Friday, July 4, 2014

ဦးဆန်းဆင့် လွတ်မြောက်ရေး ဆန္ဒပြသူကို ရဲတပ်ဖွဲ့မှူး အမှုဖွင့်

စည်သူမောင်မောင်
ပုသိမ်၊ မဇ္ဈိမ - Wednesday, 02 July 2014

သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးထိန်းသိမ်းကာ ရာထူးမှ အနားပေးလိုက်သဖြင့် ပြစ်ဒဏ်မှ လွတ်မြောက်ရန် ဧရာဝတီတိုင်းသားများက ဇူလိုင် ၁ရက်က တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ရာ ဦးဆောင်သူ ဦးထွန်းထွန်းဦးကို စီတန်းလှည့်လည်ရန် ခွင့်ပြုမိန့် တောင်းခံထားသည့် အကြောင်းအရာထက် ပိုမိုလုပ်ဆောင်သည့် ပုဒ်မ ၁၉ဖြင့် ဇူလိုင်လ ၂ရက်က ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းတွင် အမှုဖွင့်လိုက်သည်။

“ခွင့်ပြုချက်ပါ အကြောင်းအရာတွေထက် ပိုမိုဆောင်ရွက်လို့ အမှုဖွင့်ထားတာပါ၊ သတ်မှတ်ချက်ပါ ဆိုင်းပုဒ်တွေ ကြွေးကြော်သံတွေမှာ တင်ပြထားတာထက် ကျော်ပြီးတော့ လုပ်လို့မရပါဘူး၊ ခွင့်ပြုချက်မှာ လက်ကိုင်ဆိုင်းပုဒ် ၅ခု၊ ကြွေးကြော်သံ ၅ခု ပါရှိတယ်”ဟု ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဦးသိန်းဇော်ဦးက မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်သူများက "ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေး" "ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်း မခံရဘဲ အချုပ်အနှောင်မှ ကင်းလွတ်ရေး" "အမှန်တကယ် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူများအား အရေးယူခွင့် ရရှိရေး" "အမှန်တကယ် ကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ပေးရေး" အစရှိသည့် ကြွေးကြော်သံများဖြင့် ဇူလိုင်လ ၁ရက်က ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ပွဲ့ကို လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်က ဦးဆောင်ကာ ဧရာဝတီတိုင်း အတွင်းရှိ ငပုတော၊ ကျုံပျော်၊ သာပေါင်းနှင့် ပုသိမ်မြို့မှ ဧရာဝတီတိုင်းသား ၈ဝ က နံနက် ၁ဝနာရီတွင် ပုသိမ်မြို့ ကံသာယာဘောလုံးကွင်းအတွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်ကြပြီး နံနက် ၁၁နာရီတွင် မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ရာမှာလည်း အဓိကလမ်းမကြီးဖြစ်သည့် မဟာဗန္ဓုလလမ်းမှ ဖြတ်သန်းသွားခွင့်မပြုဘဲ လူနေရပ်ကွက်များထဲမှ လမ်းသွယ်များမှသာ ဖြတ်သွားခွင့် ပြုခဲ့သည်။ ဆန္ဒဖော်ထုတ်သူများ လှည့်လည်သွားမည့် လမ်းကြောင်းကိုလည်း ဒေသအာဏာပိုင်များက ချပေးထားခြင်း ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများက မဇ္ဈိမကို ပြောသည်။

“အခု အမှုဖွင့်ခံရတာကို အကြောင်းကြားစာတော့မရသေးဘူး၊ ဆိုင်းပုဒ်တွေ တင်ပြချက်နဲ့ ပိုများလို့ ထင်တယ်။ လက်ကိုင်ဆိုင်းပုဒ်တွေ တင်ပြထားတာထက် များရင် တာဝန်ရှိသူက ပြောသင့်တယ်၊ ဆက်လုပ်ရင်တော့ ၁၂ နာရီအတွင်း စာထုတ်အကြောင်းကြားသင့်တယ်၊ အခုက အဲဒီလိုလည်း မဟုတ်ဘူး၊ ဖွဲ့ စည်းပုံမှာပါတဲ့ ပုဒ်မ ၃၅၄ နိုင်ငံသားတယောက် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်တွေဟာ ပုဒ်မ ၁၈ နဲ့ ထိန်းထားခံရတယ်လို့ မြင်တယ်၊ ပုဒ်မ ၁၈ မလိုအပ်တာတွေကို ဖျက်သိမ်းသင့်တယ်လိုလည်းမြင်တယ်”ဟု ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရသူ ဦးထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

ဦးထွန်းထွန်းဦးအား ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းတွင် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ မှူး ဦးကျော်စိုးက တရားလိုပြုကာ (ပ)၁၁၇/၂ဝ၁၄ ပုဒ်မ ၁၉ဖြင့် အမှုဖွင့် ထားခြင်း ဖြစ်သည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ဇွန်လ ၂၅ရက်က ပြင်ဆင်ကာ သမ္မတလက်မှတ်ဖြင့် အတည်ပြုလိုက်ပြီး ပုဒ်မ ၁၉ တွင်ကို ကျူးလွန်ပါက ပြစ်ဒဏ် သုံးလ (သို့မဟုတ်) ငွေဒဏ် ကျပ်တစ်သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ကျခံရမည်ဟု ပါရှိသည်။

No comments: