Saturday, March 28, 2009

သုံးထပ်ကွမ်း သစ္စာဖောက်လို့ ဆိုပါလား

ဦးဖိုးသာအောင် (နော်ဝေ)
(ရေးသူ၏ အာဘော်သာဖြစ်သည်။ ဆင်ခြင်စဉ်းစား ဝေဖန်ပိုင်းခြားနိုင်ရန် တင်ဆက်ပေးခြင်းဖြစ်သည်)

၁၇-၃-၂၀၀၉ နေ့စွဲနဲ့ ၃ ထပ်ကွမ်းသစ္စာဖောက်များသို့ ဗ.က.ပ(ဗဟို)ရဲ့ အိတ်ဖွင့်ပေးစာဆိုတာကို ဒေါက်တာ လွဏ်းဆွေရဲ့ ဘလော့မှာ ဖတ်လိုက်ရပါတယ်။ စိတ်ဝင်စားလို့တော့ မဟုတ်ပါ။ သတင်းတွေ၊ ဆောင်းပါးတွေ ဖတ်လေ့ရှိလို့ ဖတ်ရင်းနဲ့ တွေ့လိုက်လို့ပါ။ အိတ်ဖွင့်ပေးစာဆိုတော့လည်း အများဖတ်စေချင်လို့ ရေးတာပဲလေ ဆိုပြီး ဖတ်မိပါတယ်။

ခက်ထန်ရင့်သီးတဲ့ စကားလုံးတွေကို ရှာဖွေပြီး ကိုယ်နဲ့ အယူအဆမတူသူတွေကို တိုက်ခိုက်ပုတ်ခတ်ပြောဆို ရေးသားတဲ့နေရာမှာ ဗ.က.ပသည် စံတင်လောက်ပေသည်လို့ ရှေးလူကြီးပြောစကားများကို ကြားခဲ့ဖူးပါတယ်။ အခုလည်း တွေ့နေရပြန်ပါပြီ သုံးထပ်ကွမ်း သစ္စာဖောက်တဲ့။ သုံးထပ်ကွမ်း သစ္စာဖောက်ကလည်း အသက် ရှစ်ဆယ်ကျော်တွေတဲ့။ ဗ.က.ပ ကို သစ္စာဖောက်မယ်၊ မ.ဆ.လ ကို သစ္စာဖောက်မယ်၊ နောက် NLD ကို သစ္စာ ဖောက်မယ်ဆိုတော့ ဗ.က.ပ ဟောင်း အဘိုးကြီးတွေထဲက ဖြစ်မယ်ဆိုပြီးမှန်းတော့ မှန်းမိပါတယ်။ သို့သော် ဘယ်သူဘယ်ဝါဆိုတာက အရေးမကြီးပါဘူး။

ဗ.က.ပ(ဗဟို)ဆိုသူရဲ့ အရေးအသားလေးက မယဉ်မကျေး ဖြစ်နေတာလေးကို သတိထားမိလို့ပါ။ ပထမသစ္စာ ဖောက်ဖြစ်တဲ့ ဗ.က.ပ ကို သစ္စာဖောက်ဆိုသူသည် ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်လက်ခံကျင့်သုံးခဲ့သူဖြစ် ပြီး တနေ့သောအခါ ဒီဝါဒသည် နိုင်ငံတော်နှင့်လူထုအတွက် အကျိုးမဖြစ်ထွန်းနိုင်ဘဲ အဆိုးသာဖြစ်နိုင်သည်ဟု အမြင်မှန်ရသွားသူများ၊ ထိုသူများသည် မိမိတို့မှားခဲ့သမျှ မိုက်ခဲ့သမျှကို နောင်လာနောက်သားတို့ မမှားရလေ အောင် ရေးသားပြောဆိုနေကြသူများပင် ဖြစ်ပေလိမ့်မည်။ ကွန်မြူနစ်ဝါဒကို မကြိုက်သော၊ ရွံမုန်းသော ကမ္ဘာ သူ၊ ကမ္ဘာသားအပေါင်းတို့ကိုပင်လျှင် သစ္စာဖောက်စာရင်းတွင် ထည့်သွင်းထားလေမလားဟု စိုးရိမ်စရာပင်ဖြစ် ရပါသည်။

ဒုတိယသစ္စာဖောက်က မ.ဆ.လ ကို သစ္စာဖောက်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို သက်ဝင်ယုံကြည်ပြီး ပါဝင် ပူးပေါင်းဆောင်ရွက်ပြီးခါမှ မ.ဆ.လ ပါတီနှင့် လမ်းစဉ်ကို ကျောခိုင်းသွားကြသူများပင် ဖြစ်ပါလိမ့်မည်။ ထိုသူ များကတော့ မြန်မာပြည်တွင် ဒုနှင့်ဒေး ရှိကြပါသည်။ နိုင်ငံရေးကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ် စေ လူထုကြီးကောင်းစားလာမလားလို့ ထင်မြင်ယူဆပြီး တကယ်တမ်းကျတော့ လူထုက မွဲပြီး၊ စစ်ဗိုလ်ချုပ် တွေသာ ကြီးပွားကောင်းစားမှန်းသိကြပြီး မ.ဆ.လကို စွန့်ခွာခဲ့ကြသူတွေပင် ဖြစ်ပါသည်။ ထိုသူများကို ဗ.က.ပ က သစ္စာဖောက်တွေဟု စွပ်စွဲလိုက စွပ်စွဲနိုင်ပါသည်။ စွပ်စွဲခံရသူများကတော့ မည်သို့မျှတုန်လှုပ်မည်မဟုတ်ကြ ပါ။ မှားမှန်းသိလျှင် ပြင်နိုင်သူများအဖြစ် ဂုဏ်ယူစရာပင် ဖြစ်ပါလိမ့်မည်။

ဗ.က.ပ အနေနှင့် အရေးအကြီးဆုံးအဖြစ် ထိတ်လန့်နေဟန်တူသည့် တတိယသစ္စာဖောက်မှာ NLD ကို သစ္စာ ဖောက်သူပင် ဖြစ်ပါလိမ့်မည်။ သေးသေးမွှားမွှားလူကို ပြောလိုဟန်မရှိပါ။ NLD က ချမှတ်ထားသည့် အခြေခံမူ ဝါဒနှင့် လမ်းစဉ်များအပေါ် ပြန်လည်သုံးသပ်နိုင်ပြီး NLD ၏ မူများကို ဝေဖန်ထောက်ပြနိုင်သူများ၊ လိုအပ်လျှင် NLD အား ကျောခိုင်းမည့်သူများကို ဆိုလိုနေပါသည်။ NLD က ဘာလုပ်မည်၊ ဘယ်လမ်းကို သွားမည်ဆိုတာ ကိုသာ ရှင်းရှင်းလင်းလင်းသိရန် လိုအပ်လှပါသည်။ NLD ကို ကျောခိုင်းသူကို သစ္စာဖောက်အဖြစ် စွပ်စွဲနေတဲ့ ဗ.က.ပ က NLD ကို ဘာလုပ်စေချင်နေတာပါလိမ့်။ ဘာလုပ်စေချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောနိုင်ပါ သလား (ဥပမာ- ရွေးကောက်ပွဲကို ဝင်လိုက်ပါ ဒါမှမဟုတ် မဝင်ပါနဲ့ တောင့်ခံထားပါ စသည်ဖြင့်ပေါ့)။ သူများ ကိစ္စကို ပြောစရာမလိုဘူးဆိုပြီး ကိုယ့်ကိုယ်ကို မကာကွယ်ပါနဲ့တော့။ ပြည်သူ့အကျိုးရှိမယ်ဆိုရင် ဗ.က.ပ က ဖြစ်စေချင်တာကိုလည်း ပြောလို့ရပါတယ်။

အခုတော့ NLD သည် ဖြစ်တည်မှုအကျပ်အတည်း ဆိုက်နေသည်ဟု ပြောတာကိုလည်း ဗ.က.ပ က လက်မခံ။ NLD သည် ဖြစ်တည်မှုအကျပ်အတည်း ဆိုက်မနေဘူးဆိုလျှင် ဘာဖြစ်နေပြီလဲဆိုတာ ဗ.က.ပ ဖြေကြည့်ပြီး ရှင်းလင်းပေးပါ။ ဗ.က.ပပြောနေကျအတိုင်း ထာဝရတော်လှန်ရေးတို့၊ ရေရှည်တော်လှန်ရေးတို့၊ အောင်ပွဲသည် လက်တကမ်းအလိုတို့၊ ရန်သူချောက်ထဲကျရန် လက်တလုံးအလိုတို့၊ အရှေ့ဆီမှာ ရောင်နီလာနေပြီတို့ ဆိုတဲ့ သမိုင်းပျက်လုံးတွေကို ကိုးကားပြီး NLD သည် ခေတ္တမျှ မုန်တိုင်းဒဏ်သင့်နေတာပါ။ မုန်တိုင်းစဲလျှင် ပြန်လည် သာယာစိုပြည်လာမှာပါလို့ ပြောချင်နေသလားဆိုတာတော့ မသိပါ။ လက်တွေ့မြင်နေရတာကတော့ NLD သည် ဘုရားစူးရစေ့ ဆိုင်းဘုတ်တင်ရုံလေးတခုတည်း တည်ရှိနေခြင်းပင်ဖြစ်ပါသည်။

တကယ်တော့ ပြည်သူလူထုကြီးသည် သူတို့ရွေးချယ်တင်မြှောက်ထားတဲ့ NLD ကိုပဲ အစိုးရတရပ်အဖြစ် မြင် ချင်ကြပါသည်။ ဒါကိုငြင်းလို့မရပါ။ သို့သော် ၉၀ ရွေးကောက်ပွဲရလဒ်နှင့် အနိုင်ရပါတီ NLD ကို စစ်အာဏာရှင် တစုက မတရားဖျက်သိမ်းနေမှုကို ဘယ်လိုခုခံတော်လှန်ပြီး အောင်ပွဲအရယူနိုင်မည့် နည်းလမ်းကို မည်သည့် အတိုက်အခံဆိုသူများကမှ ရှာဖွေတွေ့ရှိခြင်း မရှိခြင်းသည်သာ အဓိကပြဿနာ ဖြစ်နေပါသည်။ တော်လှန်ရေး သက်တမ်းအရှည်ဆုံးဖြစ်တဲ့ ဗ.က.ပ သည်ပင်လျှင် သက်တမ်းရှည်လာလေ ပို၍မသိလေ ဖြစ်နေပါသည်။ သို့ သော် ဗ.က.ပ က မြန်မာပြည်ကောင်းစားရေးလမ်းစဉ်ကို သိတာ မသိတာ အပထားပြီး သူဖြစ်စေချင်တာလေး တွေကိုတော့ သူ့သြဇာကိုက်သူများကို စာရွက်စာတမ်းလေးများ ထုတ်ထုတ်ပြီး ပြောပြောနေတာတွေ့ရပါသည်။

ခက်နေတာက ဗ.က.ပသည် သူနှင့်အယူအဆမတူလို့ စွန့်ခွာသွားကြသူတွေကို သစ္စာဖောက်လို့ ပြောလို့ပြော။ အဖက်လုပ်ပြီး အယူအဆပိုင်းကို မဆွေးနွေးဘူးလို့ဆိုလိုဆို၊ ဗ.က.ပကို ဝေဖန်ထောက်ပြသူတွေကို ဘေးမဲ့ပေး ထားလိုက်တယ်ဟု ရေးလို့ရေးနဲ့ သူတို့ကိုယ်သူတို့ မဟာနိုင်ငံရေးဂုရုကြီးတွေလို့ ထင်နေပုံရပါတယ်။ ယဉ်ကျေး တဲ့ ကမ္ဘာကြီးမှာ နာဇီ၊ ဖက်ဆစ်နဲ့ ကွန်မြူနစ်ဆိုလျှင် လမ်းမှာမရှောင်သာလို့ တွေ့ရင်တောင် နှုတ်ဆက်သမှု မ ပြုကြတော့ဘူးဆိုတာ ဗ.က.ပများ သတိချပ်သင့်နေကြပါပြီ။ မြန်မာနိုင်ငံကို ကွန်မြူနစ်နိုင်ငံတခု ဖြစ်လိုဇောနဲ့ ကြိုးပမ်းမှုများအားလုံးသည် မြန်မာပြည်ကို စစ်ကျွန်နိုင်ငံတခုဖြစ်အောင် တွန်းပို့လိုက်သလိုဖြစ်ခဲ့ပြီး၊ ပြည်သူတ ရပ်လုံးလည်း ဆင်းရဲမွဲပြာဘဝကို ရောက်ကြရပါတော့သည်။

ဗ.က.ပလက်ကျန်များသည်လည်း မိမိကိုယ်ကိုယ် ပြန်လည်ဝေဖန်ဆန်းစစ်သင့်နေပါပြီ။ ၁၉၈၁ ခုမှာ တရုတ်က Party to Party, State to State ပေါ်လစီကိုဖျက်သိမ်းပြီး ထောက်ပံ့ကြေးကို ရပ်ဆိုင်းလိုက်ချိန်မှစပြီး ဗ.က.ပ သည် ဘဝပျက်ခဲ့ရသည် မဟုတ်ပါလား။ တော်လှန်ရေးဟူသည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး လုပ်လို့ရခဲ့ ဖူးပါသလား။ လက်နက်ကိုင် မြေပေါ်ပါတီကြီးမှ လက်နက်မဲ့ မြေအောက်ပါတီကလေးအဖြစ် သူတပါးနိုင်ငံမှာ သိမ်သိမ်ငယ်ငယ် ရပ်တည်နေရတဲ့ အဖြစ်ကိုလည်း သတိသံဝေယူချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တစုရဲ့ ပြစားဝါဒဖြန့်ခံနေရတဲ့ ဘဝကိုလည်း နိဂုံးကမ္ပတ်အဆုံးသတ်သင့်ကြပါပြီ။ ဗ.က.ပ ကို ဘုမသိ၊ ဘမသိ အကန်း ယုံ ယုံကြည်နေတဲ့ ပျံ့နှံ့နေတဲ့ လူသားလေးတွေကိုလည်း ဆက်ပြီး ဆရာကြီး မလုပ်ချင်ကြပါနဲ့တော့။ ရပ်တန်း က ရပ်သင့်ပါပြီ။

ပြည်သူလူထုအပေါ်ထားရှိသည့် နိုင်ငံရေးသမား၏ စေတနာသည် ပြည်သူအတွက် ဝေဒနာဖြစ်နေလျှင် ပြင်ဖို့ ဝန်မလေးသင့်ပါ။ ငါ့အယူအဆနှင့် ငါ့ဝါဒသည်သာလျှင် လူထုအတွက် အကောင်းဆုံးဟု တရားသေဆုပ်ကိုင်မ ထားသင့်ပါ။ လူထုက ကျေနပ်လက်ခံပြီး ဖွံ့ဖြိုးတိုးတက်နေသော ဝါဒသာလျှင် ၎င်းလူထုအတွက် အသင့်တော် ဆုံးဟုဆိုနိုင်ပါသည်။ မည်သည့်အယူအဆ၊ မည်သည့်ဝါဒပင်ဖြစ်စေ လူထုနှင့် မကိုက်ညီ၊ လူထုက လက်မခံ၊ လူထုက မကျေနပ်။ လူထုကြီးတရပ်လုံး မတိုးတက်လျှင် ထိုဝါဒကို ကျောခိုင်းရမည်၊ တနည်းပြောလျှင် သစ္စာ ဖောက်ရမည်။ လူထုကောင်းစားမည်ဆိုလျှင် မည်သည့်ဝါဒမျိုးကိုမဆို သစ္စာစောင့်သိစရာ မလိုပါ။ အဆုံးအထိ ဆိုရသော် မူ၊ ဝါဒ၊ လမ်းစဉ်၊ စနစ်တို့သည် အခြေအနေနှင့် အချိန်အခါအရ လူသားတို့နှင့် လိုက်လျှောညီထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲနေကြရမည်ဖြစ်သော အနိစ္စသဘောများသာတည်း။

ဦးဖိုးသာအောင် (နော်ဝေ)

2 comments:

Unknown said...

(လက်တွေ့မြင်နေရတာကတော့ NLD သည် ဘုရားစူးရစေ့ ဆိုင်းဘုတ်တင်ရုံလေးတခုတည်း တည်ရှိနေခြင်းပင်ဖြစ်ပါသည်။ .......................)

နော်ဝေက ဦးဖိုးသာအောင်ရေ ခင်ဗျားအခု ဘယ်ရောက်နေလဲ ဆိုတာသတိထားပါဦး ......
အခြေအနေအကြပ်အတည်းတွေ မျိုးစုံကြားထဲမှာ ရပ်တည်ရုန်းကန်လှုပ်ရှားနေသူတွေကို မစော်ကားပါနဲ့ ....
ခင်ဗျားရော ပြည်တွင်းမှာတောင် နေရဲလို့လား
တိုင်းပြည်အတွက် ဘာတွေများလုပ်ခဲ့ပါသလဲ
အခုကော ဘာတွေလုပ်နေပါသလဲ အင်တာနက်ထိုင်ဖတ် ဝေဖန်စာထိုင်ရေးနေတာကို အလုပ်လို့ပဲ ထင်နေပါသလား ....
ကိုယ်တိုင်လဲမလုပ်နိုင် မလုပ်ခဲ့ မလုပ်ရဲဘဲနဲ့ သူများကိုအပြစ်တင်ဝေဖန်နေတာ ရှက်သင့်ပါတယ်

၁၉၉၀ မှာဆန္ဒမဲပေးခဲ့ရုံနဲ့ ငါတို့တာဝန်ကြေပြီဆိုတဲ့ နိုင်ငံသားတွေရဲ့ အယူအဆအတွေးအခေါ်ကို ပြန်သုံးသပ်ကြည့်နိုင်ပါတယ် .....
အရေးတော်ပုံတွေ တောက်လျှောက်အသက်တွေ ဘ၀တွေ ပေးဆပ်ရင်းနှီး စတေးလာခဲ့တဲ့ သူတွေဟာလည်း နိုင်ငံသားတွေပါပဲ .... မွေးလာကတည်းက နိုင်ငံရေးသမား သာမာန်ပြည်သူလူထု ခေါင်းစဉ်တပ်မလာပါ အခုအချိန်ဟာ ပြောင်းလဲချင်နေတဲ့ နိုင်ငံသားတိုင်း လူတိုင်းကိုယ်စီ ပါဝင်လုပ်ဆောင်ရမဲ့ သမိုင်းပေးတာဝန်တွေ ထမ်းပိုးရမဲ့အချိန်ပါ

အာဏာမတရားရယူ ပြန်ပေးဖို့စိတ်ကူးမရှိဘဲ ရာသက်ပန်ဆုတ်ကိုင်ထားဖို့ ကြိုးစားနေတဲ့ အုပ်ချုပ်သူစစ်အာဏာရှင်တွေကို ဖြုတ်ချဖို့တိုက်ပွဲဝင်နေကြတယ်ဆိုတာကို သဘောပေါက်နားလည်ဖို့ လိုပါတယ် လွယ်လွယ်ကူကူနဲ့ရနိုင်မှာလည်း မဟုတ်ပါဘူး

နိုင်ငံကိုချစ်ရင် လေထိုင်ပေါနေမဲ့အတူတူ ရောက်တဲ့နေရာမှာ ကိုယ်တတ်နိုင် ... လုပ်နိုင်တဲ့ အလုပ်တွေနဲ့ တတပ်တအားပါဝင် အထောက်အကူပြုနိုင်ဖို့သာ ကြိုးစားပါလို့ အကြံပြုလိုပါတယ် ....
ပြည်တွင်းမှာ ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်နေသူတွေကို ... ကိုယ်သူတို့လို မလုပ်နိုင်ဘဲ မဝေဖန်ပါနဲ့ ဝေဖန်မဲ့အတူတူ ကိုယ်ကိုတိုင်သွားလုပ်ပါလို့ တိုက်တွန်းပါတယ် (လုပ်ရဲမယ်ဆိုရင်ပေါ့)

Dr.Nay Oo (Burma) said...

ကြားဖူးတာတော့ ”” ဖိုးသာအောင်ရေ - ဗျို-ဗျို-ဗျို-ဗျို ””” ဆိုလားပဲ။
ရှေ့က ညာသံပေးခေါ်ရုံနဲ့ ဘုမသိ ဘမသိ တဗျိုဗျို ထူးမဲ့ပုံဆို ခွင့်လွှတ်လို့ကောင်းသေးရဲ့
သိသလို တတ်သလို ဝေဖန်နေလိုက်သေးရဲ့ ။ ဒါနဲ့ တဆိတ်လောက်ဗျာ။ ခင်ဗျား ဘယ်ဖက်ကလဲ။
သစ္စာဖေါက်ကို သစ္စာဖေါက်လို့ မခေါ်ပဲ ယောက္ဖလို့ ခေါ်ချင်ရအောင် နှမတွေ တော်တော်များနေသလားလို့
အေးအေး နေနိုင်အောင် နော်ဝေ မှာ နေရင်လဲ ပြာပူထဲက ဗမာလူမွဲဘ၀တွေကို မေ့ထားလိုက်ပါဗျား
ဟိုဟိုဒီဒီ လျှောက်မကလိပါနဲ့တော့နော်။