Wednesday, June 25, 2014

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးကို ဒေသခံတွေ ဆန္ဒပြ

RFA - 2014-06-24

တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောင်ရွက်နေတဲ့ ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်းတောင် ဒေသခံတွေ စားဝတ်နေရေး တစထက်တစ ခက်ခဲလာတဲ့အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဒေသမှာ စာသင်ကျောင်းဖွင့်ပွဲတက်ဖို့ မနေ့က လာရောက်ချိန်မှာ ဆန္ဒပြကြတာ ဖြစ်တယ်လို့ လက်ပံတောင်းဒေသခံ ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

"ဒေသက ဖွံ့ဖြိုးရေးတွေ ဘာတွေ နိုင်ငံတော်ကနေ လုပ်ပေးပေမယ့် ဒီအခု လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ဒီလယ်သမားတောင်သူတွေရဲ့အရေးကိုလည်း ဖြေရှင်းပေးဖို့ပေါ့နော် ဒေသခံတွေကနေပြီးတော့ မိမိတို့ရဲ့ ဆန္ဒတွေကို ဆောင်ပုဒ်ကိုင်ဆောင်ပြီးတော့ ဝန်ကြီးလာမယ့် လမ်းကနေ တင်ပြတာပေါ့"

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ လိုက်ပါလာတဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်ကိုလည်း ဆည်တည်းရွာသူ ဒေါ်ရည်ဝင်းက စီမံကိန်းကြောင့် လယ်တွေလုပ်ခွင့် မရတော့တဲ့အတွက် သားဖြစ်သူကို ကျောင်းမထားနိုင်တော့တဲ့အကြောင်းနဲ့ စားဝတ်နေရေး ကြပ်တည်းနေပြီဆိုတဲ့အကြောင်း လိုက်ကြည့်ဖို့ လက်ဆွဲခေါ်ယူခဲ့တယ်လို့လဲ ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

"စစ်ကိုင်းတိုင်း ဝန်ကြီးတစ်ယောက်က သူက ဦးစီးပြီးတော့ပေါ့ တောင်သူလယ်သမားတွေရဲ့ ခြံစည်းရိုးတွေကို ခတ်တယ်လို့ ဒါဒေသခံတွေ သိရတဲ့အတွက်ကြောင့် ဝန်ကြီးအနေနဲ့ လယ်သမားတွေရဲ့ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို လိုက်ကြည့်လှည့်ပါအုံး ဆိုပြီးတော့ ဆွဲခေါ်တယ်"

အဲဒီနောက် ရွာသားတွေရဲ့ ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

No comments: