Tuesday, June 10, 2014

IRI အဖွဲ့ရဲ့ စစ်တမ်းကို ပြန်လည်ဆွေးနွေးကြမယ့်ပွဲက ထွက်လာမယ့် ရလဒ်ဟာ ဘယ်လောက် ခရီးပေါက်နိုင်မလဲ

Aungmyo Tun's Facebook Status

မြေပြင်နိုင်ငံရေးအခြေအနေနဲ့ ကွဲလွဲမှု အမြောက်အမြား ပါဝင်တဲ့ IRI စစ်တမ်းကို ပြန်လည်တုန့်ပြန်မယ့် ဆွေးနွေးပွဲတခု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးဆောင်ပြီး လာမယ့် ဇွန်လ ၁၅ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရတယ်။ စီးပွားရေးအခြေအနေကောင်းခြင်း၊ ဗဟိုချုပ်ကိုင်မှုကို ထောက်ခံခြင်း၊ အဂတိမှုလိုက်စားမှု အနည်းငယ်သာရှိခြင်းနဲ့ ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက် ကြံ့ဖွံ့ သမ္မတ ဦးသိန်းစိန်ကို လူကြိုက်ပိုများခြင်း စတဲ့ စစ်တမ်းအဖြေများကြောင့် အမေရိကန်အိမ်ဖြူတော်နဲ့  အမျိုးသားလုံခြုံရေးဌာနတို့ ရဲ့  ငွေကြေးအထောက်အပံ့ ရယူပြီး ရီပတ်ဘလီကန်ပါတီ ဥာဏ်ကြီးရှင်များပါဝင်တဲ့ IRI အဖွဲ့ က ကောက်ယူတဲ့ ဗမာပြည်စစ်တမ်း ရလဒ်ကို ထုတ်ပြန်လိုက်တဲ့အခါ ပြည်တွင်းနိုင်ငံရေးသမားများရဲ့ မကျေမနပ်သံတွေ ပွက်ပွက်ညံခဲ့ပါတယ်။ စစ်တမ်းထဲက အဓိက ပြောစရာဖြစ်တဲ့ အချက်ဟာ ထိပ်တန်းနိုင်ငံရေးသမားတွေဖြစ်တဲ့ ဗိုလ်သိန်းစိန်နဲ့  ဒေါ်စုတို့ အနက် လက်ရှိသမ္မတက အတိုက်အခံခေါင်းဆောင်ရဲ့ အထက်ကို ရောက်နေတဲ့ကိစ္စပါဘဲ။ ဒီစစ်တမ်းနဲ့ အတူ အမေရိကန်အစိုးရဟာ သူတို့ အကျိုးစီးပွားနဲ့ ပက်သက်တဲ့အခါ ဗိုလ်သိန်းစိန်ကို ဒေါ်စုထက် ပုဂ္ဂိုလ်ရေးအရ ပိုပြီး မျက်နှာမူလာနေပြီလားဆိုတဲ့ မေးခွန်းတခုလည်း တဆက်တည်း ထွက်ပေါ်လာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနောက်ပိုင်း ရဟန်းရှင်လူ ပြည်သူအကြိုက် နိုင်ငံရေးသမားများ ဗမာပြည် နိုင်ငံရေးအာဏာရဲ့ အထွဋ်အခေါင်နေရာကို ရယူနိုင်ခဲ့ခြင်း မတွေ့ တော့ပါ။ စစ်ဝါဒကြီးစိုးလာမှုနဲ့ အတူ လူထုခေါင်းဆောင်များက တိုင်းပြည် အမြင့်ဆုံးရာထူးကို လက်ခံရယူပြီး နိုင်ငံရေးဦးဆောင်မှု မလုပ်နိုင်တော့ပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုနီးပါး ပြည်သူအများ နှစ်ခြိုက်ထောက်ခံခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒီချုပ်ခေါင်းဆောင် ဒေါ်စုအနေနဲ့  ဗမာပြည် သမ္မတရာထူးကို လိုချင်ပါတယ်လို့  မကြာသေးမီလများက ထုတ်ဖော်ပြောဆိုလာပြီးနောက် လွှတ်တော်လူ ဗိုလ်ရွှေမန်းကလည်း ဒေါ်စုလေသံအတိုင်း သမ္မတကိစ္စ ပြောလာပါတယ်။ လက်ရှိသမ္မတ ဗိုလ်သိန်းစိန်က ကျန်းမာရေး အကြောင်းပြကာ သမ္မတအရေး စိတ်ဝင်စားဟန်မပြခဲ့ပေမယ့် လိုအပ်လာတဲ့အခါ၊ ပြည်သူတွေဘက်က တောင်းဆိုလာတဲ့အခါ ဒုတိယသက်တမ်းကို ထမ်းဆောင်နိုင်ဖို့ စိတ်ကူးထားပါတယ်ဆိုပြီး မတင်မကျ လုပ်ထားတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအရ နိုင်ငံတော်သမ္မတကို ပြည်သူတွေက တိုက်ရိုက်မဲပေးရွေးချယ်ခွင့် မရှိတာကြောင့် ၂၀၁၅ အလွန် သမ္မတ ဘယ်သူဖြစ်မှာလဲလို့  အသည်းတယားယား ဖြစ်ကုန်ပါတယ်။ ဖွဲ့ စည်းပုံအရ စစ်တပ်ဘက်က ရွေးချယ်လာသူတဦးလည်း သမ္မတဖြစ်ပိုင်ခွင့် ရှိနေပေမယ့် စစ်တပ်ရဲ့ သဘောသဘာဝအရ တပ်ရဲ့ လူကို အချိန်ကပ်မှ သိနိုင်မှာ ဖြစ်တဲ့အတွက် ပေါက်ကောင်ဟာ ဗိုလ်သိန်းစိန်၊ ဒေါ်စု၊ ဗိုလ်ရွှေမန်းတို့ သုံးဦးထဲက တဦးဦးဖြစ်လိမ့်မယ်လို့  ဟောကိန်းထုတ်ကြပါတယ်။ ဒီနောက်ခံ အခင်းအကျင်းမှာ IRI အဖွဲ့ ကြီးရဲ့ အငြင်းပွားဖွယ်စစ်တမ်းကို ထုတ်ပြန်ခဲ့တာဖြစ်တယ်။

ပြည်တွင်းစစ်သမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီပြီးရင် ဒုတိယသက်တမ်းအရှည်ဆုံး လက်နက်ကိုင်အဖွဲ့ အစည်းတခုဖြစ်တဲ့ KNU အဖွဲ့ ကြီးဟာ ဗိုလ်သိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ရုံတင်မက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်အပါအ၀င် ကြံ့ဖွံ့ ပါတီခေါင်းဆောင်များနဲ့ ဆက်ဆံရေးပါ နှစ်ကိုယ့်တစိတ်ဖြစ်လာပါတယ်။ ကာချုပ်နဲ့  ၆ ကြိမ်၊ သမ္မတနဲ့ ၅ ကြိမ် တွေ့ ဆုံခဲ့တာကြောင့် မြင်ပါများ ချစ်ကျွမ်းဝင် ဆိုသလို KNU ဘက်က ဗိုလ်သိန်းစိန်ကို နောက်ထပ် သမ္မတသက်တမ်းတခု တာဝန်ယူဖို့ အထိ ပြောရဲဆိုရဲ ရှိလာပါတယ်။ တန်းလန်းဖြစ်နေတဲ့ ငြိမ်းချမ်းရေးအလုပ်တွေကို ဗိုလ်သိန်းစိန်သာ အောင်မြင်အောင်လုပ်နိုင်မယ်လို့  KNU က အကြောင်းပြပါတယ်။ ဒါ့အပြင် KNU တိုင်းရင်းသားခေါင်းဆောင်များရဲ့  လုပ်နည်းဟန်ပန်၊ အတွေးအခေါ်အတိုင်း ကျန်တဲ့ အဖွဲ့ အစည်းများအနေနဲ့ လိုက်လံလုပ်ဆောင်ရင် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ထမြောက်လိမ့်မယ်လို့  စစ်အသိုင်းအ၀ိုင်းက အသံထုတ်လာပါတယ်။ ဒါဟာ KNU၊ စစ်တပ်နဲ့  ကြံ့ဖွံ့ ပါတီဥက္ကဌဟောင်းတို့ ရဲ့  ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကစားသလို လက်ချင်းယှက် ချာချာလှည့်နေကြတဲ့ ပျော်ပွဲပြပွဲသာဖြစ်ပြီး ကစားပွဲရဲ့ အနှစ်သာရတခုက သမ္မတရာထူး ပါ။ ဒီချုပ်ဥက္ကဌ တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ ဆုံရေးအပေါ် ပြတ်ပြတ်သားသား ပယ်ချလိုက်တဲ့ သမ္မတနဲ့  ကာချုပ်တို့ ရဲ့ အရိပ်အာဝါသအောက်ကို KNU ခေါင်းဆောင်တွေ ကူးပြောင်းခိုလှုံလာတာပါ။

ကြံ့ဖွံ့  ဒုတိယလိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ လွှတ်တော်အမတ် ဗိုလ်လှဆွေရဲ့ “ဒီတသက် ဒေါ်စုသမ္မတဖြစ်ဖို့  လမ်းမမြင်” ဆိုတဲ့ မှတ်ချက်ဟာ ၂၀၀၈ ဖွဲ့ စည်းပုံပါ သမ္မတအရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ) ကို အာဏာရပါတီနဲ့ စစ်တပ်တို့ ဘက်က အလျှော့ပေးနိုင်စရာ မရှိပါ ဆိုတဲ့ လက်ဆုပ်မဖြည်အောင် တင်းကျပ်ထားတဲ့မူအရ ထွက်ပေါ်လာတာပါ။ ဓမ္မဓိဌာန်ကျကျ ချဉ်းကပ်သုံးသပ်ကြည့်တဲ့အခါ ၂၀၁၅ ခုနှစ် မတိုင်မီ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ဖွယ် လမ်းစမမြင်တဲ့အတွက် ဗိုလ်လှဆွေရဲ့ ဟောကိန်းဟာ စကားလုံးမလှပေမယ့် လက်တွေ့ ကျတယ်လို့  ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီချုပ် ဥက္ကဌဘက်က ၅၉ (စ) ပြင်ရေးအသံ တိုးလျသွားတာပါ။ ဒေါ်စုနဲ့  အနေနီး လုပ်ဖော်ကိုင်ဖက် ဗိုလ်ရွှေမန်းရဲ့  ၅၉ (စ) အပေါ် သဘောထား ဟာလည်း “ပြည်သူ့ အသံ လွှတ်တော်အသံ” အပေါ်ယံ ဟန်လုပ်ထားပေမယ့် ဖွဲ့ စည်းပုံပြင်ဆင်ရေး အခန်း ၁၂ အရ လျှောက်လှမ်းရမယ် ဆိုပြီး ပါးနပ်စွာနဲ့ အလှအပ ထွက်ကစားလာပါတယ်။ စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်သန်းရွှေရဲ့ တပည့်ကျော်များပီပီ ဆရာ လက်နဲ့ ရေးတဲ့စာကို ခြေနဲ့ မဖျက်ဝံ့ပါ။ ဒေါ်စု သမ္မတ မဖြစ်ရေးဟာ စစ်အုပ်စု အထိမခံတဲ့ ခံစစ်ကြောင်းများစွာက တခုဖြစ်လို့ ဒီအရေးမှာ စစ်သွေးကြွ ပူးပေါင်းလာတတ်ပါတယ်။ ကာယကံရှင်တချို့ ရဲ့ ရင်ဖွင့်သံကြောင့် သိရတာက အချို့ သော စစ်အရာရှိကြီးများနဲ့  အစိုးရ၀န်ထမ်း တာဝန်ကြီးကြီး ယူထားကြတဲ့ တပ်ထွက်အရာရှိများဟာ လုပ်ငန်းတူကွင်းတူအရ ဒေါ်စုနဲ့  ပူးပူးကပ်ကပ်ရှိနေတဲ့ လွှတ်တော်လူ ဗိုလ်ရွှေမန်းကို ၂၀၁၅ ခုနှစ်အလွန် သမ္မတဖြစ်လာမှာ လိုလားဟန် မပြပါ။ နံပတ် ၄ ဗိုလ်ရွှေမန်းရဲ့  တပ်တွင်းနောက်ခံ အစွန်းကွက်တချို့ ကို အကြောင်းပြပေမယ့် အနည်းငယ် အစ်အောက်တဲ့အခါ ဒေါ်စုနဲ့  တိုင်ကယ်ချိတ်နေခြင်းဟာ အဓိကအချက်ဖြစ်နေပါတယ်။ လက်ရှိကြံ့ဖွံ့သမ္မတကို နောက် ၅ နှစ် ထပ်မြင်လိုကြတယ်။ နှစ်ဦးစလုံးဟာ တချိန်က သူတို့ ရဲ့ စီနီယာများဖြစ်ခဲ့ပြီး စစ်ကြီးစိုးရေးဝါဒ တည်ဆောက်မှုမှာ ခွေးသွားစိပ် ယန္တရားအဖြစ် အားလုံး တက်ညီလက်ညီ ပါဝင်ခဲ့တယ်ဆိုတာ ခေတ္တ မေ့သွားခဲ့ကြတယ်။

ဗိုလ်သိန်းစိန်ကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသမားလို့  စစ်အုပ်စုဘက်က ၀ါဒဖြန့် ကြပေမယ့် တကယ့် ရည်မှန်းချက်ဟာ ဒီ့ထက်ပိုပါတယ်။ ၁၉၈၈ ခုနှစ်က မဆလ ဗိုလ်နေ၀င်း ဆင်းသွားပြီး ဒေါက်တာမောင်မောင် သမ္မတဖြစ်တာထက် အလိုရမ္မက် ပိုကြီးပါတယ်။ လမ်းပြမြေပုံ ၇ ချက်ကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အတိုက်အခံခေါင်းဆောင် ဒေါ်စုထက် စစ်ဗိုလ်ချုပ်ကြီး သိန်းစိန်က လူကြိုက်ပိုများပြီး ဒီချုပ် ပါဝင်လာတော့မယ့် ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲအပြီးမှာလည်း အာဏာရှင် ဗိုလ်သန်းရွှေရဲ့ လူယုံ ဗိုလ်ချုပ်ကြီးသာ သမ္မတဖြစ်လာခဲ့တယ်ဆိုတဲ့ အခြေအနေ မရောက်ရောက်အောင် ဖန်တီးမှာပါ။ သမ္မတရာထူးကို စစ်ဘက် စစ်ထွက်တွေသာ အမြဲရရှိနေမှု၊ ၂၀၀၈ ဖွဲ့ စည်းပုံထဲက စစ်တပ်အကျိုးစီးပွားမှန်သမျှ မပွန်းမပဲ့ ရေရှည်တည်တံ့နေမှုများဟာ ဗမာပြည်စစ်ကြီးစိုးရေးဝါဒ အောင်ပွဲခံခြင်းရဲ့  အသွင်သဏ္ဍာန်များဖြစ်ပြီး လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်၊ ၁၉၆၂ ခုနှစ်က စတင်လာခဲ့တဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားတောင်းဆိုမှု ပန်းတိုင်များရဲ့  သားလျောပျက်ကျခြင်း သရုပ်လက္ခဏာများဖြစ်ပါတယ်။ ဒီအရေးမှာ အုပ်တချပ် သဲတပွင့်အဖြစ် အကျိုးဆောင်ပေးလာတဲ့ IRI အဖွဲ့ ရဲ့  စစ်တမ်းကို ပြန်လည်ဆွေးနွေးကြမယ့်ပွဲက ထွက်လာမယ့်ရလဒ်ဟာ ဘယ်လောက် ခရီးပေါက်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

No comments: