Sunday, June 29, 2014

UNFC ၊UNA ၊NLD နှင့် ၈၈ မျိုးဆက်အဖွဲ့တို့ မြန်မာ-ထိုင်းနယ်စပ်၌ တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စများ ဆွေးနွေးမည်

ငြိမ်းဇော်လင်း၊ အောင်ဇော်ထွန်း
http://www.news-eleven.com/
June 29, 2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များအဖွဲ့တို့ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်တွင် ဇူလိုင် ၃ ရက်နှင့် ၄ ရက်များတွင် တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများသာမက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ငါးဦးနှုန်းဖြင့် တက်ရောက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ UNA အဖွဲ့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အသစ်ပြန်လည်ရေးဆွဲရေးကိစ္စရပ်တွေ ဆွေးနွေးဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အလုံးစုံမဖြစ်နိုင်မယ်ဆိုတာထက် ဒီလိုဆွေးနွေးမယ်။ အဲဒီက သဘောတူညီချက်တွေရလာရင် ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့အတွက် နည်းလမ်းတွေ၊ လုပ်နည်းလုပ်ဟန်တွေ ရလာမယ်လို့ မြင်ပါတယ်။ အထူးသဖြင့် NLD တို့၊ ၉ဝ ရွေးကောက်ပွဲအနိုင်ရအဖွဲ့တို့က ပုဂ္ဂိုလ်များ၊ ၈၈ အဖွဲ့က ပုဂ္ဂိုလ်များပါတဲ့အတွက်ကြောင့် သူတို့လုပ်တဲ့အခါမှာ ပိုပြီးတော့ထိရောက်မယ်လို့ ထင်ပါတယ်”ဟု UNA အဖွဲ့မှ ဦးအေးသာအောင်က ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက “ UNFC က ဖိတ်တာပါ။ ဦးကိုကိုကြီး ခေါင်းဆောင်တဲ့အဖွဲ့ ငါးဦးပါ ပါမယ်။ ၃ ရက်၊ ၄ ရက် နှစ်ရက်ကြာမှာပါ။ အဓိကကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ကိစ္စပါ။ မဲဆောက်မှာပါ” ဟု ပြောကြားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထုဆန္ဒ သဘောထားကောက်ယူမှုကို တစ်နိုင်ငံလုံး၌ ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့်ပတ်သက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများ စုပေါင်းဖွဲ့စည်းထားသည့် UNA အဖွဲ့မှလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

“ဖိတ်ထားတာကတော့ လူကြီးပိုင်းတွေနဲ့ တွေ့ဖို့ပါ။ ကျွန်တော်တို့သိတာတော့ ငါးဖွဲ့ဖိတ်ထားပါတယ်။ NLD တိုင်းရင်းသားရေးရာအဖွဲ့ဖွဲ့ထားတယ်။ အဲဒါပါတယ်။ အားလုံးပေါင်း ငါးဖွဲ့ပေါ့”ဟု UNFC ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီ တာဝန်ခံမှာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်းသိရသည်။

No comments: