Thursday, June 12, 2014

ဗိုလ်ချုပ်ထိန်မောင် KNU/KNLA P.C မှ ထုတ်ပြန်တဲ့ ကြေညာချက် (မြန်မာဘာသာပြန်)

Myo Zaw's Facebook Status

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဗဟိုဌာနချုပ်
ထို့ကော်ကိုး၊ ကရင်ပြည်နယ်

၂၀၁၄ ခုနှစ်၊(၂) ရက်နေ့နှင့် (၃) ရက်နေ့များက မန်းငြိမ်းမောင်က ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် ကရင်အမျိုးသား အားလုံးကို ကိုယ်စားပြုသည်ဟုဆိုပါသည်။ ထို့ပြင်၎င်းက UNFC နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ကို ကိုယ်စားပြုသည့် NCCT တို့ကိုပါ ကိုယ်စားပြု၍ ကြေညာချက်ထုတ်ပြန်သည်ဟု ဆိုပါသည်။

ယင်းပြောကြားချက်များလုံးဝမဟုတ်မမှန်ပါကြောင်းနှင့် ၎င်း၏ကိုယ်ကျိုးစီးပွားကိုသာရှေ့ရှုပြောဆိုခြင်းဖြစ်ပါသည်။ KNU အမည်ကို အသုံးပြုရုံမျှဖြင့် ကရင်တစ်မျိုးသားလုံးကို ကိုယ်စားမပြုပါ။ ထို့ပြင် မြန်မာအာဏာရှင်အစိုးရမှ သတ်မှတ်ထားသလို KNU သည် ကရင်တမျိုးသားလုံး၏ အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ကရင်အမျိုးသားတို့သာလျှင် ကရင်အမျိုးသားတို့ ၏အနာဂတ်နှင့် ပန်းတိုင်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။

စစ်တပ်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မန်းငြိမ်းမောင်က ဝေဖန်တိုက်ခိုက်ပြောကြားခဲ့ပါသည်။ သို့သော် ဗမာလူထုအပါအဝင် တိုင်းရင်းသားအားလုံး ၉၀% ကျော်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံနေကြပါသည်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့အနေနှင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လုံးဝယုံကြည်ထောက်ခံပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုကိုယ်စားပြုသည့်ဖွဲ့စည်းပုံအဖြစ် သို့ ပြင်ဆင်ပြောင်းလဲခြင်းမပြုလျှင် မြန်မာနိုင်ငံ၏အခြေအနေမှာ ကျဉ်းထဲကြပ်ထဲတွင် ပိတ်မိနေမည်ဖြစ်ပါသည်။ မြန်မာအစိုးရ အလိုတော်ရိများ၊ စိတ်ဓာတ်အောက်တန်းကျညံ့ဖျင်းသူများနှင့် ကိုယ်ကျိုးစီးပွားရှာအတ္တသမားများသာလျှင် အစိုးရအလိုတော်ကျ ဖွဲ့စည်းပုံမပြင်ဆင်ရေးကို လူထုအားဆန့်ကျင်ပြီး ပြောင်ကျကျ ထုတ်ဖော်ပြောဆိုနေကြပါသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ လွတ်လပ်ခွင့်အတွက် ကြိုးပမ်းလှုပ်ရှားနေကြသော တိုင်းရင်းသားလူမျိုးများနှင့် ဗမာအမျိုးသားများ အားလုံးကို ထောက်ခံလျက်ရှိပါသည်။ လူထုဆန္ဒနှင့်အညီ ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်နေကြသော မည်သည့်နိုင်ငံရေးအင်အားစုနှင့်မဆို အနီးကပ် လက်တွဲလုပ်ကိုင်သွားမည်ဖြစ် ပါသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီအနေနှင့် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ တွင် ငြိမ်းချမ်းရေးစကားမပြောမီ တပ်မဟာ (၇) နယ်မြေအတွင်းရှိ မြန်မာစစ်တပ်များအရင်ဆုတ်ခွာပေးရမည် သို့မဟုတ်ပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲမလုပ်နိုင်ဟု အခိုင်အမာ ရပ်တည်ပြောဆိုခဲ့ပါသည်။ အဆိုပါအခြေအနေကို နှစ်ဘက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ရက်သတ္တပတ် (၂) ပတ်ကြာမြင့်ခဲ့ပါသည်။ ရန်ကုန်တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ တပ်မဟာ (၇) နယ်မြေအတွင်းမှ မြန်မာစစ်တပ်များ အရင်ထွက်ခွာသွားပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးထိန်မောင်၊ ဗိုလ်ချုပ်လယ်မူးနှင့် ဒေါက်တာတင်မိုသီတို့မှ အခိုင်အမာ တောင်းဆိုခဲ့ပါသည်။ အဆိုပါအချိန်များအတွင်းက မြန်မာအစိုးရနှင့် အလွန်ခက်ခဲသော ထိပ်တိုက်ညှိနှိုင်းဆွေးနွေးမှုများ ခဲခဲယဉ်းယဉ်း ပြုလုပ်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်ရပ်အလုံးစုံကို ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ၏ သား ဗိုလ်ချုပ်နယ်ဒါးမြကိုယ်တိုင် သိရှိခဲ့ပါသည်။

တပ်မဟာ (၇) ကို ဗိုလ်ချုပ်ကြီးထိန်မောင်၊ ဗိုလ်ချုပ်လယ်မူးနှင့် ဒေါက်တာတင်မိုသီတို့မှ ဦးဆောင်ပြီး မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးမဆွေးနွေးမီ အောက်ပါ မူဝါဒ သုံးရပ်ချမှတ်ထားခဲ့ပါသည်။

၁။ မိမိတို့နယ်မြေများ ပြန်လည်ရရှိရေး
၂။ သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးရည်ရွယ်ချက်များကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ ကရင်စစ်သားများကို ကရင်လူထုများအတွင်း သွားလာနေထိုင်ခွင့်ပြုရန်
၃။ ကရင်ပြည်နယ်ကို ဗမာများ မအုပ်ချုပဘဲ ကရင်များကသာ အုပ်ချုပ်ရန်

ကရင်ပြည်နယ် အေးချမ်းတည်ငြိမ်စေရေးအတွက် အထက်ပါ အချက် (၃) ချက်အပေါ်တွင် အခြေခံကာ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ငြိမ်းချမ်းရေးကိုဗန်းပြကာ ကျွန်ုပ်တို့ကရင်တိုင်းရင်းသားများ၏ အနာဂတ်အရေးများကို ဖိနှိပ်ချုပ်ခြယ်သော မြန်မာအစိုးရထံ ရောင်းစားနေသော အကျင့်ပျက် ကရင်အမျိုးသားခေါင်းဆောင်အမည်ခံသူများအား KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ကန့်ကွက်ရှုတ်ချလိုက်ပါသည်။

ငြိမ်းချမ်းရေးဟူသည်မှာ အလွန်ရိုးရှင်းလှပါသည်။ စစ်မှန်သောငြိမ်းချမ်းရေးဆိုသည်မှာ လူထုအကျိုးကို ရှေးရှုကာ ရိုးသားမှုနှင့် မျှဝေခံစားနိုင်မှုအပေါ်တွင် ဖြစ်တည်ပါသည်။ မကြာသေးမီက ကျွန်ုပ်တို့ကြားခဲ့ရသော ငြိမ်းချမ်းရေးမိန့်ခွန်းထဲတွင် ရန်သူကို မိမိတို့ ကရင့်နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ကရင်အမျိုးသားတို့၏ အနာဂတ်ကို တည်ဆောက်ရန် ဖိတ်ခေါ်ထားသော စကားများမှာ ငြိမ်းချမ်းရေးနှင့် လုံးဝဆန့်ကျင်နေပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ပေါ်ပေါက်မလာနိုင်ပါ။ ကျွန်ုပ်တို့လိုချင်သော စစ်မှန်သည့်ငြိမ်းချမ်းရေးဆိုသည်မှာ လွတ်လပ်ခွင့်နှင့်အတူ ကျွန်ုပ်တို့လူမျိုးများ၏ဂုဏ်သိက္ခာ၊ ကျွန်ုပ်တို့ကိုယ်ပိုင်လူမျိုး လက္ခဏာများနှင့် နယ်မြေများကို လေးစားမှုတို့ဖြစ်သည်။ အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း အတိတ်ကရရှိခဲ့သည့် အတွေ့အကြုံ များနှင့် သင်ခန်းစာများကို ကြည့်ပါ။ နှစ်ပေါင်း (၆၀) ကျော်ကြာအောင် ဗမာစစ်တပ်နှင့် မြန်မာအာဏာရှင်အစိုးရတို့ ကျုးလွန်ခဲ့ သည့် စစ်ရာဇဝတ်မှုများမှာ ကျွန်ုပ်တို့ကရင်အမျိုးသားများနှင့် တိုင်းရင်းသားအားလုံးတို့၏ စိတ်ထဲတွင် ခြောက်ခြားတုန်လှုပ် မမေ့နိုင်ဖြစ်နေကြရပါသည်။ ဗမာအာဏာရှင်အစိုးရထံသို့ ကျွန်ုပ်တို့ကရင့်အနာဂတ်များကို ရောင်းမစားနိုင်ပါ။

ကရင်အမျိုးသားတို့၏ အကျိုးစီးပွား၊ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းစွာနေထိုင်ခွင့်တို့အတွက် ဆောင်ရွက်လှုပ်ရှားနေသည့် အင်အားစု များနှင့်သာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ အတူလက်တွဲလုပ်ကိုင်လိုပါသည်။

ကရင်အမျိုးသားများမှာ ဖိနှိပ်မှုများ၊ အနာဂတ်မရေရာမှုများ ခံစားနေရဆဲအချိန်တွင် ဗမာသမ္မတ၊ တပ်ချုပ်မင်းအောင်လှိုင်တို့နှင့် ဓါတ်ပုံများအတူတွဲရိုက်ပြီး ကရင့်အနာဂတ်များကို ရောင်းစားနေသော အကျင့်ပျက် ခေါင်းဆောင်များကို မြင်ရတွေ့ရသည်မှာ အလွန်ရှက်ဖွယ်လိလိဖြစ်ပါသည်။ ငြိမ်းချမ်းရေးပုံဖော်နိုင်ရန်အတွက် မြန်မာအာဏာရှင်များနှင့် ယုံကြည်မှုတည်ဆောက်ရေး၊ မိတ်ဆွေအဖြစ် တည်ဆောက်ရေးလုပ်ငန်းများမှာ ဦးဆုံးလုပ်ရမည့်အလုပ်များ မဟုတ်ကြပါ။ တိုင်းရင်းသားအသီးသီးတို့၏ တည်ရှိမှုနှင့် ၎င်းတို့၏ နယ်မြေများကို လေးစားရေး၊ ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခြင်းများ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးတို့သာလျှင် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ဦးစွာပြုလုပ်ရမည့် အချက်များဖြစ်သည်။

ကျွန်ုပ်တို့ကရင်လူမျိုးများ အလိုရှိသောအရာမှာ ဗမာစစ်တပ်များ ကျူးကျော်ဝင်ရောက်ဖိနှိပ်မှုမှ ကင်းရှင်းရေး၊ ကရင့်နယ်မြေကို ကရင်တို့သာ အုပ်ချုပ်ပြီး ကရင့်တည်ရှိမှုကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ရေးတို့ဖြစ်သည်။

ကရင့်နယ်မြေနှင့် အခြားတိုင်းရင်းသားနယ်မြေများအတွင်း အာဏာပြဖိနှိပ်မှုများ၊ စစ်ရေးလှုပ်ရှားမှုများအားလုံး ရုပ်သိမ်းပြီး၊ မြန်မာစစ်တပ်များအားလုံး ဆုတ်ခွာပေးပြီး ရိုးသားမှုကိုပြသမှသာ ယုံကြည်မှုတည်ဆောက်နိုင်မည်ဖြစ်သည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးစကားပြောစဉ်အခါက မြန်မာစစ်တပ်များအား ကရင်နယ်မြေများအတွင်းမှ ဆုတ်ခွာရုပ်သိမ်းပေးပြီးဖြစ်၏။ သို့သော်ယခုအခါ KNU က မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးစကားပြောသည့်အခါတွင် မြန်မာစစ်တပ်များကို ကရင့်နယ်မြေအတွင်း ပြန်လည်သွတ်သွင်းလာရုံမျှသာမက ယခင်က မြန်မာစစ်တပ်များ အခြေမချဖူးသည့် နေရာများအထိပါ ဝင်ရောက်အခြေချခြင်းများကို ခွင့်ပြုထားရလေသည်။

ဗမာစစ်တပ်များကို ကရင့်နယ်မြေများအတွင်း ပြန်လည်သွတ်သွင်းလာသည့် လုပ်ရပ်များကို လုပ်ဆောင်နေသည့် အနည်းငယ်သော ကရင်ခေါင်းဆောင်တစ်စု၏ လုပ်ရပ်သည် ဟစ်တလာလက်ထက်က ကိုယ့်လူမျိုးကို ကိုယ်တိုင် ရန်သူ့လက် အပ်သည့် သစ္စာဖောက်ဂျူးများ၏ လုပ်ရပ်နှင့်တူနေပေတော့သည်။ ယခုကရင်ခေါင်းဆောင်တစ်စုသည်လည်း မိမိတို့ကရင့်တော်လှန်ရေးကို ဗမာအစိုးရလက်တွင်းသို့ ရောင်းစားနေကြကြောင်း သဘောပေါက်နားလည်ကြဟန်မရှိချေ။ ကျွန်ုပ်တို့ အဓိကလိုချင်သည်မှာ အကြမ်းဖက်ဖိနှိပ်သော အာဏာရှင်များအား ကျွန်ုပ်တို့နယ်မြေအတွင်း ဝင်ရောက်လာခွင့်မပြုရန်နှင့် ကျွန်ုပ်တို့မြေတွင် ကျွန်ုပ်တို့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခြင်းအား အနှောက်အယှက်မပေးရန်သာဖြစ်သည်။

ကျွန်ုပ်တို့တိုင်းရင်းသားများ အေးချမ်းလုံခြုံစွာနေထိုင်ရေးနှင့် မိမိတို့အနာဂတ်ကို မိမိတို့ဘာသာ ပုံဖော်တည်ဆောက်ရေးကို ခွင့်ပြုရန်ဖြစ်သည်။

ဗမာအစိုးရနှင့် ငြိမ်းချမ်းရေးစကားပြောခြင်းခြင်းကို အလျင်စလိုမလုပ်ဘဲ DKBA, KNU/KNLA ငြိမ်းချမ်းရေးကောင်စီ, KNU တို့ကြားတွင် ဦးစွာညီညွတ်ရေးတည်ဆောက်ပြီး တစ်ဖွဲ့တည်း၊ တစ်စုတည်းအနေနှင့်သာ ဆွေးနွေးရန် KNU ခေါင်းဆောင်များထံသို့ ကျွန်ုပ်တို့ စာရေးပြီး အကြံပြုခဲ့ပြီးဖြစ်ပါသည်။ သို့သော် အဆိုပါအကြံပြုချက်ကို KNU မှ လက်မခံခဲ့ဘဲ ၎င်းတို့ဘာသာ တစ်ဦးတည်း သွားရောက်ဆွေးနွေးခဲ့ကြသဖြင့် ကရင်အမျိုးသားများကြား အချင်းချင်း စည်းလုံးညီညွတ်ရေးထက် ဗမာအစိုးရနှင့် ၎င်းတို့စည်းလုံးရေးက ပိုအရေးကြီးနေသည်ဟု ယူဆရပါသည်။

အကျင့်ပျက် ကရင်ခေါင်းဆောင်များ ပြောဆိုနေသည့် စိတ်ပျက်ဖွယ်အခြားကိစ္စတစ်ခုမှာ `နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်` ဆိုခြင်းဖြစ်၏။ လုံးဝမှားပါသည်။ နိုင်ငံရေးပြဿနာဆိုသည်မှာ `မင်းသွားရင် မင်းနေရာ ငါထိုင်မှာပေါ့` ဟူသော နည်းလမ်းသာဖြစ်၏။

ကရင်လူမျိုးများရော၊ အခြားတိုင်းရင်းသားအားလုံးအတွက်ပါ ပဋိပက္ခဆိုသည်မှာ နိုင်ငံရေးကြောင့် ပေါ်ပေါက်လာရခြင်း မဟုတ်ပေ။ မြန်မာလူမျိုးများက တိုင်းရင်းသားအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူမျိုးသန့်စင်ရေးများ ပြုလုပ်ပြီး တိုင်းရင်းသားဒေသများကို ကိုလိုနီပြုရန် ကြိုးစား၍ ဗိုလ်ကျကြီးစိုးလာမှုများကြောင့် ပဋိပက္ခများ စတင် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ပြည်တွင်းစစ်နှင့် ပဋိပက္ခများသည် အမျိုးသားရေးပြဿနာတစ်ရပ်အနေနှင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမျိုးသားရေးပြဿနာအဖြစ် ရှုမြင်ပြီး တိုင်းရင်းသားများ၏ တည်ရှိမှုနှင့် ၎င်းတို့၏နယ်မြေများကို လေးစားအသိအမှတ်ပြုခြင်းတို့သည် အခြေခံအကျဆုံး လုပ်ဆောင်ရမည့်ကိစ္စများဖြစ်သည်။ ယင်းသို့မဟုတ်ပါက မြန်မာနိုင်ငံတွင် ဘယ်သောအခါမျှ တည်ငြိမ်အေးချမ်းမှု ရရှိလိမ့်မည်မဟုတ်ချေ။ လက်ဦးကတည်းက ဗမာအစိုးရ၏ မူဝါဒမှာ တိုင်းရင်းသားဒေသများကို ကိုလိုနီပြုရေး၊ တိုင်းရင်းသားများအပေါ် ဗိုလ်ကျစိုးမိုးရေးနှင့် ၎င်းတို့၏ သြဇာအာဏာအောက်တွင် ထိန်းချုပ်ထားနိုင်ရေးပင်ဖြစ်သည်။

ထို့ကြောင့် အခြေအနေအရပ်ရပ်ကို ခြုံငုံလိုက်သည်ရှိသော် အခြေခံအချက်တစ်ခုတည်းတွင်သာ ဦးတည်ပါတော့သည်။ ယင်းအချက်မှာ မြန်မာအစိုးရတို့၏ အကြမ်းဖက်ဗိုလ်ကျ အာဏာကိုင် အုပ်ချုပ်မှုများအား ကျွန်ုပ်တို့ ရွံရှာမုန်းတီးလှပြီဖြစ်သောကြောင့် ကျွန်ုပ်တို့ကရင်များအား ဒုက္ခမပေးတော့ပါလျှင်၊ တိုင်းရင်းသားများအားလည်း ဒုက္ခမပေးတော့ပါလျှင် မြန်မာပြည်တွင် ငြိမ်းချမ်းရေးပေါ်ထွန်းပြီဖြစ်ပါသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ DKBA၊ အခြားကရင်အဖွဲ့အစည်းအသီးသီး၊ ကရင်လွတ်မြောက်ရေးလိုလားသော KNU မှ မျိုးချစ်ကရင်ခေါင်းဆောင်များ စသည့်အဖွဲ့အစည်းများသည် ဗမာအာဏာရှင်အစိုးရလက်ထဲသို့ ကျွန်ုပ်တို့ကရင်အမျိုးသားများ၏ အနာဂတ်ကို ရောင်းစားနေသည့် လုပ်ရပ်များအား ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ မြန်မာအစိုးရအဖွဲ့ဝင် အာဏာရှင်များနှင့် ပင်းသင်းမိနေသော ကိုယ်ကျိုးကြည့် KNU ခေါင်းဆောင်အချို့၏ အပြုအမူများနှင့် အကြံအစည်များကိုလည်း ကျွန်ုပ်တို့အနေနှင့် လုံးဝသဘောမတူနိုင်ပါ။ အဆိုပါ လက်တစ်ဆုပ်စာ ကရင်ခေါင်းဆောင်အချို့သည် ကရင်တစ်မျိုးသားလုံးကို ကိုယ်စားမပြုပါ ကြောင်းနှင့် ကရင်တစ်မျိုးသားလုံးကလည်း ဗမာတို့ကရင့်နယ်မြေထဲသို့ကျူးကျော်ဝင်ရောက်ပြီး ကရင့်အနာဂတ်များကို ကိုလိုနီပြု ခံရမည့်အရေးကို လက်မခံပါ။

ယခုကြေညာချက်သည် အခြားသူများအား လက်ညှိုးထိုးဝေဖန်ပြီး မိမိတို့သာကောင်းသည်၊ တော်သည်ဟု ဆိုလိုရင်း မဟုတ်ပါ။ အမှန်တရားကို ဖော်ထုတ်ပြီး လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့်အခြေအနေများ၊ ဦးစားပေးလုပ်ဆောင်ရမည့်အရာများ၊ မိမိတို့ ကရင်များအလိုရှိသည့်အရာများကို သိရှိနိုင်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် ယခုကြေငြာချက်သည် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် KNU တို့ကြား အကွဲအပြဲဖြစ်သည်ဟု မမှတ်ယူစေလိုပါ။ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြု၍ ရိုးသားမှု၊ ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှုတို့မရှိဘဲ ကရင်တစ်မျိုးသားလုံးအား ကိုယ်စားပြု၍ ပြောဆိုပါသည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ ပြောဆိုပိုင်ခွင့်မရှိဟု သိစေလိုရင်းဖြစ်ပါသည်။

ဂါ မဏိ

ဗိုလ်ထိန်မောင်ကို နင်းပြီး ရာထူးတက် လုပ်စားသွားတဲ့ မြထွန်းဦးရေ လာရှင်းပါအုံး။

No comments: