Wednesday, June 25, 2014

အစိုးရနှုတ်ထွက်ဖို့ ဆော်သြသူ ကိုထင်ကျော် ထောင် ၆ လ စီရင်ခံရ

RFA - 2014-06-23

ဇွန်လ ၂၃ ရက်နေ့က ကိုထင်ကျော်တို့ မိသားစုကို တွေ့ရစဉ် (Photo: Kyaw Zaw Win/RFA)
ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တောင်ဥက္ကလာပမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။ ကိုထင်ကျော်ကို အခုလို အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ ဒီနေ့ရုံးချိန်းကို လာရောက်ခဲ့တဲ့ ကိုထင်ကျော်ရဲ့ ဇနီးဖြစ်သူ မသန်းသန်းမော်က အခုလို ပြောပါတယ်။

"၅ ရက် ၅ လ ၂ဝ၁၄ နေ့က ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိ စာတွေဝေတဲ့အတွက်ကြောင့်မို့ ဒီဟာနိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်၊ နောက် တဦးတယောက် ကျူးလွန်ချင်လာအောင် လှုံ့ဆော်တယ်ဆိုပြီးတော့ သူ့ကို စွပ်စွဲချက်နဲ့ တောင်ဥက္ကလာပ တရားရုံးက ပုဒ်မ ၅ဝ၅(ခ)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်လိုက်ပါတယ်၊ ကျမတို့ တောက်လျှောက် လိုက်တဲ့ကာလမှာတော့ တရားရေးမမြောက်တာတွေကို တရားရေးမြောက်အောင် အတင်းဆွဲတင်ပြီးတော့ အမိန့်ချတယ်လို့ ကျမက အဲလိုပဲ သုံးသပ်ပါတယ်ရှင့်"

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးရှေ့မှာ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေ ဝေငှခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့ အမှုကို စီရင်ချက်ချမှတ်လိုက်တာပါ။

ကိုထင်ကျော်ကို တောင်ဥက္ကလာပမြို့နယ်အပြင် ကျောက်တံတား၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းစတဲ့ မြို့နယ် ၁၀ မြို့နယ်ကလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားပါတယ်။

No comments: