Monday, March 9, 2009

အတုအယောင် ရီဖရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်

အတုအယောင် ရီဖရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်
ဒေါက်တာလွဏ်းဆွေ

ဆန္ဒခံယူပွဲဆိုတုန်းကလည်း ဆန္ဒခံယူပွဲအလျောက်မို့ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲဆိုပြီး နအဖက အနံ့ လေးထပ်ထုတ်ပေးထားပြန်တော့ ၂၀၁၀ ရွေးကောက်ပွဲအနံ့ကို ရှူရင်းရှိုက်ရင်း တိုက်ရိုက်လေလှိုင်းဆွေးနွေးပွဲ တွေမှာ အာပေါင်အာရင်းသန်သန်နဲ့ ဆွေးနွေးငြင်းခုံနေကြသံတွေ ကြားနေရပြန်ပါပြီ။ ပါဝင်ဆွေးနွေးကြသူအ များစုက ပြည်ပမှာ နေထိုင်ကြသူတွေပါ။ အမေးနွားကျောင်းသားများက ပျော်မဆုံးမော်မဆုံး ဆွမေးဖွမေးနေ ကြသလို အဖြေဘုရားလောင်းများကလည်း တယောက်တမျိုး မရိုးနိုင်အောင် ဖြေကြားတော်မူနေကြတာကို ခပ်စိတ်စိတ် ကြားနေရပါတယ်။ ဆွေးနွေးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားနေရပုံများ “သီတင်းကျွတ်ပွဲတော်ကြီး ပြီးလို့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်” ဆိုတဲ့ သီချင်းကို စာသားပြောင်းပြီး “အတုအယောင် ရီဖ ရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်” လို့ ထဟဲရတော့မလို …။

တခုပဲ တွေးမိပါတယ်။ မြန်မာပြည်ထဲမှာ ခြစ်ကုတ်ဝယ်ထားကြတဲ့ ရေဒီယိုလေးတွေဖွင့်ပြီး ညမှောင်မှောင် လ မှောင်မှောင်ထဲကနေ နားဆင်နေကြတဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော ပြည်သူလူထုကြီးကတော့ တယောက်တ ပေါက် ဆွေးနွေးငြင်းခုံသံတွေကို ကြားရပြီး ဒီမိုကရေစီရေးအတွက် အားတက်ကြလေမလား၊ မျက်လုံးကလေး တွေ ကလယ်ကလယ်နဲ့ အားကိုးရာမဲ့ ဖြစ်နေကြလေမလား၊ တော်ပြီ … ဓာတ်ခဲဖိုးကုန်တယ်ကွာဆိုပြီး ရေဒီယို ကိုပဲ ပိတ်ပစ်လိုက်ကြလေမလား ဆိုတာကို စိုးရိမ်တကြီး တွေးနေမိတာပါ။

အခုအထိ ကြားခဲ့ရသမျှတွေထဲမှာ လှုပ်လှုပ်ရှားရှားအဖြစ်ဆုံး ဆွေးနွေးပွဲလေးကို ညွှန်းပါဆိုရင်ဖြင့် ဖေဖော်ဝါရီ ၂၁ ရက် စနေညပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်းအစီအစဉ်ကို ညွှန်းရပေလိမ့်မယ်။ အဲဒီ ဆွေးနွေးပွဲမှာ ထူးခြားတာက စီစဉ်တင်ဆက်တဲ့ ဦးကျော်ဇံသာရဲ့ လူရွေးချယ်မှုပါ။ အဓိက ပင်တိုင်ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူလို့ဆိုတဲ့ ဦးအောင်သူငြိမ်းနဲ့ ဦးမင်းဇော်ဦးတို့ နှစ်ဦးစလုံးက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ နှပ်ကြောင်းပေး ပြောဆိုဆွေးနွေးသွားကြတာကို ကြားလိုက် ရလို့ပါ။ တိုက်ဆိုင်တာပဲလား တမင်တကာလုပ်တာလားဆိုတာတော့ ဦးကျော်ဇံသာကိုယ်တိုင်မှပဲ သိနိုင်ပါလိမ့် မယ်။ စီစဉ်တင်ဆက်သူ ဦးကျော်ဇံသာရဲ့ အကြိုမိတ်ဆက်ပြောကြားမှုတွေကို ကြားရပုံကလည်း ၂၀၁၀ ရွေး ကောက်ပွဲကိုဝင်ဖို့ တွန်းအားပေးချင်ချင် လေသံမျိုးပေါက်နေလေတော့ ကြားထားတဲ့ သတင်းအစအနတွေ မှန် နေလေပြီလားလို့တောင် တွေးမိပြီး ဆံပင်တွေထောင်ချင်ချင် ဖြစ်မိပါတော့တယ်။

ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲတုန်းကလည်း ဒိုနာဆိုသူတွေက အတိုက်အခံအုပ်စုအချို့ကို ဒေါ်လာသိန်းနဲ့ချီ ချပေးပြီး “ဗုတ်နိုး”လိုင်းကို လျှောက်ခိုင်းခဲ့တယ်။ ဒါပေမယ့် နအဖ မျက်နှာပြောင်တိုက် လိမ်ညာသမျှကို လက်ပိုက်ကြည့် နေရပြီး ဘာမှမခုခံမတုန့်ပြန်နိုင်ဘဲ ခွက်ခွက်လန်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အခုလည်း ဒိုနာဆိုသူတွေက သူ တို့အနှစ် ၂၀ ကြာ အထောက်အပံ့ပေးခဲ့တဲ့ ပြည်ပအတိုက်အခံအုပ်စုတွေရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်လက် ပျက်ဖြစ်လာပြီး ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ဖိအားပေးနေတယ်လို့ ကြားရပါတယ်။ ဒိုနာတွေက သူတို့ကြိုးဆွဲ ရာကတဲ့ အဖွဲ့အစည်းကိုမှ (၂၀၁၀ ရွေးကောက်ပွဲဝင်မှ) ဒေါ်လာအထောက်အပံ့ပေးတော့မယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ဒေါ်လာရရေး ဒို့အရေးဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ တိတ်တိတ်ပုန်း ခြေပုန်းခုတ်လှုံ့ဆော်နေတဲ့ အ တိုက်အခံဆိုသူအချို့ရှိနေပြီဆိုတဲ့ အသံတွေ နားနဲ့မဆံ့အောင် ကြားနေရပါတယ် (ဘယ်သူတွေလဲဆိုတာ တော့ မကြာမတင်သောကာလမှာ မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့မှာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို အမှန်တကယ် ကျင်းပပေးတော့မယ်ဆိုရင်ပေါ့)။ ဗွီအိုအေ တိုက်ရိုက်လေလှိုင်းအစီအစဉ်ကို နားဆင်ရတဲ့အခါ မှာ တော့ ပိုပြီးသံသယ၀င်စေပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုတ်နိုးကာလတုန်းက နိုးဗုတ်သတင်းပို့ရင် အသံလွှင်ဋ္ဌာနတွေက မယူဘူး၊ မလွှင့်ဘူးဆိုတဲ့ မိတ်ဆွေသတင်းထောက်ရဲ့ စကားကို ပြန်လည်ကြားယောင်မိ လို့ပါ။ ကြုံရဆုံရဘုံဘ၀က အနို့ကလို သို့ကလိုမျိုးတွေ ဖြစ်နေလေတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလတုန်းကများ အခုအချိန်အခါလို ပရိုပိုဇယ်တွေ ဒိုနာတွေ မှိုလိုပေါနေခဲ့ရင် မြန်မာပြည် လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ဘူးလို့ တွေးမိပြီး တော်ပါသေးရဲ့လို့ သက်ပြင်းချမိရဲ့။

ပထမဦးစွာ ဦးကျော်ဇံသာရဲ့ မိတ်ဆက်စကားလေးကို ဆွေးနွေးကြည့်ချင်ပါတယ်။ ဦးကျော်ဇံသာက “တကယ် တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လူတချို့ကိုကြည့်ရင် တချို့ကလည်း ပွဲလန့်တုန်း ဖျာခင်းချင်တဲ့လူတွေ၊ အာဏာပိုင်တွေကို မျက်နှာချိုသွေးပြီးတော့ မျက်နှာလိုမျက်နှာရလုပ်လိုလို့ ယှဉ်ပြိုင်မယ့် သူတွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့်လည်း ဒီလမ်းစဉ်ဟာ တိုင်းပြည်အကျိုးကို တကယ်ဆောင်ရွက်နိုင်မယ်လို့ သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်တဲ့လူတွေလည်း ပါမယ်ဆိုတာ မလွဲပါဘူး။ ဒါကြောင့် ဒီဟာကို ချင့်ချင့် ချိန်ချိန် စဉ်းစားနိုင်အောင်လို့ ဒီနေ့အစီအစဉ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ပွဲလန့်ဖျာခင်းသူတွေနဲ့ အာဏာပိုင်တွေကို မျက်နှာချိုသွေးသူတွေအကြောင်း အထူးတလည် ဆွေးနွေးစရာမရှိ ပေမယ့် “သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်သူတွေပါမယ်ဆိုတာ မလွဲပါဘူး” ဆိုတဲ့ ဦးကျော်ဇံသာရဲ့ ထင် မြင်ယူဆမှုအပေါ်မှာတော့ အနည်းငယ်ဆွေးနွေးလိုပါတယ်။ ဒီနေ့အထိ စီအာပီပီ၊ အန်အယ်လ်ဒီ၊ ယူအန်အေနဲ့ မွန်ပြည်သစ်ပါတီလို အပစ်အခတ်ရပ်အဖွဲ့များ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တော်တော်များများ က ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်နေချိန်မှာ ရွေးကောက်ပွဲဝင်မယ့်အဖွဲ့ဆိုလို့ ၈၈ မျိုးဆက်ကျောင်းသားအ တုတွေ၊ အန်အယ်လ်ဒီကခွဲထွက်ပြီး နအဖအလိုကျ ခေါင်းညိတ်ခေါင်းခါလုပ်နေတဲ့ ရုပ်သေးအမတ်တွေ၊ တစ ညတွေ၊ ကြံ့ဖွံ့တွေနဲ့ ငါတို့အနေချောင်ရင်ပြီးရော ဘယ်သူတက်တက် ဒို့အစိုးရဆိုတဲ့ ခပ်တိမ်တိမ်လူမျိုးတွေ သာ ရွေးကောက်ပွဲဝင်ဖို့ ဆွေးနွေးပြောဆိုနေကြတာပါ။ အဲဒီလူတွေပဲ ပါတီထောင်ခွင့်တွေ၊ ရွေးကောက်ပွဲဥပ ဒေတွေ မထုတ်ပြန်ခင်မှာ နအဖရဲ့ မျက်နှာသာပေးမှုနဲ့ ခြေပုန်းခုတ် စည်းရုံးလှုံ့ဆော်ခွင့်တွေ ရနေကြတာပါ။ ပြည်ပကနေ ပြန်ဝင်လာပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သူတွေကလည်း ယူဒီပီလို မရှင်းမရှင်းအဖွဲ့တွေ နဲ့ ဒိုနာအလိုကျ ကပြအသုံးတော်ခံမယ့် အဖွဲ့အစည်းတွေရယ်လောက်ပဲ ရှိမှာပါ။

အဲဒီတော့ ဦးကျော်ဇံသာပြောတဲ့ သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်တဲ့လူတွေကို အခုမြင်တွေ့နေရပြီဆိုရင် ဘယ်သူတွေလဲဆိုတာရယ်၊ အဲဒီလူတွေအနေနဲ့ နအဖမျက်နှာသာအပေးခံရသူတွေလို ပါတီတရားဝင်ထောင် ခွင့်မရခင် အခုလိုအချိန်မှာ စည်းရုံးလှုပ်ရှားခွင့် ရနေကြပြီလားဆိုတာရယ် သိလိုလှပါတယ်။ အဲဒီလူတွေက အ ခုတော့ မမြင်သာသေးဘူး ရွေးကောက်ပွဲနီးမှ ပေါ်လာလိမ့်မယ်ဆိုရင်တော့ အဲဒီပေါ်လာမယ့်လူတွေဟာ သ ဘောရိုးနဲ့ ဆောင်ရွက်တဲ့လူတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အားကိုးလောက်တဲ့ လူတွေလို့တော့ ပြောလို့ရမှာ မဟုတ်ပါဘူး။ အခွင့်အရေးသမားတွေ၊ ပေါင်းစားမယ့်သူတွေမဟုတ်ရင် နအဖအခြေခံဥပေဒရဲ့ ညစ်လုံးညစ် ကွက် ကောက်ကျစ်လှည့်ဖျားမှုတွေကို မမြင်တတ်၊ ရှေ့ရှေးနောက်ရေးလည်း ဘာမှမချင့်ချိန် မစဉ်းစားတတ် တဲ့ လူနုံလူအတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ တမတ်သားစစ်ဗိုလ်တွေရယ်၊ အခွင့်အရေးသမားတွေ၊ နအဖနဲ့ ပေါင်းစားမယ့်လူတွေရယ်၊ အဲဒီလို(ရိုးသားပြီး စိတ်ကောင်းရှိချင်ရှိမယ်) လူနုံလူအတွေရယ် ပါဝင်မယ့် လွှတ် တော်ဟာလည်း ပြည်သူ့လူထုအတွက် အားကိုးအားထားပြုရမယ့် လွှတ်တော်ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဘူးလို့ပဲ ပြောရပါမယ်။

ဆက်လက်ပြီးတော့ ဦးအောင်သူငြိမ်းရဲ့ ဆွေးနွေးချက်တွေကို ကောက်နှုတ်ကြည့်မယ်ဆိုရင် …

ဦးအောင်သူငြိမ်း ။ ။ “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကတော့ အခု ၂၀၁၀ ဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင် နှစ် ၂၀ ကျော်ကြာခဲ့ပြီလို့ ပြောရင်ရနိုင်ပါတယ်။ ဆိုတော့ အခုအချိန်မှာ စစ်အစိုးရက နောက်ထပ်ရွေးကောက်ပွဲ တ ကယ်လို့ ပြန်လုပ်မယ်ဆိုပါစို့။ ဆိုတော့ အခုအချိန်အထိလည်း ကျနော်တို့က တော်တော်ပြောဖို့ခက်သေးတာ က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေလည်း မထွက်သေးဘူး။ နောက်တခုက ပါတီတွေကို ဘယ်လို စည်းရုံးခွင့်၊ လှုပ်ရှားခွင့် လွတ်လပ်စွာပေးမလား စသည်ဖြင့် ဒါတွေလည်း အခြေအနေတွေ ကျနော်တို့ သေချာ မသိရသေးပါဘူး။ ဆိုတော့ ဒီလိုအနေအထားမှာတော့ အပ်ကျမတ်ကျတော့ သေချာပြောဖို့ ခက်ပါသေးတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခု ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်လာတဲ့အချိန်မျိုးမှာ ကျနော်တို့လို အင်အားစုတွေက ပါ ၀င်ပြီးတော့ လုံးဝမလှုပ်ရှားဘဲနေမလား၊ ဒါမှမဟုတ်ရင် ပါပြီးတော့ ကျနော်တို့ကနေပြီးတော့ ကိုယ့်ဘာသာ ကိုယ် တတ်နိုင်တဲ့ဘက်က လှုပ်ရှားကြမလားဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။ ဆိုတော့ အဲလိုအနေအထားမှာ တော့ ကျနော်မြင်တဲ့ အယူအဆကတော့ ခုနပြောသလိုပဲ ဒီလိုရွေးကောက်ပွဲ တခုလုံးကို လုံးဝပစ်ပယ်လိုက် မယ့်အစား တချို့အင်အားစုတွေက ၀င်ပြီးလှုပ်ရှားကြမယ်ဆိုလို့ရှိရင်ကတော့ ကျနော်အနေနဲ့ကတော့ လက်ခံ နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ ဆိုတော့ ကျနော့်အနေနဲ့က ၀ိုင်းဝန်းပံ့ပိုးနိုင်တဲ့ အနေအထားလည်း ရှိပါ တယ်ခင်ဗျ။”

ဦးအောင်သူငြိမ်းရဲ့ ဆွေးနွေးချက်ကို သုံးသပ်ရရင် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ နှစ် ၂၀ ကျော်ခဲ့ပြီမို့ လွှင့် ပစ်ရမယ့်အနေအထားလို့ သွယ်ဝိုက်ဆိုလိုရာရောက်နေပါတယ်။ လူထုက မဲပေးရွေးချယ်ခဲ့တဲ့ ရလဒ်ကြီးတခု ကို မစဉ်းစားမဆင်ခြင်ဘဲ အလွယ်တကူ လွှင့်ပစ်လိုက်မယ်ဆိုရင် မဲပေးခဲ့တဲ့ မြန်မာလူထုကြီးရဲ့ သဘောထား ဆန္ဒကို ပစ်ပယ်စော်ကားရာကျမနေဘူးလားလို့ ကျနော်တော့ တွေးမိပါတယ်။ နောက်ပြီး ၉၀ ရလဒ်ကို အ ကောင်အထည်မဖော်နိုင်ခဲ့ဘဲ အနှစ် ၂၀ ကျော်ကြာခဲ့ရတဲ့ အကြောင်းအရင်းဟာ အန်အယ်လ်ဒီက ဘာမှမလှုပ် ရှား မဆောင်ရွက်လို့လား၊ နအဖစစ်အုပ်စုက နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့လို့လားဆိုတာကိုတော့ ဦးအောင်သူငြိမ်း အနေနဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ထင်ပါတယ်။

အဲဒီတော့ နအဖအနေနဲ့ အမှန်တကယ် ရွေးကောက်ပွဲလုပ်ပေးချင်တယ်ဆိုရင် နှစ် ၂၀ အတွင်း ကွယ်လွန်လစ် လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနေရာကိုသာ ကြားဖြတ်ရွေးကောက်ပွဲလုပ်ပေးပြီး လွှတ်တော်ခေါ် ပေးသင့်တယ်လို့ မြင်ပါတယ်။ လွှတ်တော်ထဲမှာ ကျုပ်တို့စစ်ဗိုလ်တွေပါ ပါဝင်ဆွေးနွေးရမှဆိုရင်လည်း ပြည်သူ က မန်းဒိတ်ပေးထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်မယ်ထင် ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ စစ်ဗိုလ်တွေက တဖက်သတ်ဗိုလ်ကျရေးဆွဲထားတဲ့ လူထုကိုလည်း ကိုယ်စားမပြု တဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ဖို့ အကြံပြုနေတာကတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်စော်ကား ရာကျသလို အဆင်ခြင်မဲ့ ပြောဆိုရာရောက်တယ်လို့လည်း ထင်ပါတယ်။

ဘာဖြစ်လို့ အဆင်ခြင်မဲ့ ပြောဆိုရာရောက်သလဲဆိုရင် ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲရလဒ်ကို ကြည့်ရင်ထင်ရှားပါတယ်။ ဆန္ဒခံယူပွဲတုန်းက ဒိုနာတွေကိုယ်တိုင် ဒေါ်လာတွေအလုံးအရင်းနဲ့ ထောက်ပံ့ကူညီခဲ့တာတောင် ဘာမှမခုခံနိုင် ဘဲ နအဖက ၉၂ ရာခိုင်နှုန်းကျော်နဲ့ မျက်နှာပြောင်တိုက် လိမ်လည်အတည်ပြုသွားတာကို ခံခဲ့ရတယ်မဟုတ် လား။ အခုလည်း ယှဉ်ပြိုင်ခွင့်ရမယ့် ၇၅ % မှာ နအဖက သူ့လူတွေ အကုန်လုံးနီးပါးရအောင် ညစ်ဦးမယ်ဆို တာကို မဆင်ခြင်မိလို့ လက်လွတ်စပယ် ရွေးကောက်ပွဲဝင်ဖို့ ပြောကြားလေသလား တွေးမိလို့ပါ။

ဦးအောင်သူငြိမ်းအကြံပြုပုံက ဘာနဲ့တူသလဲဆိုတော့ ရပ်ကွက်ထဲမှာ ချဲမလျော်ဘဲ ထွက်ပြေးသွားတဲ့ ချဲဒိုင်က နှစ်အတော်ကြာမှ ပြန်လာပြီး ဒီတခါတော့ ထိုးပါခင်ဗျာ တကယ်လျော်ပါမယ်၊ ဒါပေမယ့် ၁၀၀ ထိုးရင် ၇၅ ကျပ် ပဲ လျော်ပါမယ်ဆိုတာကို ယုံလွယ်ပြီး အမှတ်သည်းခြေမရှိ “သွားထိုးကြပါ” လို့ ဆော်သြပေးသူလိုဖြစ်နေပါ တယ်။ ထပ်အလိမ်ခံရရင် ဦးအောင်သူငြိမ်း ဘာများလုပ်ပေးမှာလဲလို့ပဲ မေးရတော့မယ်ထင်ပါရဲ့။

ဦးမင်းဇော်ဦးရဲ့ ဆွေးနွေးချက်ကို ကောက်နှုတ်ကြည့်မယ်ဆိုရင် …

ဦးမင်းဇော်ဦး ။ ။ စစ်တပ်က အုပ်ချုပ်တဲ့နိုင်ငံတွေကနေပြီးတော့ ဒီမိုကရေစီဘက်ကို အကူးအပြောင်းလုပ်ခဲ့ တဲ့ အခါမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆင်တူတဲ့ အဖြစ်အပျက်တခုကို ကျနော်ပြောရမယ်ဆိုလို့ရှိရင် ချီလီနိုင်ငံမှာ ၁၉၈၈ ခုနှစ်က စစ်တပ်ဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒအောက်မှာ အရပ်သားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရ တဲ့ ရွေးကောက်ပွဲနဲ့ သွားပြီးဆင်တူပါလိမ့်မယ်။ အဲဒီအချိန်မှာ ဒီကနေ့ ကျနော်တို့ ချီလီကို ကြည့်လိုက်မယ်ဆို လို့ရှိရင် စစ်တပ်ကနေ ဒီမိုကရေစီကိုပြောင်းတဲ့ နိုင်ငံတွေထဲမှာ ချီလီက အတည်ငြိမ်ဆုံး အတိုးတက်ဆုံးလို့ ပြောလို့ရပါတယ်။ အဲဒီတော့ ဒီလိုနည်းလမ်းမျိုးနဲ့လည်း အပြောင်းအလဲလုပ်ရင် မရနိုင်ဘူးလားဆိုတော့လည်း ရနိုင်တဲ့ အောင်မြင်နိုင်တဲ့အလားအလာတွေရှိပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှ အောင်မြင်မှာလားဆိုတော့လည်း အဲလိုလုပ်မှ အောင်မြင်မှာတော့ မဟုတ်ဘူး။ တခြား အကောင်းဆုံးနည်းလမ်းတွေ ရှိလာဆိုလို့ရှိရင် ဗမာပြည် အတွက် အကောင်းဆုံးကတော့ တွေ့ဆုံဆွေးနွေးပြီးတော့ အပြောင်းအလဲလုပ်လိုက် ဒါကအကောင်းဆုံးဆိုတာ တော့ အားလုံးလက်ခံပြီးသားဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ဖက်က လက်ရှိအာဏာကို ကိုင်ထားတဲ့အချိန်မှာ အ ပြောင်းအလဲပေါ်မှာ အခြေခံတဲ့ အပြောင်းအလဲကို သွားမယ်ဆိုလို့ရှိရင် တွေ့ဆုံဆွေးနွေးရေးနဲ့ မသွားဘူး။ ငါ တို့အတွက် အာမခံနိုင်တဲ့ ကွန်စတီကျူးရှင်းကနေ ချထားတဲ့ လမ်းကြောင်းတွေကနေ သွားမယ်ဆိုတဲ့ဟာကို ပြောထားပြီးတဲ့အတွက် ကျနော်တို့မှာက အခြားနည်းလမ်းမရှိတော့ဘဲနဲ့ ဒီနည်းလမ်းတခုပဲရှိတယ်ဆိုတဲ့ အမြင် မျိုးရှိတဲ့ နိုင်ငံရေးသမားတွေကတော့ ဒီအခါမှ ၀င်ပြိုင်ကြလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ချီလီဥပမာနဲ့ နှိုင်းယှဉ်ပြောကြားပေးတဲ့ ဦးမင်းဇော်ဦးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးဆိုတာ မျိုးက ၁+၂=၃ ဖြစ်တဲ့ဟာမျိုးလည်း ဟုတ်ချင်မှ ဟုတ်တာဆိုတော့ ပုံတူကူးချလို့ ဖြစ်နိုင်တဲ့အနေအထား ရှိချင် မှရှိမယ်လို့ထင်ပါတယ်။ ချီလီစစ်ခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စိတ်နေသဘောထား၊ ဖိ နှိပ်အုပ်ချုပ်မှု အတိုင်းအတာ၊ ဆွဲထားတဲ့ အခြေခံဥပေဒရဲ့ တရားမျှတမှုအချိုးအစား၊ သက်ဆိုင်ရာ စစ်ခေါင်း ဆောင်တွေနဲ့ ပြည်သူတွေ၊ အတိုက်အခံတွေရဲ့ ဆက်ဆံရေးအနေအထားတွေ ကွာခြားတာနဲ့အမျှ ရလဒ်တွေ ကလည်း ကပြောင်းကပြန်တွေ ဖြစ်တတ်တာကို မြင်နိုင်ရမှာပါ။ ၁+၂=၃ အလွယ်တကူဖြစ်ခဲ့မယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ နိုင်ငံရေးဆိုတာက အဲသလိုမဖြစ်လို့ ခက်နေတာကိုး။

တခါတခါကျတော့လည်း ပညာရှင်တွေဆီက ကောင်းတဲ့အကြံဥာဏ်တွေ ရတတ်သလို တခါတခါကျတော့ လည်း ပညာရှင်တွေဟာ ရပ်ကွက်ထဲက ချဲဆရာကြီးတွေလို များများသိလို့ တွက်လေ လွဲလေ၊ လွဲတော့ ထပ် လေ့လာ၊ ထပ်လေ့လာတော့ ပိုသိ၊ ပိုသိပြီး ထပ်တွက်တော့ ပိုလွဲ ဆိုတာမျိုးတွေလည်း ရှိတတ်တာကို ကျနော် တို့ သတိပြုရမှာပါ။

ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ဗွီအိုအေဆွေးနွေးဝိုင်းမှာ မြန်မာအရေးလေ့လာသူနှစ်ဦး ဆွေးနွေးသွားတဲ့ အသိ အမြင်တွေလောက်ကိုတော့ ကျနော်တို့ရဲ့ အစစ်အမှန် တိုက်ပွဲခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစု ကြည်၊ ဦးဝင်းတင် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တွေးပြီးသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့က ကိုယ့်ခေါင်းဆောင်တွေ ဘာဖြစ်လို့ နအဖအခြေခံဥပေဒကို ဆန့်ကျင်တယ်၊ ဘာဖြစ်လို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ဘာဖြစ်လို့ ထောင်ကျတန်းကျခံ အနာခံပြီး တိုက်ပွဲဝင်နေတာလဲဆို တာကို ရှင်းလင်းမြင်သာစေဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ပြောစကားလေးနဲ့ပဲ နိဂုံး ချုပ်လိုက်ပါရစေ။

“နိုင်ငံရေးဖြေရှင်းမှုဆိုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တ ယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ချုပ်ဆိုကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မလုပ်နိုင်ဘဲကွာ အရှုံးသာပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည်မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက် အလောမကြီး ဘူး။ တဖြေးဖြေး ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုးတွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက်လုံး မျှော်လင့်နေတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ်အား လုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း ၅၀ စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ် ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရုမစိုက် ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေးဆိုရင် တဘက်က တပ်မတော်ရဲ့အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မယ်လို့ သူကပြောထားတယ်။ အဲဒီတော့ နောင်တချိန်ပြင် ချင်ရင် ကျနော်တို့ နောင်လာနောက်သားတွေကလည်း အသက်နဲ့လဲပြီးတော့ ပြင်ကြဆိုပြီးတော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့် မပြုနိုင်ပါဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော်သတိပေးချင်တာပါ။”

(ဘီဘီစီ၏ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ အစီအစဉ်တွင် ဖြေကြားချက်)

ဒေါက်တာလွဏ်းဆွေ
(၂၀၀၉ ခုနှစ် မတ်လထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)

No comments: