Thursday, July 10, 2008

စိတ်အန်ဖတ် (ကဗျာ)

စိတ်အန်ဖတ်
မောင်ချောနွယ်

“ကျား” မီးခြစ်ကို
တအားကြီး ဖိခြစ်ပစ်လိုက်တယ်
လက်ဖက်ရည်ခွက်ထဲက
ကမ္ဘာကြီးကို
ငါသိပ်စိတ်မတွေ့ဘူး။

သတိထားကြ
ထမင်းပန်းကန်ထဲက အမှန်တရား
ငါ စားပစ်လိုက်ပြီ။

တစ်ခြမ်းက မှည့်ရွှမ်းအရသာရှိပြီး
တစ်ခြမ်းက စိမ်းနေသေးတဲ့ ကမ္ဘာကြီးဟာ
ငါပုံကြမ်းလောင်းထားတဲ့ ပန်းပုရုပ်ကလေးပေါ့။

ဝိညာဉ်တွေကို ဖိနပ်လုပ်ပြီး စီးပစ်မယ်
လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကို ငါမယုံဘူး။

အငမ်းမရ သောက်ခြင်းမျိုးနဲ့
လမင်းကို ငါသောက်ပစ်လိုက်ပြီ
တေးဂီတအားလုံးကို ငါသောက်ပစ်လိုက်ပြီ
မုန်တိုင်းတွေကို ငါသောက်ပစ်လိုက်ပြီ
ကမ္ဘာကြီးကိုလည်း ငါသောက်ပစ်လိုက်ပြီ
လေထဲမှာ
ကဗျာဆန်ဆန် ၀ဲနေတဲ့
ဗာဒံရွက်တွေကိုလည်း ငါသောက်ပစ်လိုက်ပြီပေါ့။

ဟောဟိုက
ခုံဖိနပ် တခွပ်ခွပ်နဲ့ လမ်းလျှောက်လာတာ
ငါ့အာရုံပေါ့။

တွေ့လား
အပင်ပေါ်မှာ ညွတ်အောင်သီးနေတဲ့
ဝင်းဖန့်ဖန့် လိမ္မော်သီးတွေကလည်း
ငါ့အာရုံပေါ့။

ဟိုကတ္တီပါ မြက်ခင်းလေးရယ်
ဟိုကောင်မလေး ဆိုးထားတဲ့ နှုတ်ခမ်းနီရယ်
ငါ့အာရုံတွေပေါ့။

ငါ ငါ့လက်ထဲမှာ
ငါ့ဘ၀လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး
ငါ
ဦးနှောက်က ထွက်ခဲ့ပြီ
နှလုံးသားအိမ်က ထွက်ခဲ့ပြီ
အာရုံကဖီးက ထွက်ခဲ့ပြီ
အချစ်ရေ …
နှလုံးသားကိုလေ
ထဘီအဆင်လှလှလေး ရက်ပေးမယ်
လောကဓံတရားတွေကိုတော့
ဖန်ခွက်ထဲမှာ အရက်နဲ့ရောပြီး
“ကိုကို” မော့ထည့်လိုက်ပြီကွာ ။ ။

မောင်ချောနွယ်

No comments: