Sunday, June 29, 2014

ယုံကြည်မှုများ တည်ဆောက်ခြင်းဖြင့်သာ ...

သစ်ထွဋ်
http://www.news-eleven.com/
June 28, 2014

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထောက်လှမ်းရေးလို့ အများသိနေကြတဲ့ ရဲသတင်း အထူးတပ်ဖွဲ့က ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ ပုဂ္ဂလိက ပုံနှိပ်သတင်းမီဒီယာ အချို့မှ တာဝန်ရှိသူများကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ရဲသတင်းတပ်ဖွဲ့ရဲ့ အပြုအမူများအပေါ် သတင်းမီဒီယာသမားများက မေးခွန်းထုတ် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

အများပြည်သူ သတင်းသိခွင့်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ သတင်းအထူးတပ်ဖွဲ့ တာဝန်ရှိသူများက ငွေကြေးခ၀ါချမှု တားဆီးကာကွယ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် ပုဂ္ဂလိက သတင်းမီဒီယာများမှ တာဝန်ရှိသူ အချို့ကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်နေပြီး ပုဂ္ဂလိက သတင်းမီဒီယာ အားလုံးကို ခေါ်ယူမေးမြန်းမယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပြီးနောက် သတင်းမီဒီယာသမားများက ယခုလုပ်ရပ်ဟာ ပြုလုပ်သင့်တဲ့ အပြုအမူမျိုး မဟုတ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာတွေကို မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။ ဝေဖန်မှုများတွင် ယင်းလုပ်ရပ်အပေါ် သတင်းလွတ်လပ်ခွင့် တစ်နည်းအားဖြင့် အများပြည်သူ သတင်းသိခွင့်များကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြသလို တရားဝင် လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုတဲ့ အပြုအမူများအဖြစ် ရှုမြင်ကြတာတွေကို တွေ့ရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှလည်း သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

များစွာမသင့်တော်သော ကိစ္စ

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ လက်ရှိထုတ်ဝေနေတဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေသော မီဒီယာများအတွက် တရားဝင်အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ တစ်စုံတစ်ရာ မပါဝင်ဘဲ မီဒီယာများကို ခေါ်ယူခြင်းမှာ များစွာမသင့်တော်သော ကိစ္စဖြစ်ပြီး သတင်းတပ်ဖွဲ့ ယခုလို လုပ်ဆောင်မှုများကို အများပြည်သူ သိရှိစေရန် ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ကြေညာပေးရန်နဲ့ အလားတူကိစ္စမျိုး ရှိပါက တရားဝင် နည်းလမ်းများဖြင့်သော် လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပါရှိခဲ့ပါတယ်။ မကြာမီက မဟာသန္တိသုခကျောင်းတိုက် ၀င်စီးမှုနဲ့ သာသနာရေး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် အရေးယူခဲ့မှုများမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ ဖြစ်ရပ်များအပေါ် ဝေဖန်မှုများနဲ့ အတွင်းကျကျ သတင်းအချက်အလက်များကို မီဒီယာတွေက ထုတ်ဖော်ရေးသားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုလို ပုဂ္ဂလိက မီဒီယာတွေကို ရဲသတင်းအထူးတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှုတွေ ရှိလာတဲ့ အပေါ်မှာလည်း တိုက်ဆိုင်မှုရှိလေတာလားဆိုတာ အများပြည်သူတွေအကြား မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု

တကယ်တော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းမီဒီယာတွေဟာ ဆင်ဆာဖြတ်တောက် ပိတ်ဆို့ခံရခြင်း မရှိဘဲ ရေးသားဖော်ပြခွင့် ရခဲ့တာ မကြာသေးပါဘူး။ လက်ရှိအစိုးရရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ သမ္မတကြီး ဦးသိန်းစိန် တာဝန်ယူခဲ့ပြီး ယင်းရဲ့ မိန့်ခွန်းများမှာ သတင်းမီဒီယာတွေကို နိုင်ငံရဲ့ အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ရှုမြင်ကြောင်း ပါဝင်လာပြီးနောက် ယခင်နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်ရေး အမည်ရတဲ့ သတင်းအချက်အလက်များ ဆင်ဆာဖြတ်တောက်ရေးဌာနကို ပိတ်သိမ်းပြီး လွတ်လပ်တဲ့ သတင်းရေးသား ဖော်ပြခွင့်တွေကို အစိုးရက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အရင်အာဏာသိမ်းအစိုးရ လက်ထက်က အစိုးရအဖွဲ့ သဘောမကျတဲ့ သတင်းအရေးအသား ဖော်ပြမှုများနဲ့ ထုတ်ဝေမှုများအပေါ် ကန့်သတ်ချက်တွေ ရှိခဲ့တာကို ဖြေလျှော့ပေးနိုင်ခဲ့တဲ့အတွက် အများပြည်သူများ အနေဖြင့် သတင်းအချက်အလက်တွေ ပိုသိခွင့် ရှိလာသလို ဒီမိုကရေစီစနစ်မှာ မရှိမဖြစ် ရှိနေဖို့ လိုအပ်တဲ့ သတင်းလွတ်လပ်ခွင့်ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပေးခဲ့တဲ့ အစိုးရအနေနဲ့လည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ရလာတဲ့ လွတ်လပ်ခွင့်နဲ့အတူ ပုဂ္ဂလိက သတင်းမီဒီယာတွေ အများအပြား ပေါ်ထွက်လာခဲ့ရာ ဒီမိုကရေစီ အပြောင်းအလဲတွင် မီဒီယာတွေရဲ့ အခန်းကဏ္ဍမှာလည်း တာဝန်ကြီးတဲ့နေရာသို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ရင်ဆိုင်နေရတဲ့ ပြဿနာ

ဒီနေရာမှာ တာဝန်ကြီးတဲ့ နေရာလို့ သုံးနှုန်းရတာက ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ နိုင်ငံတွေမှာ မီဒီယာတွေရဲ့ ထမ်းဆောင်ရတဲ့ ၀တ္တရားတွေက သိမ်မွေ့နက်နဲပြီး အစိုးရအပါအ၀င် အများပြည်သူတွေအတွက် သတင်းသိခွင့်တွေကို မဖြစ်မနေ ဆောင်ရွက်ပေးကြရတာကြောင့်ပါ။ သတင်းလွတ်လပ်စွာ မစီးဆင်းနိုင်တဲ့ အခြေအနေတွေနဲ့ နှစ်ရှည်များ ကြုံတွေ့ခဲ့ရပြီး ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နေတဲ့ လက်ရှိမြန်မာနိုင်ငံမှာတော့ သတင်းရေးသား တင်ဆက်မှုတွေဟာ ပိုလို့တောင် အကဲဆတ်တဲ့ အနေအထား ရှိပါတယ်။ သတင်းငတ်ခဲ့ရတဲ့ အများပြည်သူတွေရဲ့ သတင်းတွေကို သိချင်၊ ဖတ်ချင်ကြတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ရပ် မဟုတ်ပါဘူး။ တစ်ဖက်မှာ သတင်းသမားတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိသလို တစ်ဖက်မှာလည်း ပုဂ္ဂလိက မီဒီယာတွေ ဆက်လက်ရပ်တည်ဖို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် သတင်းတွေကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့ဆိုတာ လက်ရှိသတင်းသမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါ။

နေ့စဉ်ဖိအားများ

လွတ်လပ်ခွင့်ရှိတော့ကော အများအတွက် ဘာတွေများ ရေးသားဖော်ထုတ်နိုင်သလဲဆိုတဲ့ ပြည်သူတွေရဲ့ မေးခွန်းတွေနဲ့ တစ်ခါတစ်ရံမှာ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ရေးသားမှုတွေကြောင့် အာဏာပိုင်တွေရဲ့ ငြိုငြင်မှု အချို့ကိုလည်း သတင်းသမားတွေ ရင်ဆိုင်ကြရပါတယ်။ ဒီမိုကရေစီစနစ်မှာ ရှိရမယ့် စတုတ္ထမဏ္ဍိုင်စစ်စစ် ဖြစ်ဖို့ရာ မှန်ကန်တိကျပြီး အများပြည်သူတွေအတွက် အကျိုးရှိမယ့် သတင်းတွေကို တင်ဆက်နိုင်ဖို့ရာ သတင်းသမားတွေဟာ နေ့စဉ်ဖိအားတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ဥပမာပြရရင် သတင်းသမားတွေ အနေနဲ့ သတင်းအစတစ်ခု ရပါက အရင်ဆုံး ဒီသတင်းကို အတည်ပြုပေးရမယ့်သူကို ရှာဖွေရပါတယ်။ ဌာနဆိုင်ရာသော် လည်းကောင်း၊ အဖွဲ့အစည်းသော် လည်းကောင်း သတင်းဖြစ်ရပ်နဲ့ သက်ဆိုင်တဲ့သူတွေဆီက တရားဝင်ပြောကြားချက်ကို ရယူရပါတယ်။ ဟိုလူမေးပါ၊ ဒီလူ့မေးပါနဲ့ ဘော်လီဘောပုတ်တတ်တဲ့ ဌာနမျိုးကို မေးမိတာ၊ အချက်အလက်မှန်ပေမယ့် မဖြေရဲဘူး။ ပြောပြလို့မရဘူးဆိုတဲ့ သူတွေနဲ့ ကြုံရပြီဆိုရင်တော့ သတင်းသမားအတွက် အခက်အခဲ တွေ့ရပြီပေါ့။ တာဝန်တိုက်ရိုက်ရှိသူတွေက မဖြေဘူးဆိုရင်တော့ သတင်းသမားအတွက် လုပ်စရာက အကန့်အသတ် ရှိသွားပါပြီ။ တိုက်ရိုက်ပတ်သက်သူ မရတော့ သတင်းနဲ့ သွယ်ဝိုက်သက်ဆိုင်တဲ့သူကို ရှာဖွေမေး၊ သတင်းနောက်ခံတွေနဲ့ သတင်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ ထည့်ပြီးရေးလိုက်ပေမယ့်လည်း တကယ့်ဒေါင်ဒေါင်မြည် ကောင်းမွန်တဲ့ သတင်းတစ်ပုဒ် ဖြစ်မလာတော့ဘူးပေါ့။ အဲဒီတော့ ဖတ်ရတဲ့ အများပြည်သူတွေကလည်း သတင်းတွေက ပေါ့ရှပ်ရှပ်နဲ့ စေတနာမပါဘူးလို့ ဝေဖန်ကြသလို သတင်းနဲ့သက်ဆိုင်တဲ့ ဌာနဆိုင်ရာက လူတွေကလည်း သတင်းထောက်တွေက စည်းလွတ်ဝါးလွတ် ရေးတယ်လို့ ပြောတာမျိုးနဲ့ ကြုံရပြန်ပါတယ်။

အမှန်တရားရဲ့ ရှုထောင့်

တကယ်တော့ သတင်းမီဒီယာတွေ တင်ပြနေတဲ့ သတင်းတွေဟာ အများပြည်သူတွေ ဖတ်ဖို့အတွက်သာ မဟုတ်ပါဘူး။ အစိုးရတာ ၀န်ရှိသူတွေ ဖတ်ဖို့အတွက်လည်း ပါပါတယ်။ ဘယ်နေရာတွေမှာတော့ ခြစားမှုတွေ၊ ဘက်လိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ရေးသားမှုတွေဟာ နစ်နာနေရတဲ့ ပြည်သူအတွက် ဖြစ်သလို အစိုးရအနေနဲ့လည်း မှန်ကန်တဲ့ရေးသားမှု ဆိုပါက အမြန်သိရှိပြီး ပြုပြင်သင့်တာကို ပြုပြင်ဖို့အတွက် ဖြစ်ပါတယ်။ သတင်းသမားတွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကိုသာ ထမ်းဆောင်နေခြင်းဖြစ်ပြီး ဘယ်သူကိုတော့ နစ်နာစေ၊ ဘယ်သူက သာစေဆိုပြီးတော့ရယ်လို့ သတင်းတွေ မရေးကြပါဘူး။ ကျင့်ဝတ်လိုက်နာတဲ့ သတင်းသမားတွေရဲ့ ရေးသားချက်တိုင်းမှာ ဘက်မျှတဲ့ရှုထောင့်၊ တစ်နည်းအားဖြင့် အမှန်တရားရဲ့ ရှုထောင့်ကသာ ရေးသားကြရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ စံနှုန်းတွေအရတော့ ဒီမိုကရေစီနိုင်ငံတွေမှာ သတင်းမီဒီယာတွေဟာ အစိုးရနဲ့ ပြည်သူများအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ကြဖို့ သတ်မှတ်ထားကြပါတယ်။ တာဝန်သိတဲ့ သတင်းမီဒီယာတွေဟာ အများပြည်သူတွေသိဖို့ မဖြစ်မနေလိုအပ်တဲ့ သတင်းတွေကို ရှာဖွေတင်ဆက်ပေးရသလို ဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာ လစ်ဟာမှု၊ ချွတ်ချော်မှု၊ လွဲမှားမှုတွေ ရှိခဲ့ရင်လည်း ထောက်ပြခြင်းအားဖြင့် အစိုးရ တာဝန်ရှိသူတွေရဲ့ အုပ်ချူပ်ရေးယန္တရား မှန်ကန်စွာ လည်ပတ်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ သတင်းတွေကို ရေးသားနေကြရတာ ဖြစ်ပါတယ်။

ပြည်သူများရဲ့ ယုံကြည်အားပေးမှု

မီဒီယာတွေ အနေနဲ့လည်း နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်ရေးသား တင်ပြဖို့ဆိုရာမှာ သတင်းသမားတွေဟာလည်း သတင်းစာ အတတ်ပညာတွေ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းစာအတတ်ပညာ အဆက်ပြတ်မှုဟာ အကြောင်းကြောင်းကြောင့် ကာလအတန်ကြာ ရှိခဲ့တဲ့ အနေအထားကြောင့်လည်း လက်ရှိလုပ်ကိုင်နေကြတဲ့ သတင်းမီဒီယာသမား အများစုဟာ မုဆိုးစိုင်သင် ဆိုသလို အလုပ်လုပ်ရင်း သတင်းအတတ်ပညာကို လေ့လာသင်ယူခဲ့ကြသူတွေ ဖြစ်ပါတယ်။ တချို့ ဝေဖန်နေကြသလို သတင်းသမား အများစုဟာ ဘယ်ကောလိပ်၊ ဘယ်တက္ကသိုလ်ကမှ သတင်းအတတ်ပညာကို သင်ယူဖူးကြသူတွေ မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ သို့ပေမဲ့လည်း ဘယ်ကျောင်းမှာမှ မသင်ခဲ့ရဘူး ဆိုပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းက စတင်ပြီး ပုဂ္ဂလိက သတင်းမီဒီယာလောကမှာ ဖြတ်သန်းလာကြတဲ့သူတွေဟာ ယနေ့လို လွတ်လပ်မှု အတော်အတန်ရှိတဲ့ အချိန်မျိုး မဆိုထားနဲ့ အကန့်အသတ်များစွာ ရှိခဲ့တဲ့ အချိန်တွေထဲက အများပြည်သူတွေအတွက် အကျိုးရှိစေမယ့် ဘယ်လိုသတင်းတွေကို ရွေးချယ်တင်ဆက်ပေးရမယ်ဆိုတာ လေ့လာရင်း လုပ်ကိုင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ အတတ်ပညာပိုင်း အားနည်းမှုတွေကြောင့် သတင်းတိုင်းကို ပြည့်ဝကောင်းမွန်စွာ တင်ဆက်နိုင်ခဲ့တယ်လို့ အာမခံချက် မပေးနိုင်ပေမယ့် သတင်းသမားတွေဟာ ဖြည့်ရင်းသင်ရင်း လုပ်ရင်ကိုင်ရင်းနဲ့ ယခင်က သတင်းတွေ၊ ဆောင်းပါးတွေထက်စာရင် ပိုမိုကောင်းမွန်တဲ့ ဖော်ပြမှုတွေကို တင်ဆက်လာနိုင်ခဲ့တယ်ဆိုတာ ယနေ့ပုဂ္ဂလိက သတင်းမီဒီယာတွေကို ပြည်သူတွေက ယုံကြည်အားပေး ဖတ်ရှုမှုတွေ တိုးတက်လာတဲ့ ဖြစ်ရပ်တွေက ပြဆိုနေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ သွားတဲ့အခါမှာ အချို့ပြောခဲ့ဖူးသလို မဏ္ဍိုင်တစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုတွေဟာ ရှိနေမှာ ဖြစ်ပါတယ်။ ကာလကြာရှည် လွဲမှားစွာ ကျင့်သုံးခဲ့တဲ့ စနစ်တစ်ခုကြောင့် နယ်ပယ်အရပ်ရပ်မှာ ချို့ယွင်းမှုတွေ ရှိခဲ့တဲ့ တိုင်းပြည်တစ်ခုကို ပြန်လည်တည်ဆောက်ရာမှာ နယ်ပယ်အသီးသီးက သူတွေဟာ အချင်းချင်း မယုံကြည်မှုတွေနဲ့ ဖြတ်သန်းလို့ မရပါဘူး။ အချင်းချင်း ယုံကြည်မှုတွေ အတူတကွ တည်ဆောက်ပြီးမှသာ အများမျှော်လင့်နေကြတဲ့ ဒီမိုကရေစီနိုင်ငံဆီသို့ လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီအတွက် သတင်းမီဒီယာတွေ အနေနဲ့ စတုတ္ထမဏ္ဍိုင် ပီသဖို့အတွက် ကြိုးစားအားထုတ်နေချိန်မှာ ၀ိုင်းဝန်းပံ့ပိုး ကူညီမှုတွေကို ပြုလုပ်ပေးခြင်းကသာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments: