Monday, July 7, 2014

"ဟေ့ ... ဗိုလ်အောင်ကြည် ... လုပ်ပါဦးကွ" လို့ ချွဲပျစ်မနေတော့ပါ

Aungmyo Tun's Facebook Status

ကျနော် သုံးနေကျ အင်တာနက်ကဖေးမှာ ထိုင်နေရင်း ဆိုင်ထဲဝင်လာသူတွေကို ဆိုင်မန်နေဂျာ ညီငယ်က "ဖေ့စ်ဘုတ်တော့ မရဘူးနော်၊ ကျန်တာ အကုန်လုံးရတယ်" လို့ ဆီးကြိုပြောလိုက်တိုင်း လာသုံးဖို့ ပြင်ဆင်သူအားလုံးလိုလို ချာခနဲ လှည့်ထွက်သွားကြတာ မြင်ရတော့ ဖေ့စ်ဘုတ်စွမ်းပကားကို အသိအမှတ်မပြုလို့ မရအောင်ဖြစ်ခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း ကျော်ခွဝင်ကြည့်တဲ့နေရာမှာ အံတိုအံရင့်နီးပါးရှိပေမယ့် အစိုးရ ၀င်မကြည့်စေချင်တဲ့ကိစ္စကို အပိုကြိုးစားလိုစိတ် မရှိတော့တာကြောင့် အလွယ်တကူဝင်လို့ ရတဲ့ သတင်းဆိုဒ်နဲ့ ဝက်ဘ်ပေ့ခ်ျတွေထဲသာ ကူးချည်ဆန်ချည် လုပ်ရင်း ဧရာဝတီအွန်လိုင်းစာမျက်နှာမှာ တင်ထားတဲ့ ရဲမှူးချုပ်ဝင်းခေါင်ရဲ့  "မှန်ပါတယ်၊ ကျနော်တို့ လုပ်လိုက်တာပါ။ လှုံ့ ဆော်မှုတွေကို ပိတ်ချင်တာပေါ့ဗျာ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ထိန်းသိမ်းရမှာဘဲ။ ရဲစကားနဲ့ ပြောရမယ်ဆိုရင် လိုအပ်ရင် လိုအပ်တဲ့ ပမာဏအထိ နည်းလမ်းမျိုးစုံကို အသုံးပြုပြီးတော့ ဖြေရှင်းရမှာဘဲ" ဆိုတဲ့ လိုအပ်လို့ ဖေ့ဘုတ်ကို ပိတ်တာ ခေါင်းစည်းတပ်ထားတဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရတယ်။ ပြည်ထဲရေးဌာန ကိုယ်စားပြုသူတယောက်ရဲ့ ပြောကြားချက်ဆိုတော့ အစိုးရအဖွဲ့ တိုက်တွန်းမှုလို့ သာ ကောက်ချက်ချမိတာကြောင့် သြော် ငါတို့ ရဲ့ ဖေ့စ်ဘုတ်ကို မသုံးစေချင်တဲ့သူဟာ ဗိုလ်သိန်းစိန်ပါလား ဆိုပြီး အတွေးပေါက်သွားရတယ်။ ဒီအတွေးနဲ့ တဆက်တည်း ဖေ့စ်ဘုတ်ဝန်ကြီး (Minister of Facebook) ရယ်လို့  နာမည်ပေးခံရရှာတဲ့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-၀န်ကြီး ဗိုလ်ရဲထွဋ်တယောက် ဌာနပျောက်မယ့်အရေး စိုးရိမ်စိတ်ဝင်ပြီး ခေါင်းနပန်းကြီးသွားမိသေးတယ်။

ဒါပေမယ့် ဒီနေ့ထုတ် (၅. ၇. ၂၀၁၄) Daily Eleven သတင်းစာမှာ ငါတို့ ပိတ်တာလို့ ဆိုခဲ့တဲ့ ၀င်းခေါင်ရဲ့ အခြားဖြေဆိုမှုတခုမှာ "အဲဒီကိစ္စ ကျနော်တို့ လုပ်တာမဟုတ်ဘူး၊ ပိတ်ဖို့ ညွှန်ကြားတာမျိုးလည်း မရှိဘူး။ ဒီဖေ့စ်ဘုတ်တွေ ဘာတွေဆိုတာ ကျနော်တို့ နဲ့ ဆိုင်လည်းမဆိုင်ဘူး။ ဆက်သွယ်ရေးဘက်က လုပ်တာ" လို့  အဆိုပါ သတင်းစာရဲ့မေးမြန်းမှုကို တုန့် ပြန်သွားတာ ဖတ်ရပြန်တယ်။ ပြည်ထဲရေးဌာန တာဝန်ရှိသူတဦးအနေနဲ့  တရက်အတွင်း သတင်းဌာနနှစ်ခုသို့  ဆန့် ကျင်ဘက် ပြောကြားချက်ကို တွေ့ ရတော့ ပထမ အံ့သြသလိုဖြစ်မိပေမယ့် သေချာစဉ်းစားကြည့်တဲ့အခါ ဗြောင်လိမ်ဗြောင်စား အလုပ်တွေမှာ အသားကျ အရေထူနေတဲ့ အုပ်ချုပ်သူအစိုးရရဲ့ ဗီဇသန္ဓေ မကောင်းတဲ့စရိုက်ကို နားလည်မိတော့ "အေးပါကွာ.. အေးပါ.." လို့ သာ ညည်းတွားရုံမှတပါး ပေါ့ပေါ့ပါးပါး နေဖြစ်လိုက်တော့တယ်။

ဇူလိုင်လ ၃ ရက် ညပိုင်းမှာ ၅ နာရီခန့် တကြိမ်၊ နောက်ရက် ညဦးပိုင်းမှာ ၃ နာရီခန့် မျှ တကြိမ် ဖေ့စ်ဘုတ်ဖြတ်တောက်မှုနဲ့  ပြည်တွင်းနေ နိုင်ငံသားများ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်လောက်ကစပြီး ပြည်တွင်းအင်တာနက်လောကမှာ လူသုံးများလာတဲ့ ဖေ့စ်ဘုတ်ကို (အခြားအွန်လိုင်းစာမျက်နှာများ ဖွင့်ပေးထားပြီး) ၀င်ရောက်သုံးစွဲခွင့် ကန့် သတ်ခဲ့တာဟာ အမှတ်မမှားဘူးဆိုရင် ဒါဟာ ဗွေဆော်ဦးဖြစ်ပါတယ်။ ဒါပေမယ့် နာရီပိုင်းမျှသာ ပိတ်ဆို့ တဲ့ အစိုးရရဲ့ လုပ်ရပ်ဟာ တကယ် ခွင့်မပြုချင်တာထက် "ဖေ့စ်ဘုတ်ပိတ်ကုန်ပြီ" ဆိုတဲ့အသံကို စတိသဘော လွှင့်ထုတ်လိုတဲ့ ရည်ရွယ်ချက်သာ ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ချစ်ခင်စွဲလန်းသူ အများစုရဲ့ စိတ်မှာလည်း "မန္တလေးကြောင့်" ဖေ့စ်ဘုတ်ဖြတ်ပစ်တာလို့ ယူဆလိုက်ကြတာ တွေ့ ရပါတယ်။ ဘာသာရေးအခြေခံတဲ့ မီးရှို့ ဖျက်စီးသတ်ဖြတ်မှုမှုတွေရဲ့ လက်ရင်းပေါက်ကောင်ဟာ "သစ်ထူးလွင်ဘလော့ဂ်" ဖြစ်တယ်လို့  မန္တလေးတိုင်းအစိုးရအဖွဲ့  တာဝန်ရှိသူတွေအပြင် ပြည်တွင်းထုတ် နေ့ စဉ်သတင်းစာ ဂျာနယ်များနဲ့  အခြားမီဒီယာမျိုးစုံက ၀ိုင်းဝန်းလက်ညှိုးထိုးခဲ့ခြင်း၊ နောက်ဆက်တွဲအဖြစ် ဖေ့စ်ဘုတ်သုံးစွဲသူများရဲ့  အမုန်တရားဖြန့် ချိမှုများ ပွထလာခြင်းတို့ ကြောင့် ဖေ့စ်ဘုတ်ဟာ မစားကောင်းတဲ့ သစ်သီးမှည့်တလုံးဘ၀ ရောက်သွားခဲ့ပြီး အခုလို နာမည်ဖျက်ကာ စတိအပိတ်ပြခံလိုက်ရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ လူများစုဘာသာဝင်တွေက လူနည်းစုဘာသာဝင်တွေအပေါ် လူအုပ်စုနဲ့  အကြမ်းဖက် အနိုင်ကျင့်မှုတွေ ကျော်မကောင်း ကြားမကောင်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဖြစ်စဉ်များထဲမှ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ သံတွဲဖြစ်ရပ်များဟာ ထင်ရှားခဲ့ပေမယ့် ယခု မန္တလေးသတ်ဖြတ်ပွဲလို အင်တာနက်စာမျက်နှာတခုကြောင့် စတင်ဖြစ်ပွားရတာလို့  နာမည်တပ်ပြီး တိတိကျကျ စွပ်စွဲတာမျိုး မရှိခဲ့ပါ။ ကိုရင်တပါး သပိတ်ကျကွဲတာ၊ ရွှေဆိုင်ရောင်းမှားဝယ်မှား စတဲ့ လတ်တလောဖြစ်ခဲ့တဲ့ကိစ္စအပေါ် အခြေတည်ပြီး ဖေ့စ်ဘုတ်သုံးစွဲသူတွေရဲ့  ဝေဖန်ရေးသားလှုံ့ ဆော်မှု နောက်ဆက်တွဲ ဂယက်များဟာ အရေးပါတဲ့ကဏ္ဍမှာ နေရာယူခဲ့ပါတယ်။ ဘာသာမတူညီမှုကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ အကြမ်းဖက်မှုတွေတိုင်းမှာ ဖေ့စ်ဘုတ်ရဲ့"တာ"ဟာ ကြီးမားသလို ထိရောက်မှုလည်း နက်ရှိုင်းခဲ့ပါတယ်။ သုံးစွဲသူရဲ့ ဥာဏ်ရည်အခံ အဆပေါ် မူတည်ပြီး ဖေ့စ်ဘုတ်ဟာ မီးတောက်ဖြစ်နိုင်သလို ရေချမ်းစင်လည်းဖြစ်နိုင်ပါတယ်။ တော်ရုံတန်ရုံ ဖေ့စ်ဘုတ်လူသစ်လေးတွေဟာ တစုံတခု ရည်ရွယ်ချက်အတွက် အကွက်စောင့်နေတဲ့ ဖေ့စ်ဘုတ်ကျားများရဲ့ ခံတွင်းဝကို အသိမဲ့စွာ ဆင်းလျှောကျသွားနိုင်ပါတယ်။

ဒီနေရာမှာ ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်အောင်ကြည်ရဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကြမ်း ထုတ်ပြန်ခဲ့မှုနဲ့ ပက်သက်ပြီး ၂၀၁၃ ခု ဇွန်လ ၂ ရက် အမေးအဖြေများထဲက ဖြေဆိုချက်တခုကို ပြန်လည်ဝေမျှ ဖောက်သည်ချချင်ပါတယ်။

"သတင်းအချက်အလက် စီးဆင်းမှု မြန်နှုန်းမြင့်နေတဲ့ အွန်လိုင်းမီဒီယာနဲ့ လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာရော ၀န်ကြီးနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲခင်ဗျာ" လို့ စံတော်ချိန်သတင်းစာရဲ့ အမေးကို "အွန်လိုင်းမီဒီယာအပေါ်မှာ ဘာမှပြောစရာမရှိပါဘူး။ ပိုပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့ အမြင်ကို ထုတ်ဖော်ပြောနေကြတာဘဲလေ။ ဒါကို ဘာမှ ကန့် သတ်ဖို့ လည်း အစီအစဉ်မရှိဘူး။ ချုပ်ချယ်ဖို့ လည်း အစီအစဉ်မရှိဘူး။ တချို့ နိုင်ငံတွေမှာ အွန်လိုင်းမီဒီယာတွေအပေါ်မှာ ချုပ်ချယ်မှုတွေရှိတာ ကြားပင်ကြားငြားသော်လည်း ဒါကို ကျွန်တော်တို့ အတုယူဖို့ မရှိပါဘူး။ ကျွန်တော်တို့ က လွတ်လပ်မှုကို မြတ်နိုးပါတယ်" ဆိုပြီး ဖေ့စ်ဘုတ်အပါအ၀င် လူမှုကွန်ရက်တွေအပေါ် လက်ရှိသမ္မတ ဗိုလ်သိန်းစိန်အစိုးရအဖွဲ့  ၀န်ကြီးအဆင့်တဦးရဲ့  ကျေနပ်ပီတိဖြစ်နေမှုကို ဆန်းစစ်ရပါမယ်။ ဒီစကားကို ဗိုလ်အောင်ကြည် ထုတ်ပြောတဲ့အချိန်ဟာ ဘာသာရေး အခြေခံတဲ့ အုပ်စုဖွဲ့  မီးရှို့ သတ်ဖြတ်မှုတွေ ခေါင်းထောင်လာနေတဲ့ကာလဖြစ်လို့  သူ့ အပြောရဲ့ နောက်ကွယ်မှာ လူမှုကွန်ယက်တွေကို အရေးစိုက်စရာမလိုဆိုတဲ့ သဘောထားဟာ အဓိပ္ပာယ် နှစ်ခွထွက်နေပါတယ်။ ဒီအမေးအဖြေ ပါလာတဲ့ သတင်းစာဖြတ်ပိုင်းလေးကို အဲဒီအချိန်က ကျနော့်ဖေ့စ်ဘုတ်မှာ တင်ခဲ့ပြီး " အွန်လိုင်းတောင်ကုန်းကို သိမ်းပိုက်အုပ်စီးမိထားတဲ့လေသံလား ဒါမှမဟုတ် အတိုက်အခံ နိုင်ငံရေး မွဲတေချွတ်ခြုံကျသွားတာကို သဘောပေါက်ပြီး မမှုတော့တဲ့လေသံလား" ဆိုတဲ့ မှတ်ချက်တကြောင်းလည်း ကွန့် မန့် ဘောက်စ်ထဲမှာ ကျနော် ရေးခဲ့ပါသေးတယ်။ ၄ နှစ်နီးပါးရှိလာပြီဖြစ်တဲ့ ဖေ့စ်ဘုတ်သုံးစွဲသူတယောက်အတွက် အွန်လိုင်းမြို့ ကြီးဟာ ဘယ်သကောင့်သားရဲ့ လက်အောက် ကျရောက်လုဆဲဆဲဖြစ်နေသလဲကို အနီးစပ်ဆုံး ဆ၀ါးနိုင်ခဲ့ပါတယ်။

အုပ်ချုပ်သူအစိုးရဘက်က အင်တာနက်လွတ်လပ်ခွင့်ကို ရာနှုန်းပြည့်ဖွင့်ပေးခဲ့တာဟာ အကြောင်းများစွာရှိပါတယ်။ ယခင် စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ "မီဒီယာကို မီဒီယာနဲ့ တိုက်ရမယ်"ဆိုတဲ့ ကြွေးကြော်သံကို ယနေ့ တိုင် ဒုတ်ဒုတ်ထိ အကောင်အထည်ဖော်နေဆဲဆိုတာ သတိချပ်ရပါမယ်။ ဖေ့စ်ဘုတ်အကောင့်တွေမှာ ပြန်ကြားရေးဌာနရဲ့ဝန်ထမ်းတွေ၊ စစ်ဘက်လက်အောက်ခံဌာနခွဲက စစ်သားတွေ၊ အာဏာရပါတီဘက်က ကျွမ်းကျင်ဝန်ထမ်းတွေနဲ့  အစိုးရကျောထောက်နောက်ခံပြု အမည်မဲ့ အဖွဲ့ အစည်းများရဲ့ အမာခံအဖွဲ့ ဝင်တွေဟာ နာမည်အမျိုးမျိုးတပ်ပြီး အသုံးပြုနေကြပါတယ်။ လူတယောက် အကောင့်ခွဲပေါင်း ဆယ်ဂဏန်းချီပြီး ဖွင့်ထားသလို သူတို့ အများစုဟာ အခပေး ၀န်ထမ်းနဲ့  ကြေးစားများဖြစ်ကြပါတယ်။ စစ်အုပ်စုရဲ့ အာဏာ တည်တံ့ခိုင်မြဲ သက်ဆိုးရှည်ဖို့  ကဏ္ဍအမျိုးမျိုးခွဲကာ အချိန်နဲ့ တပြေးညီ ၀ါဒဖြန့် တဲ့အလုပ်ကို ၂၄ နာရီ မရပ်မနား တက်တက်ကြွကြွ တာဝန်ယူရပါတယ်။ အင်တာနက် လွတ်လပ်ခွင့် အတားအဆီးမဲ့ပေးခြင်းရဲ့  အကျိုးကျေးဇူးကို အရိုးခံ နိုင်ငံသားတွေထက် စစ်အုပ်စုဘက်က မြိုးမြိုးမြက်မြက် အသာစီးရ ခံစားနေပါတယ်။ ဒါကိုသဘောပေါက်တာကြောင့် ပြန်ကြားရေးဝန်ကြီးဟာ "လိုင်းကြိုက်တဲ့မောင်"လို့  သူ့ ကိုယ်သူ ရဲရဲဝံ့ဝံ့ ထွက်ပြောခဲ့တာပါ။ ဖေ့စ်ဘုတ်ဟာ သူတို့ အတွက် တနေ့ ကို ရွှေဥတလုံး မှန်မှန်ဥပေးနေတဲ့ ငန်းဖြူမကြီးတကောင်နဲ့  အလားသဏ္ဍာန်တူပါတယ်။ တချက်တည်း ရိုက်သတ်စားမိလောက်အောင် မရူးနှမ်းကြပါ။

ဒီတော့ မန္တလေးမြို့ က ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်သတ်ဖြတ်ပွဲတွေဟာ အွန်လိုင်းပေါ်က အမှိုက်တစဖြစ်တဲ့ "သစ်ထူးလွင်" စာမျက်နှာကြောင့် မိုးမီးလောင်ခဲ့ရတာပါလို့  ပြောတာဟာ အလုံးစုံ မပြည့်စုံပါလို့  သုံးသပ်ရပါလိမ့်တယ်။ မြေပြင်က အခြေအနေပေါ်မှာ ပဋိပက္ခတခုခု ကြီးကြီးမားမား ပေါ်လာဖို့ အတွက် မိမိလူတွေ ချုပ်ကိုင်ထားတဲ့ အွန်လိုင်းစာမျက်နှာတွေကနေ နိဒါန်းအနေနဲ့  အစပျိုးဖောက်ခွဲမှုကို အခြားကဏ္ဍများနဲ့  တွဲဆက်ပြီး အချိတ်အဆက်မိမိ လုပ်ရတာမျိုးတွေ ရှိလာပါတယ်။ လက်တွေ့  ကွင်းပြင်မှာ ပါဝင်လှုပ်ရှားမယ့် အကြမ်းဖက်သမားများရဲ့  အကွက်ကျကျ ရေရှည် ပြင်ဆင်ထားခဲ့မှုမျိုးစုံကတော့ အဓိက ကျောရိုးဖြစ်ပါတယ်။ ဒါနဲ့ တပြိုင်နက် ဖေ့စ်ဘုတ်ပေါ်မှာ နေရာအသင့်ယူထားကြတဲ့ အမျိုးဘာသာသာသနာသမားများရဲ့ လက်စွမ်းထက်လှတဲ့ အလှော်အညှော်တွေက စည်းဝါးကိုက် ပွဲရှေ့ ထွက်ပြရတယ်။ ဒီအခါ ဖေ့စ်ဘုတ်ကျားခံတွင်းထဲကို ရိုးသားတဲ့အငန့် လေးတွေ စွပ်ခနဲ ၀င်သွားကြပြီး အဲဒီအထဲက တချို့ ဟာ မြေပြင်လှုပ်ရှားမှုတွေမှာ တုတ်တပြက် ဓားတပြက် ပူးပေါင်းလာပါတယ်။ ဒါကြောင့်သာ ဘယ်ကရောက်လာမှန်းမသိတဲ့ လူအုပ်ကြီးထဲမှာ မြို့ ခံလူ မျက်နှာကျက်တွေကို အံ့သြတုန်လှုပ်စွာ တွေ့ လာရတာဖြစ်ပါတယ်။

ကျနော် ဒီစာကြောင်းရေးနေချိန်ဟာ ညမှောင်ခါစ ၆ နာရီခွဲ ရောက်နေပါပြီ။ မကြာခင် ဖေ့စ်ဘုတ် ပိတ်တော့မယ် ထင်ပါတယ်။ "ဟေ့.. ဗိုလ်အောင်ကြည်.. လုပ်ပါဦးကွ"လို့ ချွဲပျစ်မနေတော့ပါ။ ဖေ့စ်ဘုတ် သုံးမရလည်း အညောင်းမမိတာ အမြတ်ထွက်တယ် သဘောပိုက်ပြီး ပေါ်လီယာနာထုံး နှလုံးမူလိုက်ပါတော့မယ်။

No comments: