Friday, July 4, 2014

ကျပ်မပြည့် ဒီမိုကရေစီဟု မင်းကိုနိုင် ပြော

ဂျွန်ချစ်ငြိမ်း
Mizzima - Friday, 04 July 2014

လက်ရှိဖွဲ့စည်းပုံအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့တွင် ပြည်သူတို့ ရာနှုန်းပြည့် ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ ပါဝင်နိုင်ခြင်းမရှိ၍ ရရှိထားသည့် ဒီမိုကရေစီသည် ကျပ်မပြည့်သဏ္ဌာန်သာဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။

တောင်ကြီးမြို့၊ ဟုတ်ကြန့်ခန်းမတွင် ဇူလိုင် ၃ ရက်က ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“၁၀၀ မှာ ၂၅ ယောက်က ပြည်သူလူထုမရွေးဘဲ ပါလာသူတွေဖြစ်တဲ့အတွက် ကျပ်မပြည့်တဲ့ ဒီမိုကရေစီ၊ ကျပ်မပြည့်တဲ့ ဥပဒေပြုမှု၊ ကျပ်မပြည်တဲ့ တရားစီရင်ရေး၊ ကျပ်မပြည့်တဲ့ အုပ်ချုပ်ရေးတွေ ဖြစ်ပေါ်နေပါ တယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။ ယင်းသည် လွှတ်တော်များအတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းနှင့် တပ်မတော်က နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေခြင်းကို ရည်ညွှန်းခြင်းလည်း ဖြစ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုခြင်းသည် လာမည့်ရွေးကောက်ပွဲအတွက်မဟုတ်ဘဲ တိုင်းရင်းသားများအားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာစေရန်အတွက် ပြင်ဆင်လိုခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ယင်းသို့ဖြစ်ပေါ်ရန် တိုင်းရင်းသားတို့တွင် ဖက်ဒရယ် ပြည်ထောင်စုအခွင့်အရေးများရရှိရန် လိုအပ်သည်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

တစ်ချိန်သောကာလက ဖက်ဒရယ်ဆိုလျှင် ခွဲထွက်မည်၊ ပြည်ထောင်စုပြိုကွဲတော့မည်ဟု ၀ါဒဖြန့် သွေးခွဲခဲ့မှုများကို ယနေ့အချိန်တွင် မှားယွင်းသည်ကို သက်သေပြရန် တိုင်းရင်းသားများဘက်က ခွဲမထွက်ဟူသော သက်သေများပြသရန် လိုအပ်နေပြီ ဟု ဦးမင်းကိုနိုင်က တိုက်တွန်းခဲ့သည်။

လူကို လူချင်း ကျွန်လိုသဘောထားသည့် အခြေခံဥပဒေ၏ ကျွန်များမဟုတ်သည်ကို သက်သေပြရန်၊ အများပြည်သူထက် အခွင့်ထူးခံတွေ နေရာယူထားသည့်အချက်များကို ပြင်ဆင်ဖို့ရန် ပုဒ်မ ၄၃၆ ကိုဦးစွာ ပြင်ရန် လိုအပ်ခြင်းဖြစ်သည်ဟု ဦးမင်းကိုနိုင်က ပြောသည်။ ဟောပြောပွဲသို့ လူ ၁,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်း
- အခြေခံဥပဒေပြင်ဆင်ရေး- တောင်ကြီး (ရုပ်သံ) click

No comments: