Wednesday, July 19, 2017

ကွယ်လွန်သူ မောင်စူးစမ်းနဲ့ပတ်သက်ပြီး ဝေဖန်ရေးသားဖြစ်ခဲ့တဲ့ ဆောင်းပါး

သီတင်းမကျွတ်မီ ကြားခဲ့ရတဲ့ နိုင်ငံရေးဗြောက်အိုးသံ နှစ်သံ
ဒေါက်တာလွဏ်းဆွေ
(၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြည်တွင်းက သက်ကျားအို နိုင်ငံရေးသမားကြီးနှစ်ဦး နိုင်ငံရေးဗြောက်အိုး တ ယောက်တလုံးစီ ထဖောက်လိုက်ကြတာ (သီတင်းကျွတ်ခါနီးလို့လား မသိ) အတိုက်အခံအင်အားစုတွေ အကုန် လုံး လန့်ဖျပ်ပြီး မျက်လုံးတွေ ကျယ်ကုန်ကြတယ်။ တချို့လည်း သူတို့နှစ်ဦးပြောတဲ့ အသံတွေကြားပြီး ဒီမိုက ရေစီရေးအတွက် စိတ်ဓာတ်တွေ ကျချင်ချင် ဖြစ်ကုန်ကြမယ်ထင်တယ်။ လန့်မယ်ဆိုလည်း လန့်ချင်စရာ၊ စိတ် ဓာတ်ကျမယ်ဆိုလည်း ကျချင်စရာပဲလေ။ သက်ကျားအိုနှစ်ဦး ဖောက်လိုက်တဲ့ နိုင်ငံရေးဗြောက်အိုးသံ နှစ်သံ က ထင်မထားတဲ့အချိန်မှာ တော်တော့်ကို ကျယ်ကျယ်လောင်လောင်နဲ့ ဆူညံသွားတာကိုး။

ဒီမိုကရေစီရေးလှုပ်ရှားသူ အတိုက်အခံအင်အားစုတွေအပေါ် အဲသလို အလန့်တကြား ဖြစ်သွားစေခဲ့တဲ့ သက် ကျားအိုနှစ်ဦးကတော့ စာရေးဆရာ မောင်စူးစမ်း (ခ) ဦးချမ်းအေးနဲ့ အမျိုးသားရေးဦးဝင်းနိုင်တို့ပဲ ဖြစ်ပါတယ်။ ဆရာမောင်စူးစမ်းက ၈၈ နောက်ပိုင်း ရေးအားအလွန်ကောင်းတဲ့ စာရေးဆရာကြီးတဦးဖြစ်သလို နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ နည်းပညာ စတဲ့နယ်ပယ်စုံက ကမ္ဘာ့အခင်းအကျင်းသစ်တွေနဲ့ စာဖတ်ပရိသတ်ကို မိတ်ဆက်ပေးရာမှာလည်း နာမည်ကျော်တဲ့ ဘက်ဆဲလားစာရင်းဝင် စာရေးဆရာကြီးတဦး ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာမောင်စူးစမ်း (ခ) ဦးချမ်းအေးဟာ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုကော်မတီဝင်ဟောင်း တဦးဖြစ်သလို ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာလည်း မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ရွေး ကောက်တင်မြှောက်ခြင်းခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။

နောက်ထပ် သက်ကျားအိုတဦးဖြစ်တဲ့ အမျိုးသားရေးဦးဝင်းနိုင်ကိုတော့ ၀ါရင့်နိုင်ငံရေးသမားကြီးတဦးလို့ သိ ထားသလို လေလှိုင်းတွေထဲကနေ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး သူနဲ့ အင်တာဗျူးတွေ၊ သူ့ရဲ့ နိုင်ငံရေးသုံး သပ်ချက်တွေကို မကြာမကြာ ကြားရလေ့ရှိသူပါ။ ဘယ်ပါတီကိုမှ ကိုယ်စားမပြုဘဲ ဒီမိုကရေစီအင်အားစုတွေ ညီညွတ်ရေးကို စဉ်ဆက်မပြတ် အားထုတ်နေသူတဦးလို့လည်း သိထားပါတယ်။

အဲသလို မြန်မာပြည်သူလူထုနဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ် နိုင်ငံရေးအရ သြဇာသက်ရောက်မှု အနည်း အများ (သူ့နည်းသူ့ဟန်နဲ့) ရှိကြတဲ့ သက်ကျားအိုနှစ်ဦး ဘယ်လိုနိုင်ငံရေးဗြောက်အိုးတွေ အလန့်တကြား ဖောက် သွားသလဲဆိုတော့ ဆရာမောင်စူးစမ်းက “စစ်အစိုးရ လမ်းပြမြေပုံမှလွဲ၍ ရွေးချယ်စရာမရှိ” တဲ့၊ နောက်တ ဦးဖြစ်တဲ့ အမျိုးသားရေးဦးဝင်းနိုင်ကလည်း “မြန်မာနိုင်ငံ ဒီမိုကရေစီရဖို့ လမ်းမမြင်” တဲ့။ ကဲ … စိတ်ဓာတ် မကျချင်ဘဲ ဘယ်သူနေမလဲလေ။ ဒါပေမယ့် ဆရာတို့နှစ်ဦး “အဘယ်ကလိုကြောင့် အနှီကဲ့သို့ ဒီမိုကရေစီတိုက် ပွဲဝင်တွေ စိတ်ဓာတ်ကျအောင် ပြောရသနည်း” ဆိုတဲ့ အကြောင်းတရားတွေကို အသေးစိတ် စေ့ငုကြည့်တော့မှပဲ ကျချင်ချင်ဖြစ်နေတဲ့ စိတ်ဓာတ်ကြီး အပေါ်ပြန်တက်သွားပါတော့တယ်။ တကယ်ပါ “အော် … ဒီလိုကြောင့်ကိုး” ဆိုပြီးတော့လည်း ဆရာနှစ်ဦးအနား အပြေးအလွှားလေး သွားအားပေးချင်စိတ်ပေါက်သွား မိတယ်။

ဆရာမောင်စူးစမ်းကတော့ ပြည်တွင်းထုတ် မော်ဒန်သတင်းဂျာနယ်မှာ စပြီး ဖောက်ခွဲလိုက်တာပါ။ “နိုင်ငံရေး သစ်ချင်း ဖျတ်ခနဲယှဉ်ကြည့်” ဆိုတဲ့ ဆောင်းပါးနဲ့ပါ။ ပြည်တွင်းထုတ်ဂျာနယ်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ် သက်ပြီး ဆရာမောင်စူးစမ်း သုံးသပ်ရေးသားထားတယ်ဆိုတော့ ကြားကာစက ကိုယ့်နားကိုယ် မယုံဘူးဖြစ် သွားတယ်။ ဆောင်းပါးကို ဖတ်ကြည့်လိုက်တော့မှ နအဖစစ်အုပ်စု စိတ်ကူးယဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကို လက်ခံဖို့ နှပ်ကြောင်းပေးထားလို့ စာပေကင်ပေတိုင်ရုံးက ခွင့်ပြုတာပါလား ဆိုတာကို သ ဘောပေါက်သွားတယ်။

ဆောင်းပါးမှာ ဆရာမောင်စူးစမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ် ပြဋ္ဌာန်းပြီးရင် ပေါ်ပေါက်တတ်တဲ့ အ တွေ့အကြုံတွေကို လက်ရှိဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံရေးသင်ခန်းစာနဲ့ ယှဉ်ထိုးပြောပြပြီး နအဖရဲ့ ၂၀၁၀ ရွေး ကောက်ပွဲကို လက်ခံရုံကလွဲလို့ ရွေးစရာလမ်းမရှိဘူးလို့ သုံးသပ်တင်ပြသွားပါတယ်။ ထိုင်းနိုင်ငံရေးအသစ် ဆို တဲ့အပေါ် ဝေဖန်သုံးသပ်ရင်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးအသစ် ဖြစ်ဟန်ရှိ တယ်လို့ ဆရာမောင်စူးစမ်းက သုံးသပ်ထားတာပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နှင့် အခင်းအကျင်းအသစ် ဖြစ်နေပြီဖြစ်၍ နိုင်ငံရေးသည်လည်း အ သစ်ဖြစ်ဟန်ရှိသည်” လို့ ဆရာမောင်စူးစမ်းက ဆိုထားပါတယ်။ ၇၄ ဖွဲ့စည်းပုံကို ဖြူလည်းဖြူ မဲလည်းဖြူနဲ့ အတည်ပြုပြီး အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်းဘ၀ကနေ သမ္မတဦးနေ၀င်းဘ၀ ပြောင်းခဲ့တာကို ဆရာမောင် စူးစမ်း ကြုံခဲ့ဖူးတာပဲ။ တိုင်းပြည် ဘယ်လောက်စုတ်ပြတ်သတ်သွားခဲ့လဲ ဆိုတာကိုလည်း ဆရာမောင်စူးစမ်း တို့လို လူကြီးတွေက ပိုသိပါတယ်။

နောက်ပြီး ဆရာမောင်စူးစမ်း ထင်ကြေးနဲ့ ပြောတာက “လက်ရှိအခြေအနေ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ် ထွန်းမှုသည် စပိမြန်နှုန်းပြဿနာ (the matter of speed) သာဖြစ်မည်။ စင်ပြိုင်အစီအစဉ်နှင့် ဖိုရမ် (alternative agenda and forum) တို့သည် ဖြစ်နိုင်ခြေ မရှိပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေ တကယ်ရှိနေသည့် အစီအစဉ်ကို မြန်မြန်ဖြစ်အောင်သာ တိုက်တွန်းဖို့ရှိသည်” တဲ့။ နိုင်ငံရေးမှာ ဘာမ ဖြစ်နိုင်ဘူး၊ ညာဖြစ်နိုင်တယ်နဲ့ ကြိုပြီးဟောကိန်းထုတ်နိုင်လောက်အောင် ဆရာမောင်စူးစမ်း ဘယ်လိုအကြား အမြင်တွေများ ရနေပါလိမ့်လို့ သိချင်မိတယ်။ ဘယ်လိုအနေအထားတွေကြောင့် မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် ဆိုတာကို ချက်ကျလက်ကျ ရှင်းပြရင်တော့ တမျိုးပေါ့။ အခုတော့ အချက်အလက်မပါ တုံးတိတိကြီး “ဖြစ် နိုင်ချေ မရှိပေ” ဆိုတဲ့ တကြောင်းတည်းနဲ့ ပိတ်ထားတော့ လက်ခံရခပ်ခက်ခက်ပေါ့။ အဲသလို အနာဂတ်ကို ကြိုမြင်တတ်တဲ့ ဆရာမောင်စူးစမ်းအနေနဲ့ ရွှေဝါရောင်တော်လှန်ရေးလို လူထုအုံကြွမှုတွေ မထင်မှတ်ဘဲ ဖြစ် တတ်တယ် ဆိုတာကိုရော ကြိုပြီး အာရုံရတတ်သလားဆိုတာကို မေးကြည့်ဦးမှထင်တယ်။

ဆရာမောင်စူးစမ်းက သီတင်းကျွတ်မတိုင်မီ ဖောက်ခွဲခဲ့တဲ့ နိုင်ငံရေးဗြောက်အိုးတလုံးနဲ့တင် အားရပုံမပေါ်ဘူး။ သီတင်းကျွတ်အပြီးမှာလည်း နောက်ဆက်တွဲ နိုင်ငံရေးဗြောက်အိုးတလုံးကို ထပ်မံဖောက်ခွဲပြန်ပါတယ်။ အောက်တိုဘာ ၂၂ ရက်ထုတ် Weekly Eleven ဂျာနယ်မှာပါတဲ့ “ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးကို အခြေခံမ ဟာဗျူဟာရှုထောင့်များဖြင့် စဉ်းစားခြင်း” ဆိုတဲ့ ဆောင်းပါးနဲ့ပါ။ ဒါပေမယ့် ဒီတခါဖောက်ခွဲတဲ့ ဗြောက် အိုးသံကိုတော့ ပထမဗြောက်အိုးတုန်းကလို အလန့်တကြား မဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်း ပါးဖတ်ပြီး စာရေးသူနားထဲမှာ `ဖွတ်ရှူး’ ဆိုတဲ့ အသံလောက်ပဲ ကြားလိုက်ရလို့ပါ။

ဒီတခါဖောက်ခွဲတဲ့ ဆောင်းပါးမှာ ဆရာမောင်စူးစမ်းတယောက် သူ့ဘာသာ ကောက်ချက်ဆွဲထားတဲ့ နိုင်ငံရေး သုံးသပ်ချက် ဝေေ၀၀ါးဝါးတွေ၊ သူ့ဘာသာ ရေးဆွဲတင်ပြခဲ့တဲ့ နိုင်ငံရေးမဟာဗျူဟာတွေနဲ့ သွက်ချာပါဒလိုက်ခဲ့၊ လိုက်နေဆဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဖွတ်ရှူးသံလောက်ပဲ မြည်ခဲ့ဟန်တူပါရဲ့။

ဆောင်းပါးကို ဆက်ဖတ်တဲ့အခါ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးချိန် ဆရာမောင်စူးစမ်း တင်ပြတဲ့ နိုင်ငံရေး မဟာဗျူဟာတွေကို တွေ့ရပြန်ပါတယ်။ အဲဒီလိုတွေ့ရတော့မှ နအဖရဲ့ ၁/၉၀ နောက်ကိုသွေဖည်ပြီး ၉၀ ရွေး ကောက်ပွဲရလဒ်ကို ရေစုန်မျောအောင် လုပ်ပစ်ခဲ့တဲ့ တရားခံတွေထဲမှာ မောင်စူးစမ်းလည်း ထိပ်ဆုံးက ပါခဲ့သူပါ လားဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတော့တယ် (အောက်တိုဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှာပါတဲ့ ချစ်တင် (မင်းလှ-မကွေးတိုင်း) ရဲ့ ဆောင်းပါးမှာလည်း တစွန်းတစ သိခဲ့ရပါတယ်)။

ဆရာမောင်စူးစမ်း တင်ပြခဲ့တဲ့ မဟာဗျူဟာကတော့ “ရွေးကောက်ပွဲနိုင်သဖြင့် အာဏာပြဿနာကို ရှေ့ တန်းမထုတ်ရန် တင်ပြခဲ့ရသည်။ စင်ပြိုင်အစိုးရလမ်းစဉ်သမားတို့နှင့် အတိုက်အခံဖြစ်ရသည်။ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတော့သည့် အချိန်ဖြစ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် မဟာဗျူဟာ ပြဿနာနှစ်ရပ်ကို ဖော်ထုတ်ခဲ့ရသည်” တဲ့။ ဒီလောက်ဆိုရင် မြန်မာ့နိုင်ငံရေး လောကမှာ ဆရာမောင်စူးစမ်းတို့လို မတိုက်ရဲတဲ့ အညံ့ခံရေးလမ်းစဉ်သမားတွေကြောင့် ပြည်သူတွေ တခဲ နက်မဲပေးခဲ့တဲ့ ၉၀ ရွေးကောက်ပွဲရလဒ် ရေစုန်မျောခဲ့ရတယ်ဆိုတာ ရှင်းလောက်ပြီ ထင်ပါတယ်။ ဒါပေမယ့် အရှုံးထဲက အမြတ်အနေနဲ့ ရှေ့ဆက်ရမယ့် ဒီမိုကရေစီရေးတိုက်ပွဲမှာ ဆရာမောင်စူးစမ်းလို အညံ့ခံရေးလမ်းစဉ် သမားတဦး အရေးကြီးတဲ့ Decision Maker နေရာမှာ ရှိမနေတော့တာကိုဘဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါ တယ်။

ဆရာမောင်စူးစမ်းဟာ လက်ရှိအခြေအနေမှာ စာရေးတဲ့အလုပ်ကလွဲပြီး ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ဘယ် ထောင့်ဘယ်နေရာကမှ တိုက်ပွဲဝင်နေသူ မဟုတ်တဲ့အတွက် သူ့အနေနဲ့ အဲဒီလိုသုံးသပ်ပြောဆိုတာကို အပြစ်မ ဆိုချင်ပါဘူး။ ထောင်ကထွက်လာတဲ့ ဆရာကြီးဦးဝင်းတင်လို တိုက်ပွဲလမ်းကြောင်းပေါ်မှာ ရှင်သန်မနေဘဲ လက်မြှောက်အရှုံးပေးထားတဲ့ နိုင်ငံရေးအသေပေါ်ကနေ ထိုင်စဉ်းစားနေမှတော့ ဒီအဖြေထွက်တာ မဆန်းဘူး လို့ပဲ ဆိုရမှာပေါ့။ ဒါပေမယ့် `ငှက်တို့မည်သည် ပျံရင်းသေ၊ လူတို့မည်သည် ကြံရင်းသေ’ ဆိုတဲ့ စကားပုံရှိ သားပဲမဟုတ်လား။ တိုက်ပွဲဝင်ဖို့ အစဉ်အမြဲ ကြံဆနေသူတွေအတွက်တော့ နိုင်ငံရေးဟာ ကြွေတလှည့် ကြက် တခုန်ဆိုတဲ့အတိုင်း အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကို ဆရာမောင်စူးစမ်း မေ့လျောနေပုံရ တယ်။

ရုရှားဒီမိုကရေစီပွဲသိမ်းတုန်းက တင့်ကားပေါ် ရဲရဲတောက် တရားတက်ဟောတဲ့ ဘောရစ်ယဲ့ဆင် နံဘေးမှာသာ ဆရာမောင်စူးစမ်း ရှိနေခဲ့ရင် “ဟေ့လူ တင့်ကားပေါ် မတက်နဲ့ သေသွားလိမ့်မယ်” ဆိုပြီး အတင်းဆွဲချမယ်ထင် ရဲ့။ ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ရာမို့စ်သာ စစ်တပ်အနေနဲ့ လူထုဘက်ကို ပြောင်းရပ်ဖို့အရေး ဆရာမောင်စူးစမ်း ကို တိုးတိုးတိတ်တိတ် တိုင်ပင်မိခဲ့ရင် “ဟေ့လူ အရူးမထနဲ့ ငြိမ်ငြိမ်နေ၊ သေသွားချင်လို့လား” လို့ ကြောက်ရွံ့အ ညံ့ခံစိတ်နဲ့ အပြစ်တင်နေမယ်ထင်မိရဲ့။

အာဏာရှင်စနစ်အောက်က လွတ်မြောက်ခဲ့ကြတဲ့ တိုင်းပြည်တွေဟာ အဲသလို မဖြစ်နိုင်ဘူးဆိုတဲ့ အနေအထား တွေကနေပဲ ဖြစ်အောင် စွန့်စားတိုက်ပွဲဝင်ခဲ့ကြလို့ အောင်ပွဲတွေ ရခဲ့ကြတာမဟုတ်လား။ ဆရာမောင်စူးစမ်းလို နိုင်ငံရေးအသေနဲ့ပဲ ထိုင်စဉ်းစားနေရင်တော့ ကမ္ဘာပေါ်မှာ ဘာတော်လှန်ရေးမှ ပေါ်ပေါက်စရာမရှိသလို ဘာ အောင်ပွဲမှလည်း ခံစရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ အဲဒီတော့ နအဖရဲ့ အပေါ်ယံ စစ်အင်အားကိုကြည့်ပြီး ရွေးစရာလမ်းမရှိဘူးလို့ ကြောက်ရွံ့အညံ့ခံချင်နေတဲ့ ဆရာမောင်စူးစမ်းရဲ့ သုံးသပ်ချက်ကို ခေါင်းထဲမထည့်ဘဲ စစ်အာဏာရှင်ယန္တရားကြီး လုံးဝပြိုပျက်သွားတဲ့အထိ ဆက်လက်တိုက်ပွဲဝင်ဖို့သာ အားထုတ်ကြဖို့ ဒီမိုကရေစီ တိုက်ပွဲဝင် ညီနောင်သွေးချင်းအပေါင်းကို အကြံပြုချင်ပါတယ်။

အဲလိုစစ်အာဏာရှင်ယန္တရားကြီး လုံးဝဥဿုံ ဘုံးဘုံးလဲပြိုသွားမှသာ ဒီမိုကရေစီစနစ် စစ်စစ်မှန်မှန်ကို အ ကောင်အထည်ဖော် ထူထောင်လို့ရမှာပါ။ အမြတ်မပြတ်ရင် ကြာလေလေ ပိုခံရလေလေ ဖြစ်ဦးမှာပါပဲ။ ကျနော် တို့အနေနဲ့ ၂၀၁၀ ကို မခုခံနိုင်လို့ နအဖရဲ့ ဒီမိုကရေစီအတုအယောင် ရွေးကောက်ပွဲကြီး ဖြစ်မြောက်သွားခဲ့ရင် လည်း တက်လာတဲ့ အတုအယောင် ဒီမိုကရေစီအစိုးရကို အခုအတိုင်းပဲ တော်လှန်မြဲ ဆက်တော်လှန်ကြရ ဦးမှာပါ (အတိုက်အခံအားလုံးက လက်ခံနိုင်တဲ့ အခင်းအကျင်းသစ်ဆိုရင်တော့ တမျိုးပေါ့)။ ဒီလောက်ဆိုရင် ဆရာမောင်စူးစမ်း ဖောက်လိုက်တဲ့ နိုင်ငံရေးဗြောက်အိုးနဲ့ ပတ်သက်ပြီး အာရုံထွေပြားစရာ မလိုသလို စိတ် ဓာတ်ကျစရာလည်း မလိုဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ဘက်မှာ ခေါင်းဆောင်တွေ၊ စစ်အုပ်စုကို ဆန့်ကျင်တဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ ရာနှုန်းပြည့်နီးပါး ရှိနေပြီမို့ ကိုယ်လုပ်ရမယ့် တော်လှန် ရေးအလုပ်ကိုသာ ညီညီညွတ်ညွတ် တစိုက်မတ်မတ် ဦးဆောင်မှုကောင်းကောင်းနဲ့ ဆက်လုပ်သွားရင် အောင်ပွဲ ဟာ တနေ့ တိုက်ရဲသူတွေလက်ထဲကို မုချမသွေ ရောက်ရှိလာမှာလို့ပဲ အခိုင်အမာ ပြောချင်ပါတယ်။

အမျိုးသားရေးဦးဝင်းနိုင်ရဲ့ နိုင်ငံရေးဗြောက်အိုးသံနဲ့ ပတ်သက်လို့ကတော့ သိပ်ထူးထူးထွေထွေ ခေါင်းရှုပ်စိတ် ဓာတ်ကျစရာ မလိုပါဘူး။ အမျိုးသားရေးဦးဝင်းနိုင်က သူ့ဘာသူ နိုင်ငံရေးကို စိတ်ပျက်တာ၊ ရွှေဝါရောင်အပြီး ထောင်ထဲမှာ တလကျော်နေခဲ့တုန်း အနှိပ်စက်ခံလိုက်ရလို့ နိုင်ငံရေးလုပ်ရမှာကို ကြောက်သွားတာနဲ့ “မြန်မာ နိုင်ငံ ဒီမိုကရေစီရဖို့ လမ်းမမြင်” ဆိုပြီး လက်လွတ်စပယ် ထပြောလိုက်တာပါ။ ကိုယ့်တဦးတည်းဆန္ဒနဲ့ နိုင်ငံ ရေးမလုပ်ချင်တော့ရင် အေးအေးဆေးဆေး ဘေးဖယ်နေလိုက်ပေါ့။ ဘယ်သူကမှ အတင်းအကျပ် ရိုက်နှက်ပြီး ဆက်လုပ်ခိုင်းနေမှာမှ မဟုတ်တာ။

နိုင်ငံရေးသမားတွေကို အားမရတဲ့ အပိုင်း၊ လူတွေ သီလလုံခြုံရေးအပိုင်းတွေနဲ့ ပတ်သက်ပြီး …

“တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာဖို့ တယောက်နဲ့ တယောက် ခွက် စောင်းခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလို စိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော် လွှမ်းမိုး လာတယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင် ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေက မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာ ပြီ”

“တိုင်းပြည်ထဲကလူတွေ ခိုးနေသမျှ ကာလပတ်လုံး အရပ်သားကလည်း ခိုးမယ်။ တာဝန်ရှိတဲ့ အစိုး ရကလည်း ခိုးမယ်။ နိုင်ငံရေးသမားတွေကလည်း ခိုးမယ်။ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီ နိုင်ငံ ဘာသွားပြီး ထူထောင်လို့ ရမှာလဲ။ အခုအဲဒီသီလတွေ ကျနော်တို့ နိုင်ငံမှာ အရမ်းပျက်နေ တယ်။ အများစုပေါ့ဗျာ။ အများစုကို ပြောတာပေါ့”

… စတဲ့ အမျိုးသားရေးဦးဝင်းနိုင်ရဲ့ ညည်းတွားချက်တွေကို ဖတ်ရတော့ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ “နိုင်ငံရေးအမျိုးမျိုး” ဆိုတဲ့ ဆောင်းပါးထဲက ရှေ့နေချုပ်ကြီး ဦးသိန်းမောင်ကို ပြေးသတိရတယ်။

“အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ဖြစ်၏။ လူတွေသာ တရားစောင့်နိုင် လျှင် အစိုးရရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင်ရှိ၏။ လူတွေ တရားမစောင့်နိုင် သည့်အကြောင်းမှာလည်း လောဘတရားကြောင့်ဖြစ်၏။ လောဘတရားဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်း ပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူ သော မသိမလိမ္မာ မိုက်မဲမှု ဖြစ်လာ၏။”

“ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လားဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်း မောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်းတရားမဟုတ်။ သို့သော်လည်း လောကီ ရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီတည်နိုင်၏။ အူမတောင့်မှ သီလစောင့် နိုင်၏။”

“လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏။ ထိုတရားကား လောကီ နိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို့ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း”

နိုင်ငံရေးလုပ်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဆိုလိုသလို လူ့အဖွဲ့အစည်းအတွင်း မညီညွတ်တာကို ညီညွတ် လာအောင်၊ ဆုတ်ယုတ်နေတာကို တိုးတက်လာအောင်၊ စည်းကမ်းမရှိတာကို စည်းကမ်းရှိလာအောင်၊ ညစ် ပတ်တာကို မညစ်ပတ်တော့အောင်၊ သီလမစောင့်တာကို သီလစောင့်လာအောင် ပြုပြင်ယူဖို့ ကြိုးစားကြတာပဲ ဖြစ်ပါတယ်။ အဲသလိုမဟုတ်ဘဲ ပြုပြင်ရမှာတွေကို နဖူးတွေ့ဒူးတွေ့တွေ့ပြီး စိတ်ပျက်လို့ နိုင်ငံရေးမလုပ်တော့ ပါဘူးဆိုရင်တော့ ပုတီးစိပ်ပြီး အေးအေးလူလူသာ တရားအားထုတ်ပါတော့လို့ပဲ အမျိုးသားရေးဦးဝင်းနိုင်ကို အကြံပြုဖို့ ရှိတော့မယ်ထင်ပါတယ်။ အမျိုးသားရေးဦးဝင်းနိုင် ကိုယ်တိုင်ကလည်း နိုင်ငံရေးက အနားယူပါတော့ မယ်၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောဆိုချက်တွေ၊ ခန့်မှန်းချက်တွေ ပြောဆိုတော့မှာ မဟုတ်ဘူးလို့ ခေတ်ပြိုင် အင်တာဗျူးမှာ ကတိပြုသွားခဲ့လေတော့ နောက်ထပ်ဗြောက်အိုးသံတွေနဲ့ စိတ်အနှောက်အယှက် ဖြစ်ရတော့မှာ မဟုတ်ဘူးလို့ တွေးပြီး ရှေ့ဆက်ရမယ့် တိုက်ပွဲအတွက် အားတက်သွားမိပါတော့တယ်။

ဒေါက်တာလွဏ်းဆွေ

No comments: