Sunday, August 17, 2014

မြန်မာ့ဆက်သွယ်ရေး (MPT) ကို ကန်ဒေါ်လာ သန်း ၁၉၀ နီးပါး ရလိုမှုဖြင့် တရားစွဲမည့် I.I (WS) Limited ဌာနေကိုယ်စားလှယ် ဒေါက်တာမြတ်နုခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

“ကိုယ်ဆုံးရှုံးတာကို လူတိုင်းက ပြန်လိုချင်တာပဲလေ … အဓိက ဂုဏ်သိက္ခာပါ”
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့ဂျာနယ်၊ အတွဲ ၃ - အမှတ် ၂၃

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် West SAMOA အခြေစိုက် I.I (WS) Limited တို့သည် အဆိုပါ Limited ၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြတ်နုခိုင်၏ ကြားဝင် စေ့စပ် ညှိနှိုင်းမှုများအရ ဖိလစ်ပိုင်မှ အိန္ဒိယနိုင်ငံသို့ တယ်လီဖုန်း ခေါ်ဆိုမှုများကို မြန်မာနိုင်ငံက ကြားခံအဖြစ် ဆက်သွယ်ပေးရေး ဆိုင်ရာ သဘောတူညီချက် စာချုပ်တစ်ရပ်ကို ၂၄-၁၁-၁၉၉၉ ရက်နေ့တွင် ထိုစဉ်က ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်ဝင်းတင် ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသဘောတူ စာချုပ်အရ I.I (WS) Limited ၏ ဖိလစ်ပိုင်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဖုန်းခေါ်ဆိုမှုများ ကို မြန်မာနိုင်ငံက ငှားရမ်းထားသော ဂြိုဟ်တု ထရန်စပွန်ဒါကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး တစ်လလျှင် ခေါ်ဆိုမှု မိနစ် တစ်သန်းဖြင့် ခုနစ်နှစ်အထိ သုံးစွဲခွင့်ရမည် ဖြစ်သည်။

အဆိုပါစာချုပ် လက်မှတ်ရေးထိုးပြီးနောက်တွင် MPT ဘက်မှ စာချုပ်ပါ သဘောတူညီချက်များကို တစ်ဖက်သတ် ရပ်ဆိုင်းခဲ့ရာ I.I (WS) Limited ၏ဌာနေကိုယ်စားလှယ် ဒေါက်တာမြတ်နုခိုင်မှာ စီးပွားရေး ဆုံးရှုံးမှု၊ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှုဆိုသည်မှာ ယခင်အစိုးရ လက်ထက်အတွင်း ၎င်းအား မြန်မာပြည် သို့ ပြန်လည် ၀င်ရောက်ခွင့် မပေးခဲ့ဘဲ ပြည်ပတွင် သာ နိုင်ငံကူး လက်မှတ်အား သက်တမ်းတိုး၍ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ MPT ဘက်မှ စာချုပ်ချိုးဖောက်မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုအနေဖြင့် စက်ပစ္စည်း တပ်ဆင်မှုအတွက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ သန်း၊ အိန္ဒိယသို့ ဖြတ်သန်းခေါ်ဆိုမှု ခုနစ်နှစ်စာအတွက် ကန်ဒေါ်လာ ၈ ဒသမ ၄ သန်း၊ တစ်မိနစ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃ နှုန်းဖြင့် ခုနစ်နှစ်စာအတွက် ကန်ဒေါ်လာ ၂၅ ဒသမ ၂ သန်းနှင့် ဒေါက်တာမြတ်နုခိုင်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုတို့အတွက် ကန်ဒေါ်လာ သန်း ၁၅၀ အထိ ရှိကြောင်းနှင့် နစ်နာမှုများအား ဖြေရှင်းပေးရန်အတွက် MPT သို့ သတိပေး အကြောင်းကြားစာ (နို့တစ်) နှစ်ကြိမ်ပေးပို့၍ ဖြေရှင်းပေး ရန် တောင်းဆိုထားသည်။ ယင်းတောင်းဆိုချက်များ မရရှိပါက MPT သို့ တရားစွဲဆို သွားမည်ဖြစ်ရာ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဒေါက်တာမြတ်နုခိုင်နှင့် တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။

● I.I (WS) မှာ တာဝန်ယူခဲ့တဲ့ အပိုင်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

I.I (WS) မှာ အန်တီက ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူတယ်၊ ဌာနေကိုယ်စားလှယ် တစ်နှစ် တာဝန်ယူ ပြီးတော့မှ အဲဒီကုမ္ပဏီရဲ့ ဒါရိုက်တာ Shareholder ဖြစ်သွားတယ်။ ၁၉၉၈ ခုနှစ်လောက်က စပြီးလုပ်တာပေါ့။

● MPT နဲ့စပြီး စာချုပ်ချုပ်ခဲ့တဲ့ ခုနှစ်လည်း သိချင်ပါတယ်။

၁၉၉၉ နိုဝင်ဘာ ၂၄ ရက်ပါ။

● စာချုပ်ချုပ်ပြီး နောက်ပိုင်းမှာရော လုပ်ဆောင်ရတဲ့ အပိုင်းမှာ အခက်အခဲရှိလား။

အခက်အခဲတော့ သိပ်မရှိပါဘူး။ အဲဒီတုန်းက I.I (WS) ဆက်သွယ်ရေး လုပ်ငန်းပိုင်းဆိုင်ရာ အင်ဂျင်နီယာက ၃ ရက် တစ်ခါလောက် ဆက်သွယ်ရေးကို လာရှင်းပြတော့ အခက်အခဲတော့ သိပ်မရှိပါဘူ။

● I.I (WS) နဲ့ မြန်မာ့ဆက်သွယ်ရေးစပြီး လုပ်ကိုင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

သူ့ Proposal အရ ဆွေးနွေးကြတာပေါ့့၊ နေ့တိုင်းလိုလို ၃ ပတ် နီးပါးလောက် ဆွေးနွေးရတယ်။ အဲဒီတုန်းက ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ဝင်းတင်က တော်တော်ကြိုးစားတယ်။ I.I (WS) ရဲ့ ဥက္ကဋ္ဌ မစ္စတာ တားလာဆင်းနာရူးလာရယ်၊ ၀န်ကြီးရယ်၊ အင်ဂျင်နီယာချုပ် ဦးတင့်လွင်တို့ရယ် ဆွေးနွေးကြတာပေါ့။ အဲဒီလို အကျေအလည် ဆွေးနွေးပြီးတော့မှ စာချုပ်ချုပ်ဆိုတာပါ။

● စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း MPT အနေနဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ပထမ တစ်ချက်မှာ စာချုပ်ပါအတိုင်း အကောင်အထည် ဖော်တာပေါ့။ စာချုပ်ထဲမှာပါတဲ့ ဖိလစ်ပိုင် အခြေစိုက် မြေပြင် စခန်းမှာ အပေါ်က uplink, downlink ခေါ်တာပေါ့။ အတက်အဆင်း ဖြတ်သန်းရမယ့် ဟာတွေ၊ အိန္ဒိယက ဘုံဘေနဲ့ မက်ဒရက်(စ်) နှစ်မြို့ကို အသံဆင်းမှာဆိုတော့ စက်ကိရိယာပိုင်းနဲ့ အချိန်ကုန် သွားတာပေါ့။ တစ်နှစ်ကြာတဲ့အခါမှာ အဆင်သင့် ဖြစ်သွားတဲ့သဘောပေါ့၊ မူလပင်မစာချုပ်က မြန်မာနိုင်ငံထဲကို Test Call ဆင်းတဲ့ အဆင့်မပါဘူး။ တစ်နှစ်အတွင်းမှာ အင်ဂျင်နီယာချုပ်က ၀န်ကြီးအမိန့်နဲ့ မြန်မာနိုင်ငံထဲကို စက်ကိရိယာတွေ တပ်ဆင်ပြီးတဲ့ အခါမှာ Test လုပ်ပါပေါ့။ အသံရဲ့ ကြည်လင်ပြတ်သားမှု၊ အသံရဲ့ ခေါ်ဆိုနိုင်မှု၊ ကြံ့ခိုင်မှုအတွက် နံပါတ်တွေ ပေးတာပေါ့။ နံပါတ် ၈ သောင်းပေးတယ်။ ခေါ်ရမှာပေါ့ Test ၊ အဲဒီလိုပေးတဲ့ အချိန်မှာပဲ အားလုံးက ရပ်သွားတာ၊ အန်တီတို့က အကြိမ်ကြိမ် ဆက်သွယ်ပါတယ်။ သူတို့က ဘာမှ အကြောင်းမကြားဘဲ လုံးဝ ရပ်ဆိုင်းသွားတာပေါ့။ အကောင်အထည် ဖော်ပြီးကာမှ စာချုပ်ပါ စည်းကမ်း တွေကို ဖောက်ဖျက်သလို ဖြစ်နေတာပေါ့။ အဲဒီလိုဖြစ်စဉ် ဖြစ်နေတဲ့ အချိန်မှာပဲ (၂၀၀၂) (၂၀၀၃)ထိ စောင့်ပါတယ်။ နောင်ဝန်ကြီး အပြောင်း ဗိုလ်ချုပ်ဝင်းတင်ပြီးတော့ ဗိုလ်ချုပ်သိန်းဇော် လက်ထက်အထိ ကြိုးစားသေးတယ်။ ၂၀၀၃ နောက်ပိုင်းမှာ တခြားနိုင်ငံကို ရောက်သွား တာပေါ့။ ပြည်တွင်းကိစ္စလေးတွေ တချို့နဲ့ ပုဒ်မကြီးတွေ တပ်ထားတော့ ဘာအဆက်အသွယ်မှ မလုပ်နိုင်တော့ဘူး။ စာချုပ်သက်တမ်း ၂၀၀၇ ကုန်တဲ့ အချိန်မှာတော့ ဘာမှ မတတ်နိုင်တော့ဘူးပေါ့။ အဲဒီအချိန်ထိလည်း အကြောင်း မပြန်ပါဘူး။

● ၂၀၀၃ ခုနှစ်လောက်အထိ စောင့်တယ်ဆိုတော့ I.I (WS) အနေနဲ့ရော အန်တီ့ကို ဖိအားပေးတာမျိုးတွေ ရှိလား။

တအားဖိပေးတာပေါ့၊ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေ၊ ဆုံးရှုံးမှုတွေလည်း များတယ်၊ လျော်သင့် သလောက် လည်း လျော်ခဲ့တယ်။ အခြားလူတွေလို ကုမ္ပဏီက ကြိုတင်ငွေတွေနဲ့ လုပ်ဆောင်ထားတာ မဟုတ်ဘူး။ အန်တီက ဒါရိုက်တာတစ်ဦး ဖြစ်တော့ မြန်မာနိုင်ငံရဲ့ အစအဆုံး ကုန်ကျစရိတ်က အန်တီ့စရိတ်တွေပဲ ဆိုတော့ I.I (WS) အပေါ်မှာ ပေးဆပ်စရာ ဘာမှမရှိဘူး၊ မအောင်မြင်တဲ့ ဆုံးရှုံးမှု တစ်ခုပဲရှိတယ်၊ ကုမ္ပဏီက နစ်နာ ထားတာ တွေကိုတော့ ပြန်ပေးရတာပေါ့။

● ခုနပြောတဲ့ ပြည်တွင်းကအမှု ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးလို့ရမလား။

သင်္ဃန်းကျွန်းမှာ မိတ်ဆွေ တစ်ယောက်နဲ့ မြေ ၃ ဧကခွဲလေး ၀ယ်ထားတာပေါ့။ ကျူးကျော်ပေမယ့် သူတို့က အသာတကြည် ဖယ်ပေးတယ်။ ဆောက်လုပ်ရေးက ၂၈ ကွက်ဆိုပြီး ဆောက်မယ်လုပ်တော့ အန်တီတို့က အဲဒီမြေကို အစိုးရဘဏ်မှာ သိန်း ၁၅၀၀ နဲ့ အပေါင်ထားတယ်။ အဲဒီကိစ္စပေါ့၊ အန်တီက ဆပ်ပြီးပြီ။ တစ်ဖက်က Share တွေကို ဘာမှမယူဘဲ အလျှော့ပေးတော့ ဆပ်ဖို့ အဲဒီမိတ်ဆွေမှာ တာဝန်ရှိပေမယ့် အဲဒီမိတ်ဆွေဆပ် တာကို အစိုးရက မစောင့်နိုင်ဘူး။ သူ့ကိုပါ ဖမ်းတာပေါ့။ အဲဒီပုဒ်မနဲ့ပေါ့၊ အိမ် ၂ လုံး ရှိတာ ရောင်းပြီး အကုန် လျော်လိုက်တာပေါ့၊ အန်တီ့ အဖေအိမ် တက်ဖမ်းတယ်။ ဖမ်းတာ Notice ပေးတာမရှိပါဘူး။ အဲဒီကစပြီး အန်တီ ထွက်သွားတာပေါ့။ ဦးခင်ရီ လက်ထက်ပေါ့၊ ဒီကို ပြန်ရောက်တော့ ၂၀၁၃ အောက်တိုဘာမှာပေါ့။ အမှန်တရား ဆိုတာက ဘယ်တော့မှ တိမ်မြုပ်နေမှာ မဟုတ်ပါဘူး။
● MPT ကို တရားစွဲဖို့ ပြင်ဆင်တဲ့ အပိုင်းအနေနဲ့လည်း သိချင်ပါတယ်။

စင်ကာပူမှာ I.I (WS) ရဲ့ဥက္ကဋ္ဌနဲ့ တာဝန်ရှိတဲ့ သူနဲ့တွေ့ဆုံလာတာပေါ့။ လွန်ခဲ့တဲ့ ဧပြီလကပေါ့။ တရားစွဲဆိုရင် အန်တီထင်တာ Chance များတယ်။ စွဲဆိုနိုင်တယ်။ ဆက်သွယ်ရေး လုပ်ငန်းဆိုပေမယ့် နိုင်ငံတော်နဲ့ ဖြစ်တာပေါ့။ အလျှော့ပေးပို့ အစီအစဉ်တော့ မရှိပါဘူး။ နိုင်ငံနဲ့ ယှဉ်ပြီး တရားစွဲတဲ့နေရာမှာ ဆရာဝန် အငြိမ်းစား တစ်ယောက်အနေနဲ မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် အန်တီ့ကုမ္ပဏီရဲ့ အဓိကတာဝန်ကျတဲ့ သူတွေက သူတို့ရဲ့ အဓိကကျတဲ့ US နိုင်ငံမှာ တရားစွဲတဲ့အတွက်ကြောင့် လမ်းစရိတ်လောက်ပဲ ကုန်မယ်လို့ သိထား တယ်။ ကိုယ်ဆုံးရှုံးတာကို လူတိုင်းက ပြန်လိုချင်တာပဲလေ။ အဓိက ဂုဏ်သိက္ခာပါ။ သူတို့လို နည်းပညာ တိုးတက်နေတဲ့ နိုင်ငံကြီးတစ်ခုက ကန်ထုတ် ခံလိုက်ရတာ အန်တီညံ့လို့ပဲ ဆိုတာ လက်မခံနိုင်ဘူး။ ကြိုးစားခဲ့တာပဲလေ။ နောက်ပိုင်း စစ်ဆေးစုံစမ်းပြီးတော့မှ သိလိုက်ရတာက အဓိက တာဝန်ရှိတာက MPT ပဲဆိုတာ သိရတဲ့အချိန်မှာ သူတို့က ခွင့်လွှတ်တယ်။ သူတို့က ကူညီပံ့ပိုးမယ်။ လာဖို့ အစီအစဉ်လည်း အဆင့်သင့် ရှိတယ်။ အန်တီကိုယ်တိုင် အန်တီ့နိုင်ငံသား right ကို ဖြေရှင်းချင်တယ်။

● တရားစွဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီး MPT ကို ဘယ်လိုအကြောင်း ကြားထားတာမျိုးရှိလဲ။

MPT ဘက်ကို notice (၂)ကြိမ်ပို့ပြီးပြီ။ ပထမအကြိမ်က မေလ၊ ဒုတိယအကြိမ်က သြဂုတ်လ (၇)ရက်ကမှ ပို့တာပေါ့။ ပထမအကြိမ်တုန်းက notice ပို့ပြီး တော်တော်ကြာမှ chief engineer စောစိုင်းလင်းထွန်း ကနေပြီးတော့ we are checking ဆိုပြီး ပြန်ပို့တယ်။ ဒုတိယအကြိမ်ပို့ပြီး (၂)ပတ်စောင့်မယ်။ (၂)ပတ်စောင့်လို့ သူတို့ဘက်က အကြောင်းမပြန်ရင် မူလအစီအစဉ်အတိုင်း တရားစွဲဆိုမှာပါ။

● အရင်တုန်းကဆိုရင် ဖုန်းဈေးတွေက အရမ်းမြင့်တယ်။ အခု နောက်ပိုင်းမှာတော့ MPT က တဖြည်းဖြည်းနဲ့ လျော့ကျ လာတယ်။ ပြည်ပကုမ္ပဏီတွေကို လက်ခံလာတယ်။ အဲဒီအပေါ်မှာ အန်တီ့အမြင်လေး ပြောပြပါဦး။

သူရောင်းတဲ့ဖုန်းက ၁၅၀၀ မဟုတ်လား။ ဥပမာ ကားရောင်းပြီး ကားမောင်းမယ့် လမ်းမရှိရင် ဘယ်လိုလုပ်မလဲ။ အသံခေါ်ဖို့ ဖုန်းနံပါတ် ရတာမှန်ပေမယ့် ဒီအသံထုကြီးရဲ့ နေရာ၊ အသံလှိုင်းသွားမယ့် ဧရိယာ အဲဒါတွေ မရှိဘဲနဲ့ ဘယ်လိုလုပ်ရမလဲ။ သူတို့ရဲ့ SEA ME WE ကရော ဘယ်လောက်ကြာကြာ တိုင်းပြည်အတွက် အသုံးတော်ခံ နိုင်မလဲ။ ကိုယ်ပိုင် Satellite ရှိမှ၊ ဖုန်းခေါ်ဆိုနှုန်းကကျ Satellite မတတ်နိုင်တဲ့ Sanction ထိထားတဲ့ နိုင်ငံ တစ်ခုဟာ ဘယ်လို Satellite မှာ အသံထွက်ပြီး ရနိုင်မလဲ။ အော်ရီဒူး၊ တယ်လီနော ပိုက်ဆံရှိလို့ လာလုပ်လည်း Sanction မလွတ်ဘူးလေ။ SEA ME WE ထဲမှာ အော်ရီဒူးရော၊ တယ်လီနောရော ထိပ်တိုက် ရင်ဆိုင်ရမှာပဲ။ အော်ရီဒူး ရောင်းတော့ အော်ရီဒူး Test Call တွေ လာလုပ်တယ်။ ဒါပေမဲ့ ၃၁ တွေ ၃၂ တွေ လိုင်းဖြုတ် ထားတော့ ဘယ်လိုလုပ်မလဲ၊ လည်နေတဲ့ အ၀ိုင်းလေးကို ကြည့်နေရတဲ့ internet က သူများနိုင်ငံမှာ မရှိဘူး။ မလေးရှားမှာ ရင်းဂစ် ၁၅၀ နဲ့ လူ ၅ ယောက် ဆွဲသုံးလို့ ရတယ်။ ကိုရီးယား တစ်ကားကို မိနစ် ၃၀ နဲ့ download ပြီးတယ်။ လည်နေတဲ့ အ၀ိုင်းလေးကို ကြည့်နေရတာဟာ အသံသွားတဲ့ လမ်းကြောင်း မရှိလို့သာ မှတ်ရမှာပေါ့။

● ကိုယ်ပိုင် satellite မရှိဘဲ ပြည်ပက ဆက်သွယ်ရေး ကုမ္ပဏီတွေကို လက်ခံနေရ တာကိုရော အန်တီ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဒါက MPT မှာ တာဝန်ရှိတယ်။ MPT ဟာ ပြည်သူကို ညာတယ်လို့ တပ်အပ် ပြောနိုင်တယ်။ ရိုးသားစွာနဲ့ ရှင်းပြရရင် ဆင်းကတ် အလကားပေးတောင် ၀မ်းမသာဘူး။ satellite ရှိလားလို့ မေးမယ်လေ၊ ရှိစေချင်တာပေါ့။ ဆက်သွယ်ရေးတင် မဟုတ်ဘူးပေါ့။ မြန်မာတစ်နိုင်ငံလုံးကို ကြည့်မယ်ဆိုရင် ပွင့်လင်းမြင်သာမှု မရှိသလောက် ဖြစ်နေတယ်။ ပြည်သူနဲ့ အုပ်ချုပ်သူ အစိုးရ သူတို့ပြောတဲ့ မဏ္ဍိုင်တွေက လက်ပွန်းတတီး နားလည်မှု ရှိရမှာလေ။ အဲဒါမှလည်း အဆင်ပြေမှာလေ။ MPT မှာလည်း သူတို့အမိန့် နာခံရတာများတော့ အပေါ်လည်း အမှန်တရား မတင်ပြနိုင်ဘူး။ ပြည်သူကိုလည်း အမှန်တရား မချပြနိုင်တော့ MPT အနေနဲ့လည်း ဘာဆက်လုပ်မှာလဲ မသိဘူး။ ဆက်ညာနေဦးမှာပေါ့။

● ဖုန်းခေါ်ဆိုနှုန်းကလည်း MPT အနေနဲ့က လျှော့ချပေးဖို့ စဉ်းစားဆဲ အဆင့်ပဲ ရှိသေးတယ်ပေါ့။ လက်ရှိ အစိုးရ လက်ထက်မှာ MPT အနေနဲ့ ဒါကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါသလား။

သူများဟာကို ငှားသုံးရင် ငှားခ ပေးရတယ်လေ။ အဲဒါဆို သုံးစွဲတဲ့ ပြည်သူက ပိုပေးရတာ။ ကိုယ်ပိုင်ဆိုရင် နိုင်ငံတော်ပိုင် တင်ထားရင် လျှော့မှာပေါ့။ ဈေးနှုန်းလျှော့ချဖို့ဆိုရင် ကိုယ်ပိုင်ကို ရှိရမယ်။ satellite မှမဟုတ်ဘူး ကိုယ်ပိုင် နည်းလမ်း ရှိရမှာပေါ့။ ဒါက MPT မှာ တာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာတွေ သိမှာပေါ့။ ဒီလိုမှ မဟုတ်ရင် တယ်လီဖုန်း ခေါ်ဆိုခ လျှော့ချဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပျားရည်နဲ့ ၀မ်းချနေတာ လားတော့ မသိဘူး။

● MPT နဲ့ ပတ်သက်ပြီး တခြား ဖြည့်စွက် ပြောချင်တာမျိုး ရှိရင်ပြောပေးပါဦး။

နောင်လာမယ့် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာက သူတို့ပြောနေသလို တိုးတက် ပြောင်းလဲဖို့ reform လုပ်နေတာ ဆိုပြီး ပြောနေပေမယ့် ကိုယ်ထိသလို သူများလည်း အဲလိုဖြစ်မှာ စိုးတယ်။ Foreign Investment ကို Protect လုပ်တဲ့ ဥပဒေက တိတိကျကျ မရှိတာရယ်၊ မလိုက်နာ တာရယ်ကြောင့် အလကာပဲ။ အဲဒါကြောင့် ဒါကို alert (နှိုးဆော်)တာပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ ဒါမျိုး အဖြစ်အပျက်လည်း ရှိတယ် ဆိုတာမျိုးပေါ့။ ပြည်သူကတော့ မလျော်နိုင်တော့ဘူး။ KDDI ဂျပန်က ၂ ဘီလီယံ ပေးလိုက်တဲ့ ပိုက်ဆံတွေက ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းရှိတယ်။ ၂ ဘီလီယံ ပေးလို့ ဂြိုဟ်တု(၁၅)လုံး အလုံး(၂၀) တင်ပေမယ့်လည်း You are under sanction, don’t forget ဆိုတာ ရှိသေးတယ်။ ဒီ sanction မဖြည်ဘူးလား ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါက်တယ်။ ဂျပန် ကုမ္ပဏီကလည်း ဒီ Loan ချေးငွေကိုလည်း ဆင်ဆင်ခြင်ခြင် ပေးရတာပေါ့။ ဂျပန်ရဲ့ ၂ ဘီလီယံလည်း ရေစုန်မျောသွားမှာ စိုးလို့ပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို alert လုပ်လိုက်တာပေါ့။ ပြည်သူ တွေကို နစ်နာအောင်ပြောတာ မဟုတ်ပါဘူး။ ပြည်သူတွေက ၀န်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ ကောင်းအောင် တစ်ခု လုပ်ရင် ပိုပို လေးနေတယ်ဆိုတာ မြင်လို့ပါ။

MPT ကို တရားစွဲမည့်ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ခန်းမငှားရမ်းရာတွင် ငြင်းပယ်ခံနေရ
သဉ္ဇာဆွေ၊ မြန်မာသံတော်ဆင့ဂျာနယ်၊ အတွဲ ၃ - အမှတ် ၂၃
ရန်ကုန်၊ သြဂုတ် ၁၁

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ကို အမေရိကန် အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သည့် I.I (WS) Limited ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်နှင့် ဌာနေ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြတ်နုခိုင်က ၁၉၉၉ ခုနှစ်တွင် ချုပ်ဆို ခဲ့သည့် ကတိပဋိညာဉ် စာချုပ်ပါ စည်းကမ်းများကို ဖောက်ဖျက်၍ ၎င်းအနေဖြင့် နစ်နာ ဆုံးရှုံးမှုများ ရှိသည့်အတွက် MPT ကို တရားစွဲဆိုမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် ခန်းမ ငှားရမ်းရာတွင် သက်ဆိုင်ရာ အာဏာပိုင်များသို့ ခွင့်ပြုမိန့် တင်ပြီးမှသာ ငှားရမ်းခွင့် ပြုမည်ဟု ခန်းမ တာဝန်ခံများက ပြောဆိုကြောင်း I.I (WS) Limited ဒါရိုက်တာဘုတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်အေးက သြဂုတ် ၁၁ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် West SAMOA အခြေစိုက် I.I (WS) Limited တို့သည် ဖိလစ်ပိုင်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တယ်လီဖုန်း ဆက်သွယ်မှုများကို မြန်မာနိုင်ငံက ငှားရမ်းထားသော ဂြိုဟ်တု ထရန်စပွန်ဒါကို အသုံးပြု၍ ဆက်သွယ်ပေးပို့ရန် ၁၉၉၉ ခုနှစ်တွင် သဘောတူညီချက် စာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့သော်လည်း MPT က လုပ်ငန်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက် တရားစွဲဆိုရခြင်း ဖြစ်သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

“သက်ဆိုင်ရာ မြို့နယ်ရုံးတွေမှာ ခွင့်ပြုချက်ရမှ ငှားမယ်ဆိုပြီး သက်ဆိုင်ရာ ခန်းမငှားတဲ့သူတွေက ပြောတယ်။ သတင်းစာ ရှင်းလင်းပွဲတွေ အများစု လုပ်နေတဲ့ တော်ဝင်နှင်းဆီက ပြောတာပေါ့။ MJN က ကျတော့ ပွဲတစ်ပွဲကို ခေါင်းစဉ် တစ်ခုအောက်မှာပဲ လုပ်ရမှာလို့ ပြောတယ်။ MPT ကို တရားစွဲဖို့ notice ပေးထားတဲ့ ရှေ့နေကလည်း နိုင်ငံရေး ပါတီတစ်ခုက ဖြစ်နေတော့ သူ့ပါတီကိစ္စတွေ ပြောဖို့ဆိုဖို့ရှိတော့ ခေါင်းစဉ် ၂ ခု ၃ ခုနဲ့ ပွဲလုပ်လို့ မရဘူးလို့ ပြောတာပေါ့။ ဒီပွဲကိုတော့ မြန်မြန် ဖြစ်စေချင်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့် အဖြစ်အပျက် တစ်ခုကို မီဒီယာကနေတစ်ဆင့် ချပြချင်တယ်။ ပြန်လည် တင်ပြလို့ရတဲ့ အချိန်မှာ မီဒီယာကနေ တစ်ဆင့် ချပြချင်တယ်” ဟု I.I (WS) Limited ဒါရိုက်တာဘုတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်အေးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို တရားစွဲရန် သတိပေး အကြောင်းကြားစာ (နို့တစ်) ပေးသည့် တရား လွှတ်တော်ရှေ့နေ ဦးအေးမြင့်(လမ်းပြကြယ်)က “MPT ကို တရားစွဲရမှာ ဖြစ်တဲ့အတွက် ခန်းမငှားရမ်း သူတွေက သက်ဆိုင်ရာကို ကြိုတင်ခွင့်ပြုမိန့် တောင်းပါ ဆိုတဲ့ ဥပဒေကို ကိုင်လာတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ ပထမအကြိမ် သတိပေး အကြောင်းကြားစာ (နို့တစ်)ကို မေလတွင် ပေးပို့ခဲ့ပြီး ဒုတိယအကြိမ် နို့တစ်စာကို သြဂုတ် ၅ ရက်တွင် ပေးပို့ခဲ့ပြီးနောက် ၂ ပတ်ခန့် စောင့်ဆိုင်းမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ အကြောင်းပြန်ခြင်း မရှိပါက မူလ အစီအစဉ်အတိုင်း တရားစွဲဆိုမည် ဖြစ်ကြောင်း I.I (WS) Limited ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်နှင့် ဌာနေ ကိုယ်စားလှယ် ဖြစ်သူ ဒေါက်တာမြတ်နုခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

No comments: