ်စီးရင်းငိုက်ပြီး လက်အံသေပြုတ်ကျတာ။ အရေးပေါ်ကိုလိုက်ပို့တဲ့ သူငယ်ချင်းရဲ့ ကြေ ကြေကွဲကွဲ ပြောဆိုသံ။ “ရှေ့မှာ မှတ်တိုင်ပါတယ်” ဦးခေါင်းဒဏ်ရာကြောင့် ကယောင်ကတမ်း ညည်းတွားသံ။ အဲဒီတုန်းက ကျမတို့ဆရာဝန်ပေါက်စတွေ အံတွေတင်းတင်းကြိတ်ထားခဲ့တာ မှတ်မိသည်။ ဒီအချိန်ဆို က လေးဆေးရုံမှာ ...။ ကုတင်နဲ့မဆံ့အောင် များပြားလွန်းတဲ့ သွေးလွန်တုပ်ကွေး လူနာကလေးငယ်လေးတွေ။ ကော်ဖီရောင်အန်ဖတ်တွေ၊ လက်ဖျံပေါ်က အနီစက်တွေ အဲဒါတွေ ... ကလေးငယ်တွေနဲ့ ဝေးပါစေ။ ဒရစ်ဖိုး၊ ဆေးဖိုး၊ သွေးဖိုးမလောက်ငလို့ မီးဝိုင်းထဲက အရူးလို ယောက်ယက်ခတ်နေတဲ့ မိခင်ဖခင်တွေ။ “လူတိုင်းကျန်း မာ သက္ကရာဇ် ၂၀၀၀မှာ” သီချင်းကတော့ မြန်မာ့အသံရေဒီယိုမှ လွှင့်လို့ကောင်းနေဆဲဖြစ်သည်။

နောက်ပြီး မိုးထဲလေထဲမှာ ကိုယ့်ခန္ဓာကိုယ်သာ ရွှဲရွှဲအစိုခံပြီး ခေါင်းပေါ်ကဈေးတောင်းကို မိုးရေတစက်မှ အ စိုမခံတဲ့၊ ပခုံးပေါ်ထမ်းထားတဲ့ ထမ်းပိုးထဲက သစ်သီးတွေကို မိုးရေတစက်မှအစိုမခံတဲ့၊ ရင်ဘတ်ထဲ ကျစ်နေ အောင်ပိုက်ထားတဲ့ ဂျာနယ်တွေပေါ်က ပလတ်စတစ်စကို ရေတစက်မှအစိုမခံတဲ့ ခေါင်းရွက်ဗျပ်ထိုးဈေး သည်တွေ၊ ဂျာနယ်လက်ပွေ့အရောင်းသမားတွေ။ သူတို့လည်း ဒီအချိန်ဆို တလမ်းဝင်တလမ်းထွက် မိုးခြိမ်း သံကိုတုပြီး ဈေးခေါ်ဈေးအော်နေကြလိမ့်မည်။ နောက်ပြီး ပလတ်စတစ်မိုးကာ မလုံ့တလုံခြုံကာ မိုးထဲလေထဲ မမြင်မကန်းနဲ့ အားကုန်နင်းနေတဲ့ ဆိုက္ကားသမားတွေ။ သူတို့တွေ မိုးမိကြ၊ သူတို့တွေ မုန်တိုင်းသင့်ကြ၊ သူတို့ တွေ အဖျားကြီးကြ၊ သူတို့တွေ မျက်စိနာကြ၊ သူတို့တွေ ၀မ်းကိုက်ကြ ...။

ဒီလိုနဲ့ ခေတ်ဟောင်းသီချင်း ‘ချစ်မိုးကြီး’ကစလို့ ‘မိုးကလေးညိုညို လွမ်းစိတ်ပိုရင်’တို့ ဒီဘက်ခေတ်မှာတော့ အယ်လ်ဆိုင်းဇီရဲ့ ‘မိုးရာသီထဲမှာ’တို့ ဆိုညည်းရင်း၊ မိုးရွာထဲ မိုးရေချိုးကြရင်း၊ မိုးရွာထဲ ဘောလုံးကန်ကြရင်း၊ ဆူးလေဘုရားလမ်းပေါ်က ကြော်ငြာဘုတ်ရောင်စုံတွေ ငေးကြရင်းမောကြရင်း၊ အပတ်စဉ်ထုတ်ဂျာနယ်တွေ ထဲက မင်းသမီးတွေ အဆိုတော်တွေ ထိုင်းဈေးဝယ်ထွက်ကြ နိုင်ငံခြားဖျော်ဖြေပွဲတွေမှာ ဒေါ်လာဆုငွေတွေ ပိုက်ပြီးပြန်လာကြတဲ့ သတင်းရုပ်ပုံတွေ ဖတ်ကြရင်း၊ မြ၀တီနှင့် အမ်အာတီဗွီ ၄ တလှည့်စီ ကြည့်ရဖို့အရေး၊ သောက်ရေသုံးရေရဖို့အရေး တနေ့တနေ့ လျှပ်စစ်မီးလာချိန်ကို ကံစမ်းမဲထိုးထားသူတဦး မဲဖောက်ချိန်စောင့် သလို ရင်တထိတ်ထိတ်စောင့်မျှော်ရင်း၊ ဂျာနယ်ကြော်ငြာဆောင်းပါးတွေထဲမှ ‘နိုင်ငံတကာအဆင့်မီ’ စာသား ပါသောဘီယာ၊ အရက်၊ ဆေးဝါး၊ ဖက်ရှင်အသုံးအဆောင်ဆိုင်၊ ၀န်ဆောင်မှု၊ ဗွီစီဒီဇာတ်လမ်းတွဲ၊ တေးစီးရီး တွေကို ဖတ်ရင်း၊ တနှစ်တခါ မြန်မာ့ရုပ်ရှင် အကယ်ဒမီသတင်းအကြောင်း ပြောကြဆိုကြရင်း၊ ဆိုးဆေးမ ကင်းသော အစားအစာတွေဝယ်စားကြရင်း၊ ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေကို စောင့်မျှော်ကြရင်း၊ ဆိုက် ဘာကဖေးတွေမှတဆင့် မပွင့်တပွင့် အင်တာနက်ပြတင်းကနေ ယနေ့ကမ္ဘာကြီးကို တိတ်တိတ်ကလေး ချောင်းကြည့်ကြရင်း … ကိုယ်ဖော့နေခဲ့ကြသည်။

တချိန်က မြန်မာနိုင်ငံသားတဦးဖြစ်ခဲ့ဖူးပြီး ဒီနေ့မှာ မြန်မာ-အမေရိကန်လူမျိုး အရှင်လတ်လတ်ဖြစ်နေသည့် အသိတယောက်က ဒီလိုဆိုသည်။“ကိုယ်တို့တွေလည်း ဒီမှာဘာထူးလဲ။ Recession နဲ့ lay off တွေနဲ့ မ နည်းကျားကန်ထားရတာ။ ကိုယ်တို့တိုင်းပြည်စီးပွားရေးကျနေတာ အဖတ်ဆယ်ဖို့က သိပ်အရေးကြီးနေတာ သူများတိုင်းပြည်အကြောင်း သိပ်မစဉ်းစားနိုင်ပါဘူးကွာ”တဲ့။ သြော့် ... သြော်။ သူပြောတာလည်း ဟုတ်နေ မလားဘဲ။ ဒီမှာလည်း ခု ၂၀၀၈ ကစတဲ့ အကျပ်အတည်းမတိုင်မီကတည်းက မြန်မာနိုင်ငံကနေ ရွှေ့ပြောင်း လာကြသူတွေက ကိုယ်ဖော့ထားခဲ့ရတာပဲမဟုတ်လား။ မလွှဲမရှောင်သာတဲ့ စိတ်ဖိစီးမှုပေါင်းစုံကို Star Buck ကော်ဖီဆိုင်မှာထိုင်ရင်း၊ ကော်ဖီကို တစက်ချင်းသောက်ပြီး ကော်ဖီခွက်လှလှလေးကို တစိမ့်စိမ့်ကြည့်နေရင်း၊ မြန်မာစကားအဆုံးမှာ အင်္ဂလိပ်စကားတကြောင်းစ ၂ ကြောင်းစ ညှပ်ညှပ်ပြောရင်း၊ တဦးနှင့်တဦး ဆုံကြရင် မြန်မာပြည်၏ ဆင်းရဲခြင်းဋီကာကို မိတ်ဖြစ်ဆွေဖြစ် လုပြောကြရင်း၊ အမေရိကန်လူနေမှုစနစ်နှင့် လူ့အခွင့် အရေးတော်တော်များများကို ကောင်းမွန်စွာနားလည်ပါကြောင်း အများတကာသိစေရန် အာဘောင်အာရင်း သန်သန် ရွတ်ဆိုပြရင်း၊ မြန်မာနိုင်ငံမှာ မသုံးစွဲခဲ့ဖူးသော အသုံးအဆောင်တွေကို တမြတ်တနိုး ၀ယ်ယူသုံးစွဲ ကြရင်း၊ ပြည်ပထွက်လာသော နှစ်အဆွေးအချို့ ပြိုင်ကြဆိုင်ကြရင်း၊ ကမ္ဘာနံပါတ် ၁ တိုင်းပြည်ကြီးမှာ တ ရားဝင်နေထိုင်ခွင့်ရသဖြင့် ဘယ်လောက်ဝမ်းမြောက်ဂုဏ်ယူဖို့ကောင်းကြောင်း အပြန်အလှန် ပြောကြဆိုကြ ရင်း .. ဒီလိုနဲ့ပဲ ကိုယ်တွေဖော့ထားကြရတာမဟုတ်လား။ ကိုယ်ဖော့ပုံဖော့နည်းနဲ့ ရေအတိမ်အနက်ကတော့ ဒီ ၂ ခုက ဘယ်လိုမှတူညီနိုင်မှာမဟုတ်။ ကျမအချစ်ဆုံးသူငယ်ချင်းက ကျမအလွန်ကြိုက်သော ဆရာယောဟန် အောင်ရဲ့ `ငါတို့ငရဲကမှ ပိုပူလောင်တယ်´ကဗျာကို တလုံးချင်းရွတ်ပြသည်။

နှစ် ၂၀ ကျော်ကြာ သက္ကရာဇ်တွေ တဖဲ့စီပြိုကျသွားသောအခါ ကမ္ဘာသည် ခြောက်ကပ်အက်ကွဲသော တေး သွားကို ပျင်းရိလေးတွဲ့စွာ ညည်းဆိုနေလိမ့်မည်။ တံလျပ်တွေ ပြန်လာသည်။ နှင်းပွင့်တွေ ပြန်လာသည်။ မိုး စက်တွေပြန်လာသည်။ အဲဒီမှာ သက်တန့်တွေ ရှင်ပြန်ထမြောက်လာကြပြန်သည်။ ဒါပေမယ့် ခပ်ဝေးဝေးမှာ ထွေးအန်ခဲ့ပြီးသောနေ့စွဲတွေကို သူတို့ထပ်ပြီးသယ်ဆောင်မလာတော့။ အဖိုးအနဂ္ဂထိုက်တန်သော ပြက္ခဒိန် စာရွက်တွေ ကြေမွတွန့်လိပ်ခဲ့ရတာတော့ လောကပါလတရား၏စံတွေနှင့် တိုင်းတာကြည့်သော် ဆန်းကြယ် ပြီးရင်း ဆန်းကြယ်လို့သာနေသည်။

ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀ါကျင့်ကျင့် ပြက္ခဒိန်စာရွက်စတွေ ...
ဒီမှာ ဦးဝင်းတင်ရဲ့ ၀ါကျင့်ကျင့် ပြက္ခဒိန်စာရွက်စတွေ ...
ဒီမှာ ဦးခွန်ထွန်းဦးရဲ့ ၀ါကျင့်ကျင့် ပြက္ခဒိန်စာရွက်စတွေ ...
ဒီမှာ ပဒိုမန်းရှာရဲ့ ၀ါကျင့်ကျင့် ပြက္ခဒိန်စာရွက်စတွေ ...
ဒီမှာ ကိုမင်းကိုနိုင်ရဲ့ ၀ါကျင့်ကျင့် ပြက္ခဒိန်စာရွက်စတွေ ...
ဒီမှာ ... ... ... ... ... ... ... ... ... ...
ဒီမှာ ... ... ... ... ... ... ... ...
ဒီမှာ ... ... ... ... ... ...

ယုံကြည်မှုတခုအတွက် တဘ၀စာထက်ပိုပြီး လောင်းကြေးထပ်ရဲသူတွေအကြောင်း တွေးလိုက်မိတိုင်း ကျ မလက်ဖ၀ါးထဲမှာ တစ်ရှူးစတွေ ပူလောင်ကြေမွသွားတတ်မြဲ။ သန်းခေါင်ထက်နက်တဲ့ ညတွေကိုကျတော့ ပြို ကျပြီးသွားတဲ့ သက္ကရာဇ်တွေက ဘာလို့ချန်ထားရစ်ခဲ့ရတာလဲ။ ၁၉၉၀ကို သူတို့တစ်စီ ဖြဲဆုတ်ပြီး မီးရှို့ပစ် လိုက်ကြပြီ။ အဲဒီကအူထွက်လာတဲ့ မီးခို့းငွေ့တန်းက ၂၀၁၀ တဲ့။ အရုဏ်သစ်တွေ မခန်းခြောက်သေးဘူးထင် ပါရဲ့။ နှင်းဆီဖြူတခင်းရဲ့ အလင်းတွန်သံကို ကျမတို့ကြားချင်လှပြီ။

မိုးညို့သောနေ့စွဲအကြောင်း ပြောဖြစ်ဆိုဖြစ်ကြတော့ ကျမသူငယ်ချင်း ကရင်မကလေးက ဟက်ဟက်ပက် ပက်ရယ်သည်။

“နင်တို့ရန်ကုန်မှာ မိုးရေစက်တွေသာရွာတာ။ ငါတို့ရွာတွေမှာဆို ကျည်ဆန်တွေက ၀ဲကနဲဝဲကနဲ။ ကလေး တွေဆို စာသင်ရင်း ထပြေးရတာ။ တိုက်နယ်ဆေးရုံမှာ ဆရာဝန်မရှိဘူး။ အဲဒါနင်သိလား။ မိုင်းနင်းဖို့ မြန်မာ စစ်တပ်က ပေါ်တာဆွဲခံရတဲ့ တို့ရွာသားတွေ ဘယ်နှစ်ယောက်ရှိသလဲ အဲဒါနင်သိလား။ ရိက္ခာသယ်ဖို့ပါဆို ပြီး အတင်းခေါ်သွားတာ ဘယ်တော့မှ ရွာကိုပြန်မလာနိုင်တော့တဲ့သူတွေ။ လုပ်အားပေးဆိုပြီး အတင်းအကြပ် လာခေါ်သွားတာ အပူရှပ်သေ၊ သဲအိပ်ပိပြီးသေ၊ ကျောက်ပုံပြိုတာ ပိပြီးသေသွားတဲ့ မိန်းမတွေ ကလေးတွေ ယောင်္ကျာတွေ ... အဲဒါတွေရော နင်သိသလား” သူမ၏ မျက်ဝန်းတွေ စိုစွတ်နေသည်။ သူ့စကားအဆုံးမှာ ကျမတို့ ၂ ဦးလုံး ဆွံ့အတိတ်ဆိတ်သွားခဲ့သည်။

ကျမတို့ သည်းသည်းထန်ထန်မျှော်လင့်ခဲ့ဖူးသော နှင်းဆီဖြူတခင်း၏ အရုဏ်ဦးသည် ပို၍ပို၍ဝေးကွာသွားခဲ့ ပြီလား။

ဒီအချိန်ဆို မြန်မာပြည်မှာ .... ... ...။

မုန်တိုင်းအကြွင်းအကျန်တွေနှင့် အရောင်နုနု နွဲ့နွဲ့တွေဆိုတာ ဘယ်လိုမှ သဟဇာတမဖြစ်ခဲ့။ နာဂစ်၊ ချစ်ခြင်းနှင့် ဥပေက္ခာ၊ ညင်သာပြီး ပျော့ပြောင်းသောနည်းလမ်း၊ အစိမ်းချုပ်၊ အစွန်း ၂ ဖက်လွတ်ရုံ တွန်းတိုက်ရယ်သံများ။ တချပ်မှောက် ဖဲကစားတိုင်းလိုလို ကျမရှုံးတတ်တာတွေ ပြန်သတိရမိသည်။ “နှစ်ဖက်တီးမှ လက်ခုပ်မြည်ပေ မယ့် ဟောဒီလိုဆိုရင်ရော”ဆိုပြီး လက်ဖက်ရည်ဆိုင်စားပွဲပေါ် လက်ဖ၀ါးရိုက်ချပြတတ်သည့် လွန်ခဲ့သော ၁၀ နှစ်ကျော်ဆီမှ ချမ်းမြကို ဖြတ်ကနဲသတိရမိသည်။ ဘာဆန်းလဲ။ တချို့က ဖန်ခွက်နှုတ်ခမ်းချင်း အသံမြည် အောင်ထိပြီး ယဉ်ကျေးမှုတခု တည်ဆောက်ပစ်လိုက်ကြတယ်မဟုတ်လား။

“၈၈ သို့ ၂၀၁၀” ဒါက ကျမရေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ရဲ့ခေါင်းစဉ်ပါ။ မောင်သိန်းဇော်ရဲ့ `ကံပစ်ချရာ လရောင် များ´က ကျမကိုယ်တိုင်။ တချိန်တုန်းကတော့ ကျမတို့တွေ ကြီးကြီးကျယ်ကျယ် စိတ်ကူးယဉ်ခဲ့ဖူးကြသည်။ ဒေါက်တာနော်မန်ဗက်သွန်း ဖြစ်ချင်ရတာနဲ့။ ကိုယ့်တိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးမခွဲခြားဘဲ ကိုယ်ဝန် ဆောင်နဲ့ ကလေးတွေ စောင့်ရှောက်ဖို့ ဖောင်ဒေးရှင်းထောင်ချရတာနဲ့။ ကင်ဆာဝေဒနာသည်တွေအတွက် အခမဲ့ကျန်းမာရေးဂေဟာ ထောင်ချင်ရတာနဲ့။ နောက်ပြီးတနေ့နေ့မှာ ဒေါက်တာစင်သီယာမောင်များ ဖြစ်လာ လိမ့်မလားနဲ့ ...။

.......................
အံ့သြဖွယ်ရာ ပျော်စရာများ
ဘယ်လမ်းက သွားသလဲ။

ဖန်တီးသွန်သင်မှုမှာ
ချစ်ခင်ပြုံးရယ်ခြင်းငှာမစွမ်း
အဲဒါကို ထမ်းထားရတာကိုက
အပြန်လမ်းကို တွေ့သလိုလို
........................

(အပြုံးရောင်သီချင်း - ၀င်းမောင်)

မိုးညို့သောနေ့စွဲတခု၏ ခပ်ပြင်းပြင်း တိုက်ခတ်နေသော လေနီကြမ်းထဲ လွင့်စင်ပါမသွားရအောင် မခိုင်မခံ့ နောက်ဆုံးပြတင်းတချပ်မှာ ကုတ်ကတ်ခိုတွယ်နေရသည့် နောက်ဆုံးမိုးစက်တစက်သည် ကျမဖြစ်ပါသည်။

မွန်ဒရာ

1 comment:

Thet Oo said...

PDF ဖိုင်ဖြင့် သိမ်းထားလိုက်သည်။ စာရေးသူမှာ အခြား ၀တ္ထု၊ ဆောင်းပါးများ ရေးထားတာလေးတွေ ရှိရင် ထပ်တင်ပေးပါအုံး။