Thursday, June 12, 2014

“ကျနော်ဟာ သွေးထိုးလှုံ့ဆော်ရေးသမားဖြစ်တယ်” (ဟန်ဝင်းအောင်)

Aungmyo Tun's Facebook Status

အဓိပတိဂျာနယ် ။ ။ လက်ပံတောင်းတောင်မှာ လှုပ်ရှားခဲ့တဲ့ အကိုအပါအ၀င် တက်ကြွလှုပ်ရှားသူတွေဟာ တိုင်းပြည်မတည်ငြိမ်အောင် လုပ်သူတွေ၊ ဒေသခံတွေကို သွေးထိုးမြှောက်ပင့်ပြီး ကိုယ်ကျိုးအမြတ်ထုတ်သူတွေအဖြစ် စွပ်စွဲပြောဆိုမှုတွေအပေါ်မှာ ဘယ်လိုတုန့် ပြန်ချင်ပါသလဲ။

ဟန်ဝင်းအောင် ။ ။ အစိုးရတရပ်က ဒီမိုကရေစီကို ပွင့်ပွင့်လင်းလင်း သွားချင်တယ်ဆိုရင်၊ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးတရပ်ကို သွားချင်တယ်ဆိုရင် ဒီလိုစွပ်စွဲပုတ်ခတ်မှုတွေ၊ နိုင်ငံပိုင်မီဒီယာအားကိုးနဲ့ တဖက်သတ်ဝါဒဖြန့်မှုတွေကို ရပ်ဆိုင်းဖို့ လိုလာပြီလို့ ပြောချင်တယ်။ အဖြစ်အပျက်တခုကို အဖြစ်မှန်အတိုင်း ပြောဆိုဖို့ လိုပါတယ်။ ဥပမာအားဖြင့် ကျနော်အပါအ၀င် ၀င်ရောက်ကူညီခဲ့ကြသူ အများစုဟာ ဒီလှုပ်ရှားမှုအပေါ်မှာ ဘာအကျိုးအမြတ်မှ မရခဲ့ဘူး။ ဖမ်းဝရမ်း ထုတ်ခံရတယ်။ ထောင်ချခံရတယ်။ ရိုက်နှက်ဖမ်းဆီးမှုတွေ အကြမ်းဖက်ခံရမှုတွေ ကြုံရတယ်။ ကျနော်တို့ ကူညီဆောင်ရွက်ပေးတဲ့အတွက် ဆုံးရှုံးသွားပြီလို့ ထင်ရတဲ့မြေ ၇၈၆၇. ၆၇ ဧက လျော်ကြေးမဲ့ သိမ်းပိုက်ခံရတဲ့ အခြေအနေကနေ ဒီနေ့ ဆိုရင် တစ်ဧကကို သိန်းနှစ်ဆယ်နီးပါး လျော်ကြေးတွေ ရခဲ့ကြတယ်။ ကျေးရွာတွေထဲမှာ အာဏာပိုင်တွေရဲ့  တစုံတရာဖိနှိပ်ခံရတဲ့ အခြေအနေကနေ လျော့ပါးလာခဲ့ရတယ်။ အဲဒီအခြေအနေတွေမှာ ဒေသခံပြည်သူတွေဆီကနေ ဘာအသီးအပွင့်မှ ကျနော်တို့ တောင်းဆိုခဲ့တာမရှိဘူး။ ခံစားခဲ့ရတာမရှိဘူး။ ကျနော်တို့ ရရှိခဲ့တဲ့ အကျိုးအမြတ်ကတော့ ဖမ်းဝရမ်း ထုတ်ခံရတာ၊ ထောင်ချခံရတာနဲ့  အကြမ်းဖက်ခံရတာတွေဘဲ ရှိတယ်။

ကျနော်တို့ က ဒီလက်ပံတောင်းတောင်အရေးမှာ ဘာအမြတ်ထုတ်သလဲဆိုတော့ ဦးပိုင်ကုမ္ပဏီလို့ ခေါ်တဲ့ စစ်ခရိုနီပိုင်ကုမ္ပဏီကြီးက တိုင်းပြည်ကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ပြီး သွေးစုပ်ထားတဲ့ အခြေအနေကနေ ထပ်ပြီးသွေးစုပ်လို့မရတဲ့ အခြေအနေကို ပြည်သူတွေ ထိုက်သင့်တဲ့ လျော်ကြေးတွေရအောင်၊ ထိုက်သင့်တဲ့ လွတ်လပ်ခွင့်တွေရအောင် ကျနော်တို့ အမြတ်ထုတ်ခဲ့ပါတယ်။ အဲဒါဟာ ကျနော်တို့ ကိုယ်ကျိုးမဟုတ်ပါဘူး။ ဒေသခံပြည်သူလူထုတရပ်လုံးနဲ့  နိုင်ငံတော်အတွက် လုပ်ခဲ့တာပါ။ ကျနော်တို့ ဟာ အမြတ်ထုတ်ရေးသမားပါ။ ဘယ်အထိဆက်ပြီး အမြတ်ထုတ်မလဲဆိုတော့ စစ်ခရိုနီကုမ္ပဏီတွေရဲ့  မတော်မတရား ရယူထားတဲ့၊ ပြည်သူတွေအပေါ် သွေးစုပ်ထားတဲ့ ဟာတွေကို ပြန်လည်လုယူပြီးတော့ ဒေသခံပြည်သူတွေထံ ပြန်လည်ခွဲဝေပေးတဲ့ အမြတ်တခုအထိ ကျနော်တို့ ထုတ်မှာပါ။ ဒီနေ့ အချိန်မှာ နိုင်ငံရေးအရဘဲဖြစ်ဖြစ်၊ ငွေရေးကြေးရေးအရဘဲဖြစ်ဖြစ် ကျနော်တို့ ဒီအပေါ်မှာ မတရားတဲ့နည်းနဲ့  ဘာမှမခံစားခဲ့ဘူး။ ဒေသခံတွေအပေါ်မှာ ဘယ်လို အမြတ်ထုတ်ခြင်းမှ မလုပ်ခဲ့ဘူး။

ကျနော်အပါအ၀င် တက်ကြွလှုပ်ရှားသူတွေအားလုံး ၀င်ရောက်လှုပ်ရှားပေးခဲ့တဲ့အတွက် ဒီစီမံကိန်းကြီးဟာ နိုင်ငံသိ၊ ကမ္ဘာသိ ဖြစ်သွားခဲ့တယ်။ မြေယာလျော်ကြေးတွေ ရခဲ့ကြတယ်။ ဒေသတွင်း ပွင့်လင်းမြင်သာမှု တစုံတရာ ရရှိလာတယ်။ ဒေသခံတွေအနေနဲ့  အကြောက်တရား ကင်းဝေးလာတယ်။ ဒါဟာ အမြတ်တခုပါ။ အဲဒီအတွက် အမြတ်ထုတ်ရေးသမား ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို တိုင်းတာရမယ့် ပေတံသည် ဘယ်သူ့ အပေါ်မှာ ဘယ်လိုအမြတ်ထုတ်တယ်ဆိုတာနဲ့ ဘဲ တိုင်းတာရမယ် ထင်တယ်။ ကျနော်တို့ အမြတ်ထုတ်တယ်ဆိုတာက မတရား သွေးစုပ်နေတဲ့ အာဏာရှင်စနစ်နဲ့  မတရားလုပ်နေတဲ့ စီးပွားရေးစနစ်ရဲ့  ဂုတ်သွေးစုပ်မှုတွေကို ဖဲ့ယူပြီးတော့ ပြည်သူတွေကို ထိုက်သင့်တဲ့ အကျိုးခံစားခွင့်ရှိအောင် အမြတ်ထုတ်ခဲ့တာဘဲဖြစ်တယ်။

ကျနော်တို့ ဟာ သွေးထိုးလှုံ့ ဆော်ရေးသမားတွေဖြစ်တယ်။ သွေးထိုးလှုံ့ ဆော်တယ် ဆိုတဲ့နေရာမှာ ဖိနှိပ်ခံထားရတဲ့ ပြည်သူတွေကို အကြောက်တရားတွေ ကင်းဝေးလာအောင်၊ ဖိနှိပ်နေတဲ့သူတွေ တွန့် ဆုတ်ကြောက်ရွံ့ သွားအောင် ပြည်သူလူထုကို အမြဲတမ်း အမှန်တရားအတွက် လုပ်ရဲတဲ့သွေးတွေရှိလာအောင် ကျနော်တို့  သွေးထိုးပေးသွားမှာပါ။ ဒါကြောင့် ပြည်သူလူထုကို အမှန်တရားအတွက် ရပ်တည်နိုင်ဖို့ ၊ ဖိနှိပ်နေတဲ့သူတွေကို မကြောက်ဖို့  ပညာရပ်အားဖြင့်လည်းကောင်း ကိုယ်စွမ်းကိုယ်စ ရှိသရွေ့  အမြဲတမ်း သွေးထို့ လှုံ့ ဆော်သွားမယ်။ ဒီလိုသွေးထိုးလှုံ့ ဆော်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ရဲ့  မတရားတဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတရပ်ကို ပျောက်ကွယ်သွားအောင် စွမ်းစွမ်းတမံ လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။

(အဓိပတိဂျာနယ် အတွဲ ၁ အမှတ် ၂၂ တွင် ပါရှိသည့် “ကျနော်ဟာ သွေးထိုးလှုံ့ဆော်ရေးသမားဖြစ်တယ်” မှ ထုတ်နုတ်ဖော်ပြပါသည်)

No comments: