Sunday, August 17, 2014

ဘုံရန်သူသည် အာဏာရှင်စနစ်

သရ၀ဏ်(ပြည်)
(စောင့်ကြည့်ဂျာနယ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

၁၉၉၅ တွင် ဧည့်လမ်းညွှန်သင်တန်းတက်စဉ်အခါက သင်တန်းတွင် ဆရာတယောက်က မေးဖူးသည်။

“ကျွန်တော်တို့ ခင်ဗျားတို့ ပြောပြောနေတဲ့ 'အီစလံဝေ' ဆိုတဲ့ မြန်မာစကားဟာ ဘယ်ကဆင်းသက်လာတာလဲ၊ သိကြလား”

ကျွန်တော်တို့က အဓိပ္ပာယ်ကိုတော့ သိသည်။ အီစလံဝေသည် ဆိုခြင်းမှာ တခုခုနှင့် ထိခိုက်မိ၍ နာကျင်သွားသည်၊ နစ်နာသွားသည် ဆိုသော အဓိပ္ပာယ်ရမည်ထင်သည်။ သို့သော် ဤစာလုံးသည် ဘယ်က ဘယ်လို ဆင်းသက်လာသလဲတော့ ကျွန်တော်တို့ မသိရိုးအမှန်။ ထိုအခါ ဆရာက ရှင်းပြသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတုန်းက လွတ်လပ်ရေးခရီးပန်းတိုင်ဟာ အတော်ကြိုးစားရဦးမယ်၊ ခရီးဟာ အဝေးကြီး သွားရဦးမယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ အင်္ဂလိပ်လို It is a long way လို့ ပြောခဲ့ကြတယ်။ အဲဒီကမှ အတိုကောက်အနေနဲ့ It's a long way လို့ ပြောကြတယ်။

အချို့ကလည်း မြန်မာသံဖလှယ်ပြီး အစ်စလောင်းဝေးလို့ ရေးရာကနေ အီစလံဝေ ဖြစ်လာတာကွဟု ပြောခဲ့ဖူးလေသည်။ ဆရာ ပြောတာ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း သေသေချာချာ မသိ။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ကြည့်တော့လည်း အီစလံဝေမှာ မပါသဖြင့် နိုင်ငံခြားစကားကို မွေးစားယူသည်ဆိုခြင်းမှာ ဖြစ်နိုင်ပေသည်။ ဆရာမောင်ခင်မင်-ဓနုဖြူနှင့် တွေ့မှ မေးရဦးမည်။ မည်သို့ပင်ရှိစေ ခရီးအရှည်ကြီး သွားရဦးမယ် (It's a long way) ဆိုသော စာလုံးကို ကျွန်တော် အတော် သဘောကျသွားသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းရှည်ကြီးတွင် ရှေးမြန်မာတို့သည် မိမိတို့ဘိုးဘွားလက်ထက်က ရွှေမှန်ကင်းထင်းဖြစ်ခဲ့ရသော ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးကို အင်္ဂလိပ်တို့ထံမှ နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ကြသည်။ ထိုတောင်းဆိုချက်များကို နိုင်ငံရေးပရိယာယ်ကြွယ်ဝလှသော ကမ္ဘာပတ်၍ အရှင်သခင် လုပ်လာသည့် နေမ၀င်အင်ပါယာအရှင် အင်္ဂလိပ်တို့သည် အသာတကြည်နှင့် ပေးအပ်ခဲ့ခြင်းမဟုတ်၊ နည်းအမျိုးမျိုးနှင့် လွတ်လပ်ရေး မပေးရရန် ကောက်ကျစ်စဉ်းလဲခဲ့ကြသေးသည်။ သူတို့၏ မူဝါဒမှာ မြန်မာအချင်းချင်း မညီမညွတ်ဖြစ်ရန် အမြဲတမ်း သွေးကွဲစေမည့်ကိစ္စများကို အဆက်မပြတ် ဖန်တီးပေးထားခြင်းဖြစ်သည်။ ထိုမှသာ မြန်မာများသည် အချင်းချင်း ငြင်းခုံရန်ဖြစ်နေရတာ၊ စိတ်ဝမ်းကွဲနေရတာနှင့် နယ်ချဲ့ဆန့်ကျင်ရေးဘက်သို့ လှည့်မလာနိုင်မှာဖြစ်သည်။

ထိုမဟာဗျူဟာအရ ငါးထောင်စား အမတ်နေရာများတွင် မြန်မာနိုင်ငံရေးသမားများ ရာထူးယူ၍ ၀င်ရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းခဲ့သည်(ထိုခေတ်က ငါးထောင်ကျပ် ဟူသော လစာငွေသည် အလွန်များပြား၍ မက်လောက်စရာဖြစ်ပါသည်)။ ထိုအခါ မျိုးချစ်နိုင်ငံရေးသမားများကြား ရာထူးယူကာ အင်္ဂလိပ်နှင့် ပေါင်းလုပ်လိုသူများနှင့် ရာထူးမယူလိုသူများဟူ၍ နှစ်ဖွဲ့ကွဲသွားတော့သည်။ ထို့နောက်တွင် ဟုမ္မရူးတို့၊ ကိုးဆယ့်တစ်ဌာနအုပ်ချုပ်ရေးကို လက်ခံသင့် လက်မခံသင့်ကိစ္စေပ်ါလာကာ ကွဲကြပြန်သည်။ ထို့နောက် နယ်ချဲ့အင်္ဂလိပ်က မြန်မာ့နိုင်ငံရေးနှင့် လူမှုရေးတွင် အကြီးမားဆုံး အငြင်းအခုံဖြစ်စေမည့် တွဲရေးခွဲရေးပြဿနာကို ပြဿနာမဖြစ်ဖြစ်အောင် ရှေ့တန်းတင် ပွဲထုတ်လာလေသည်။ မြန်မာနိုင်ငံသည် ထိုစဉ်က အင်္ဂလိပ်လက်အောက်ဝယ် အိန်္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်သွတ်သွင်းကာ အုပ်ချုပ်ခြင်းကို ခံနေရချိန်ဖြစ်သည်။ အင်္ဂလိပ်သည် မြန်မာနိုင်ငံကို အိန်္ဒိယလက်အောက်အဖြစ် သွတ်သွင်းအုပ်ချုပ်တုန်းက မည်သူ့ကိုမျှ မတိုင်ပင်ခဲ့ဘဲ လုပ်ခဲ့ပါလျက် နဂိုမူလအတိုင်း ပြန်ခွဲထုတ်ကာနီးမှ တွဲမလား ခွဲမလားဟု ဆန္ဒခံယူစေသည်မှာ သဘောရိုးဖြင့် မဟုတ်ချေ။ မြန်မာ့လူ့ဘောင်တွင် ကြီးမားသော စိတ်ဝမ်းကွဲမှုကြီးဖြစ်ကာ မူလဘုံရန်သူဖြစ်သော နယ်ချဲ့အင်္ဂလိပ်နှင့် အဓိကရည်မှန်းချက်ဖြစ်သော လွတ်လပ်ရေးကို မြန်မာတို့ မျက်ခြည်ပြတ်သွားစေရန်ဖြစ်သည်။

ရွာမှာလည်း တွဲရေးနှင့် ခွဲရေးသမားတို့ ကွဲကြသည်။ မြို့မှာလည်း ကွဲကြသည်။ ရဟန်းသံဃာချင်းပင် တွဲရေးကိုယ်တော်နှင့် ခွဲရေးကိုယ်တော်တို့ ငြင်းခုံရန်ဖြစ်ကြသည်။ မိသားစုထဲမှာ စိတ်ဝမ်းကွဲကြသည်။ တွဲရေးကိုယ်တော်ကို ခွဲရေးဒကာက ဆွမ်းမလောင်းနိုင်ဟု ဆန်္ဒပြကြသည်။ ခွဲရေးကိုယ်တော်က တွဲရေးဒကာ၏ သာရေးနာရေးကို မကြွဟု တင်းခံသည်။ လွတ်လပ်ရေးတောင်းဖို့ကို မေ့ကုန်ကြကာ မြန်မာတွေ ရန်ဖြစ်တော့သည်။ ဘုံရန်သူ အင်္ဂလိပ်မှာ မြန်မာတို့ ရန်ပွဲကို ပြုံးပြုံးကြီး ကြည့်နေသည်။ သူတို့ဆင်သည့် အကွက်ထဲမှာ အားလုံးမျောပါကုန်သည်။

လွတ်လပ်ရေး ပေးရကာနီးတွင် တောင်တန်းနှင့်ပြည်မသားများကိုပင် သွေးခွဲလိုက်သေးသည်။ စက္ကူဖြူစာတမ်းဆိုတာ လုပ်လိုက်သေးသည်။ လွပ်လပ်ရေးပေးတော့လည်း နိုင်ငံသားအချင်ချင်း ရန်တိုက်ထားခဲ့သေးသည်။ နောက်တော့ အင်္ဂလိပ်တို့၏ အကောက်ဥာဏ်ကို မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ နားလည်သွားခဲ့ကြပြီး ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ သခင်၊ ကျောင်းသား၊ မြေပေါ်မြေအောက် ၀ါရင့်နိုင်ငံရေးသမားများ အားလုံးပါဝင်သော ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းလိုက်ကြသည်။ လွတ်လပ်ရေးသည် အဓိက ရည်မှန်းချက်၊ ဘုံရန်သူသည် နယ်ချဲ့ဝါဒ။ မြန်မာ့နိုင်ငံရေးတွင် အဖွဲ့အစည်းပေါင်းစုံ ပထမဆုံး ညီညွတ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာပြည်သူတွေမှာ သနားဖို့ကောင်းသည်။ လွပ်လပ်ရေးရီးသည် ရှည်လျားခဲ့ပြီး ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်သောခေတ်မှာလည်း ကြာရှည်အေးချမ်းစွာ မနေရ။ ပြည်တွင်းစစ်ဖြစ်သည်။ ရောင်စုံသူပုန်ထသည်။ စစ်အာဏာအသိမ်းခံရသည်။ ဆင်းရဲမွဲတေမှုက တနိုင်ငံလုံးဆီသို့ ကူးစက်ရောဂါလို ပျံ့နှံ့သွားသည်။ မြန်မာသည် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံဖြစ်သွားသည်။ ထိုအချိန်တွင် အာဏာရှင်များ၊ အာဏာရှင်ကို စီးပွားဖြစ်အောင် လုပ်ပေးနိုင်သော လုပ်ငန်းရှင် ခေတ်ပျက်သူဌေးများ အဆမတန် ကြွယ်ဝချမ်းသာလာကြသည်။ အာဏာရှင်အဆက်ဆက်သည် တိုင်းပြည်အရေးထက် ပုဂလိက အကျိုးစီးပွားကိုပဲ ကြည့်ကြသည်။ ဘယ်သူသေသေ ငတေမာပြီး ရောလုပ်ကြသည်။ စစ်အစိုးရ သည် စီးပွားရေးမူဝါဒလေးတချက်ပြင်လိုက်ရုံနှင့် တိုင်းသူပြည်သားများ ကောင်းကျိုးချမ်းသာရသွားမည့်ကိစ္စမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကာ ကိုယ်ကျိုးစီးပွားကို အသေဆုပ်ကိုင်ထားသည်။ သိသာထင်ရှားသော ကိစ္စနှစ်ခုမှာ ကားပါမစ်ကိစ္စနှင့် တယ်လီဖုန်းမူဝါဒများဖြစ်သည်။ ဈေးကွက်ကို ဖွင့်ချလိုက်ပါက မြန်မာနိုင်ငံသား လုပ်သားပြည်သူအားလုံး ဖုန်းသုံးနိုင်မည်၊ ကားစီးနိုင်မည်ကို သိပါလျက် ပြည်သူ့မျက်နှာကို မကြည့်ဘဲ မိမိနှင့် မိမိနီးစပ်ရာ အာဏာရှင်တစု ချမ်းသာရေးကိုပဲ ကြည့်ခဲ့ကြသည်။ မှောင်ခိုဈေးကွက်အတွင်း၌ လက်ကိုင်တယ်လီဖုန်းတလုံးကို ကမ္ဘာပေါ်တွင် မကြားဖူးသော ဂင်းနစ်စံချိန်တင် ဈေးနှုန်းဖြစ်သည့် ဆင်းကတ်တခု ကျပ်သိန်း ၄၀ ပေါက်ဈေးဖြင့် ကြောက်ခမန်းလိလိ စတင်ဖွင့်လှစ်ခဲ့သည်။ တရားဝင် ကောက်ယူသောဈေးက ၁၅ သိန်း။

သို့သော် တယ်လီဖုန်းတလုံး တရားဝင်လမ်းကြောင်းမှ သာမန်ပြည်သူလူထုထံ ရောက်ဖို့ဆိုတာ လူ့ပြည်က အပ်တစင်းနှင့် ဗြဟ္မာ့ပြည်က အပ်တစင်း ဆုံမိဖို့ထက် ခက်ခဲသည်။ ထို့ကြောင့် သုံးချင်သူများ မှောင်ခိုမှ ၀ယ်ရသည်။ မှောင်ခိုဆိုသော်လည်း ဖုန်းကတ်များကို ဗုံးပေါလအောကိုင်ပြီး ပြန်ရောင်းစားနေသည်မှာ အာဏာရှင်အသိုင်းအ၀ိုင်းပဲဖြစ်သည်။ နောက်တော့ အပြင်ပေါက်ဈေးမှာ ၃၅ သိန်း၊ ထိုမှတဖန် သိန်း ၃၀ ဖြစ်သည်။ ၂၀၀၃ တွင် ကျွန်တော် အလုပ်အတွက် အရှိမဖြစ် လိုအပ်လွန်းသဖြင့် GSM ဆင်းကတ်တကတ် ၀ယ်လိုက်ရာ ၂၉ သိန်း ပေးရပါသည်။ ဒါတောင် အပိုင်မရ စာချုပ်တွင် တယ်လီဖုန်းကို အငှားချထားလိုက်သည် ဆိုသော မောက်မာလွန်းသည့် စာချုပ်တခုကို လက်မှတ်ထိုးလိုက်ရသေးသည် (မငှားချင်တော့၍ ပြန်အပ် မည်ဆိုတော့လည်း ရူးချင်ယောင်ဆောင်ကာ ငွေပြန်မပေးတော့ပေ)။ လူတွေသည် ကိုယ်ပိုင်ဖုန်းလည်း မကိုင်နိုင်၊ ကိုယ်ပိုင်ကားလည်း မစီးနိုင်။ ထမင်းနပ်မှန်ဖို့ကိုသာ ကျန်တာတွေကို အသာထား၍ ကြိုးစားကြရလေသည်။ ထိုသို့ ဒုက္ခပေါင်းစုံကို နှစ်ပေါင်းမျာစွာ (၁၉၆၂ မှ ၂၀၁၄ အထိ ၅၂ နှစ်) ခါးစည်းခံခဲ့ရသည်။

ယခုအခါ ဆက်သွယ်ရေးကဏ္ဍ၌ ဆင်းရဲသားပြည်သူများ အသက်ရှူချောင်တော့မည့် အရိပ်အယောင်များ ပေါ်လာသည်။ MPT ခေါ် မြန်မာ ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်း Sim ကတ်များကို (၁၅၀၀)ကျပ် ဖြင့် မဲဖောက်ရောင်းချပေးလာသည် (လိုချင်သူ လိုသလောက် မရသေး)၊ အော်ရီဒူးနှင့် တယ်လီနော ဖုန်းကုမ္ပဏီကြီးများမှ ၁၅၀၀ ကျပ်ဖြင့် ဆင်းကတ်များ ရောင်းချပေးမည်ဟု အပြိုင်ကြော်ငြာကြသည်။ အော်ရီဒူးက ပို၍ လက်သွက်ကာ ၁-၈-၂၀၁၄ မှ စကာ ဖုန်းကတ်များ တကတ်လျှင် ၁၅၀၀ ကျပ်ဈေးဖြင့် စတင်ရောင်းချပေးခဲ့သည်။

သို့သော် မြန်မာလူမျိုးတို့ကား နိုင်ငံရေး၊ ဘာသာရေးတိုက်ကွက်တခု မရှိလျှင် မနေတတ်သောလူမျိုးပေလောမသိ၊ တမျိုးထွင်လာကြပြန်ပေ၏။ တွဲရေးဂိုဏ်းနှင့် ခွဲရေးဂိုဏ်းကွဲကြသလို အော်ရီဒူးဂိုဏ်းနှင့် တယ်လီနောဂိုဏ်း ကွဲကြပြန်သည်။ အစ္စလာမ်နိုင်ငံမှ လာရောက်စီးပွားရှာ သော အော်ရီဒူးကို အမျိုးဘာသာသာသနာရှုထောင့်မှ ဆန့်ကျင်သည့် အနေဖြင့် ဖုန်းများ မ၀ယ်ကြနှင့်ဟု ကြွေးကြော်သူက ကြွေးကြော်သည်။ အော်ရီဒူးဖုန်းကတ်တခု ၀ယ်သုံးမိသည်နှင့် အမျိုးသားသစ္စာဖောက်လိုလို၊ သာသနာဖျက်လိုလို။ အမျိုးမစောင့်သူတယောက်လိုလို။ အဆင့်နိမ့်သူတယောက်လိုလို အလိုလို သမုတ်ခံရတော့သည်။ အနှစ်ငါးဆယ်ကျော်ခန့် အစိုးရအဆက်ဆက်၏ လူရာမသွင်းမှုကြောင့် ခေတ်ပေါ်ပစ္စည်းတခုနှင့် နီးစပ်ခွင့်မရခဲ့သော ဆင်းရဲသား သာမန်ပြည်သူများသည် ကံအကြောင်းသင့်၍ အများသူငါလို ဖုန်းကလေး ၀ယ်သုံးမိကာမှ အမျိုးသားသစ္စာဖောက်သဖွယ် ရှုမြင်ခံရသည်ကား မည်သည့်အချက်ကို အရင်းတည်၍ ပြောသည်ဖြစ်စေ တရားမျှတမှု မရှိချေ။

မေးစရာရှိသည်မှာ အားလုံးက မ၀ယ်၍ အော်ရီဒူးကုမ္ပဏီ ပြုတ်သွားပါ့မလား။ အော်ရီဒူး မရှိတာနှင့်ဘဲ မြန်မာနိုင်ငံမှာ အစ္စလာမ်ဝါဒ မရှိတော့ဘူးလား။ မူဆလင်တွေ အားလုံးကုန်သွားမလား။ အော်ရီဒူးသို့ ပေးလိုက်သော ငွေများသည် ဗလီတည်ဆောက်ရေးလုပ်ငန်းတွေမှာ သုံးလိမ့်မည် ဆိုတာရော ယုတ်္တိယုတ္တာရှိပါ့မလား။ အော်ရီဒူး မလာခင်ကတည်းက အရှေ့အလယ်ပိုင်းမှ ရေနံသူဌေးနိုင်ငံများနှင့် OIC တို့က ပြည်တွင်းမှ ဘာသာရေးသမားအချို့ကို ထောက်ပံ့နေခဲ့သည်မဟုတ်ပါလား။ အော်ရီဒူး ရှိရှိ မရှိရှိ ဗလီကတော့ ရှိနေခဲ့ပြီးသားမဟုတ်လား။ စဉ်းစားစရာတို့ များလှသည်။

တကယ်တော့ ကျွန်တော်သည် အော်ရီဒူး တန်းတန်းစွဲ ပုဂ်္ဂိုလ်တယောက် မဟုတ်ပါပေ။ သို့သော် နည်းမှန်လမ်းမှန် စဉ်းစားကြဖို့ကိုသာ လိုလားပါသည်။ တကယ်တမ်း မြန်မာပြည်သူများ ဖုန်းကို ငမ်းငမ်းတက် လိုချင်လာအောင် လုပ်ခဲ့သူမှာ ယခင်က အုပ်ချုပ်ခဲ့သော မ-ဆ-လ၊ န-၀-တ၊ န-အ-ဖ စစ်အစိုးရများဖြစ်သည်။ သူတို့သာ အများပြည်သူသုံးဖုန်းကို အိမ်နီးချင်းနိုင်ငံများလို တဆင့်ချင်း ဖြေလျှော့ပေးခဲ့လျှင် အော်ရီဒူးထံမှလည်း မည်သူကမျှ ယခုလို တိုးကြိတ် ၀ယ်ယူနေမည် မဟုတ်ချေ။ တဖန် မြန်မာနိုင်ငံသည် ဘာသာရေးနှင့်ပတ်သက်လာလျှင် အထိအခိုက်မခံမှန်း သိပါလျက်နှင့်Digicel လို စင်္ကာပူမှ Sing Tel တို့လို၊ ပြင်သစ်မှ Orange လို၊ ဂျပန်မှ Maruneni တို့လို တင်ဒါလျှောက်ထားခဲ့သော ကမ္ဘာကျော် ဆက်သွယ်ရေးကုမ္ပဏီကြီးများကို ကျော်လွန်၍ အော်ရီဒူးလို အရှေ့အလယ်ပိုင်းနိုင်ငံမှ ကုမ္ပဏီကို လိုင်စင်ချထားပေးလိုက်သူများကိုသာ အပြစ်တင်ဖို့သင့်သည်။ ထိုသို့မဟုတ်ပါဘဲ အောက်ခြေမှ နင်းပြားများကိုသာ မူဆလင်နိုင်ငံမှ ပစ္စည်းမို့ ၀ယ်မသုံးကြနှင့် ၀ယ်သုံးသူသည် အမျိုးဘာသာကို မစောင့်သူဖြစ်သည် ဆိုသည့် လေသံမျိုး ပြောလာကြခြင်းမှာ ပြည်သူလူထုကို မစာနာရာကျပေသည်။

တယ်လီဖုန်းဆိုသည်မှာ သိပ္ပံပညာ၏ အသီးအပွင့်တခု၊ လူတို့၏ အသုံးအဆောင်ဖြစ်သည်။ လျှပ်စစ်ကို စတင်တွေ့ရှိခဲ့သူ ဖာရာဒေးသည် အစ္စလာမ်ဘာသာဝင်လား၊ ခရစ်ယာန်လား ကျွန်တော်တို့ စိတ်မ၀င်စားပါ။ အဓိက,က သင်၏အိမ်မှာ မီးလင်းဖို့ဖြစ်သည်။ တယ်လီဖုန်းကို တီထွင်သူ ဂရေဟမ်ဘဲလ်မှာ ဗုဒ္ဓဘာသာဖြစ်နေလဲ မူဆလင်တွေက သုံးကြမည်ဖြစ်သည်။ လေယာဉ်ပျံကို တီထွင်သူ ရိုက်ညီနောင်သည် ခရစ်ယာန်ဖြစ်သဖြင့် မူဆလင်တို့ လေယာဉ်မစီးကြနှင့်ဟု ပြောနေလဲ မည်သူကမျှ လိုက်နာကြမည်မဟုတ်။ လူတို့သည် မိမိဘာသာကို ချစ်ခင်လေးစား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော်လည်း မိမိနှင့် ဘာသာမတူတာနှင့် စီးပွားရေးပိတ်ဆို့မှုလုပ်ရန်ကား မလိုအပ်လှပေ။ ကိုယ်မကြိုက်၍ ကိုယ်မ၀ယ်တာကိုတော့ အပြစ်ပြောစရာမရှိပေ။ သူတပါး ၀ယ်သည်ကို ကန့်ကွက်ရှုတ်ချသူများကိုသာ ဆိုလိုပါသည်။

ကျွန်တော်လည်း ဗုဒ္ဓဘာသာဖြစ်ပါသည်။ မိမိဘာသာကို အသက်ထက် ချစ်မြတ်နိုးပါသည်။ သို့သော် မရောင်ရာဆီမလူးသင့်ပါ။ အကယ်၍ အချို့လူများ ဟောပြောပို့ချနေသလို မူဆလင်ဆိုင်၊ မူဆလင်ကုမ္ပဏီထံမှ အားမပေးကြဖို့ ကပ်သီးကပ်သပ် ပြောနေကြလျှင် ကျွန်တော်တို့သည် မလေးရှားနိုင်ငံမှ တင်သွင်းသော စားအုန်းဆီများကိုလည်း မစားကြဖို့သာ ရှိသည်။ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံများမှ တင်သွင်းလာသော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ၊ အင်ဂျင်ဝိုင်များဖြင့် ပြေးဆွဲခုတ်မောင်းသော မော်တော်ကား၊ မီးရထား၊ လေယာဉ်၊ သင်္ဘော၊ ဆိုင်ကယ် စသည်တို့ကို မစီးရုံဘဲ ရှိတော့သည်။ ပြည်တွင်းဖြစ် သဘာဝဓာတ်ငွေ့ဖြင့်သော်လည်းကောင်း၊ န-အ-ဖ အစိုးရ၏ မဟာစီမံကိန်းကြီးမှ ထွက်ရှိသော ကြက်ဆူဆီဖြင့်သော်လည်းကောင်း ယာဉ်ရထားများကို ပြေးလွှားခုတ်မောင်းစေရုံသာ ရှိတော့၏။ သို့မဟုတ် စက်ဘီးသော်လည်းကောင်း ခြေလျှင်သော်လည်းကောင်း၊ နွားလှည်းဖြင့်သော်လည်းကောင်း ခရီးသွားကြဖို့သာ ရှိပေ၏။

ကျွန်တော့်အမြင်ပြောရလျှင် မြန်မာနိုင်ငံတွင် အချို့နိုင်ငံရေးပါတီကြီးများသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မနိုင်မှာကို စိုးရိမ်စိတ်တွေ ၀င်နေ၏။ ထို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကွဲအပြဲတွေ ဖြစ်စေချင်သဖြင့် ထိလွယ်ရှလွယ်သော ဘာသာရေးဖြင့် စိတ်ဝမ်းကွဲအောင် (ကိုးဆယ့်တစ်ဌာနအုပ်ချုပ်ရေးတို့၊ တွဲရေးခွဲရေးတို့၊ ရာထူး ယူရေးမယူရေးတို့ အင်္ဂလိပ်တို့ လုပ်သလို) လုပ်ချင်နေပုံရ၏။ အော်ရီဒူးဂိုဏ်းနှင့် တယ်လီနောဂိုဏ်း ကွဲသောအခါ တောမီးလောင်လျှင် တောကြောင်အကြိုက်ဖြစ်ပေ၏။ ထို့နောက် ရွေးကောက်ပွဲကာလသို့ ရောက်သောအခါ လူကြိုက်နည်းသဖြင့် ရှုံးလုလုဖြစ်နေသောပါတီများသည် အမျိုးဘာသာကို ကာကွယ်စောင့်ရှောက်လိုက သူတို့ပါတီသို့ မဲပေးကြရန်ဟူသော လုပ်ပေါက်မျိုးဖြင့် စည်းရုံးလာကြမည်ကို မြင်ယောင်သေးသည်။

တကယ်တော့ မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီကို အပြည့်အ၀ မရသေးပါ။ မြန်မာတို့အတွက် ရည်မှန်းချက်ပန်းတိုင်သည် ဒီမိုကရေစီဖြစ်ပြီး အားလုံးဆန့်ကျင်ရမည့် ဘုံရန်သူသည် အာဏာရှင်စနစ်ဖြစ်ပါသည်။ ထိုအာဏာရှင်စနစ်ကြောင့်သာလျှင် မြန်မာသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးမှ အဆင်းရဲဆုံးနိုင်ငံဘ၀သို့ ရောက်ခဲ့ရပေသည်။ ထိုအာဏာရှင်စနစ်ကြောင့်သာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆိတ်သုဉ်းခဲ့ရသည်။ အာဏာရှင်စနစ်ကြောင့်သာလျှင် မြန်မာသည် သခင်မျိုးဟေ့ ဒို့ဗမာမှ အိမ်ဖော်တင်ပို့သောနိုင်ငံအဖြစ်သို့ ရောက်ခဲ့ရသည်။ ထိုအာဏာရှင်စနစ်ဆိုးကြောင့်သာလျှင် တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ဒိုင်းနမိုက်ဖြင့် ဗုံးခွဲခြင်းခံခဲ့ရသည်။ ထိုအာဏာရှင်စနစ်ကြောင့်သာလျှင် နိုင်ငံရပ်ခြား၌ မြန်မာလူငယ်များ မျက်နှာမွဲမျက်နှာပြာဖြင့် အလုပ်ကြမ်းများ လုပ်နေကြရသည်။ ထိုစနစ်ဆိုးကြောင့်သာလျှင် နိုင်ငံရေးအကျဉ်းသားဟူသည် ရှိလာခဲ့သည်။ ထိုစနစ်ဆိုးကြောင့်သာလျှင် စတုတ္ထမဏ္ဍိုင်ကို လှဲဖြိုခြင်းခံခဲ့ရသည်။ ထိုစနစ်ဆိုးကြောင့်သာလျှင် စစ်ဘေးရှောင်ပြည်သူများများ ဒုက္ခသည်စခန်းသို့ ရောက်နေကြရသည်။ ထိုစနစ်ဆိုးကြောင့်သာလျှင် လူတစု ကျိကျိတက် ချမ်းသာပြီး တိုင်းသူပြည်သား မိဘပြည်သူများ လူလုံးမလှ ဖြစ်နေခဲ့ကြသည်။ ထိုစနစ်ဆိုးကြောင့်သာလျှင် မြန်မာနိုင်ငံ၏ ပညာရေးနှင့်ကျန်းမာရေးသည် အဖက်ဖက်က နိမ့်ကျခဲ့၏။ ထိုစနစ်ကြောင့်သာလျှင် တရားစီရင်ရေးသည် ပြည်သူလူထုဘက်မှာ မရှိတော့ဘဲ ပြိုကျပျက်စီးခဲ့ရပါသည်။ အမှောင်လွှမ်းသောခေတ်ကို ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုခေတ်မှ ရုန်းထွက်ဖို့ဆိုတာ အားလုံး ညီညွတ်မှဖြစ်မည်။ တယောက်ကိုတယောက် အပြစ်တင်နေခြင်းဖြင့် ဘာမှကောင်းမလာနိုင်။ ကျောင်းသား၊ နိုင်ငံရေးသမား၊ ပြည်သူလူထု၊ တတ်သိပညာရှင်များ ရည်ရွယ်ချက်တခုတည်း ရှိဖို့လိုသည်။ တကယ်အပြစ်တင် တိုက်ခိုက်ရမည့်သူကို မမြင်ဘဲ တိုင်းသူပြည်သား နင်းပြားအချင်းချင်း ရန်ရှာနေခြင်းသည် သားသတ်ရုံသို့ သွားနေရင်း အချင်းချင်း ထိုးဆိတ်နေသော ကြက်ခြင်းထဲမှ ကြက်တွေနှင့် အလားသဏ္ဌာန်တူပေ၏။

တိုက်ချင်ခိုက်ချင်စိတ်သာရှိ၍ ရန်သူကို မြင်အောင် မကြည့်နိုင်သောအခါ ကြက်ခြင်းနိုင်ငံရေး ဖြစ်သွားတတ်ပါသည်။ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် ရဖို့ သွားရမည့်ခရီးသည် အတော်ဝေးသေး၏။ It's a long way ဟု ပြောသော် ရနိုင်ပါ၏။ အစ်စလောင်းဝေးမှသည် အီစလံဝေမဖြစ်ဖို့ကတော့ ကျွန်တော်တို့ ပြည်သူအချင်းချင်း ညီညွတ်ဖို့ လိုပါသည်။ ပါးနပ်ဖို့ လိုပါလိမ့်မည်။ ကြက်ခြင်းထဲက ကြက်တွေလို အချင်းချင်း ခွပ်မနေကြဖို့ လိုပါသည်။

သရ၀ဏ်(ပြည်)

No comments: