Tuesday, June 10, 2014

ကေအဲန်ယူ ပြောစကား ဒီမိုကရေစီအရေး ကျောခိုင်းသလို ဖြစ်သွားလား

စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ။ ၁၀-၆-၁၄။ စာ-၉။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေ နေပြည်တော် သွားပြီး သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံပါတယ်။ အဲလို တွေ့ဆုံတဲ့အခါ သူတို့အနေနဲ့ ဦးသိန်းစိန်ကို နောက်ထပ် ဒုတိယအကြိမ် သမ္မတသက်တမ်း ဆက်ပြီး ဦးဆောင်စေချင်တယ် ဆိုပြီး ပြောခဲ့တယ်လို့ သတင်းဌာနတွေကို ထုတ်ပြန်ပါတယ်။ ဒီပြောစကား အလျင်အမြန် ပျံ့နှံ့သွားပြီး ဝေဖန်မှုတွေလည်း အဆက်မပြတ် ထွက်ပေါ်လာပါတယ်။ ဒီ စကား ဘယ်လို အဓိပ္ပါယ် သက်ရောက်မှု ရှိစေပါသလဲ၊ ဒီလို ပြောလိုက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တိုင်းရင်းသားပါတီတွေ ဘယ်လို သဘောထားကြမလဲ၊ ဗမာ အပါအ၀င် ပြည်သူတွေကရော ဘယ်လို မြင်ကြမလဲ၊ ဒါကို ဘယ်သူက တာဝန်ယူမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

သမ္မတ ဦးသိန်းစိန်ကို သွားတွေ့တဲ့ ကေအဲန်ယူ ခေါင်းဆောင် အဖွဲ့ထဲမှာ ဥက္ကဌ စောမူတူးစေးဖိုး၊ စောရော်ဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ပဒိုမန်းငြိမ်းမောင် နဲ့ ဥက္ကဌရဲ့ နိုင်ငံရေး၊ စစ်ရေးအကြံပေး စောတူးတူးလေး တို့ပါဝင်ပါတယ်။ တွေ့ဆုံပွဲနဲ့ ပါတ်သက်ပြီး သတင်းမီဒီယာတွေကို ထုတ်ပြန်ပြောဆိုသူကတော့ ပဒိုမန်းငြိမ်းမောင် တစ်ယောက်တည်းပါ။ သူပြောခဲ့တဲ့ စကား အပြည့်အစုံကတော့ “ ဒုတိယ သက်တမ်းအနေနဲ့လည်း သမ္မတကြီး ဆက်ပြီး ဦးဆောင်ပါဦးဆိုပြီးတော့၊ ဘာဖြစ်လို့လဲ ဆိုရင် ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်က သမ္မတကြီးက ဖော်ဆောင်ခဲ့တာ ဆိုတော့ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သမ္မတကြီးက အသိရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့လို့ သမ္မတကြီးက ဒုတိယ သက်တမ်းမှာ ဆက်ပြီး ဦးဆောင်မယ် ဆိုရင် ငြိမ်းချမ်းရေး မလွဲမသွေ ရရှိမယ်လို့လဲ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် ဒုတိယ သက်တမ်းကို ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ ဆိုပြီးတော့ ကျွန်တော်တို့ အကြံပြုပါတယ်။” ဆိုပြီး ဖြစ်ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အစိုးရဘက် တာဝန်ရှိသူတွေကို မေးမြန်းကြည့်တော့ သမ္မတ ကို အဲလို ပြောဆိုလိုက်သူဟာ ပဒိုမန်းငြိမ်းမောင် ကိုယ်တိုင်ပဲလို့ သိရပါတယ်။ ဆွေးနွေးပွဲ မသွားခင် ခေါင်းဆောင်တွေ တိုင်ပင်ပြီးမှ ပြောတာလား၊ ဒါမှမဟုတ် ကိုယ့်တစ်ဦးချင်းသဘောနဲ့ ကိုယ် ပြောဆိုခဲ့တာလား မသဲကွဲပေမယ့် မီဒီယာတွေကို ပြောဆိုရာမှာတော့ “ကျွန်တော်တို့” ဆိုပြီး တောက်လျောက် သုံးစွဲခဲ့တော့ ဒါဟာ အဲဒီ ကေအဲန်ယူ ခေါင်းဆောင် ကိုယ်စားလှယ် အဖွဲ့ရဲ့ သဘောထားအဖြစ် အများက မှတ်ယူလိုက်ကြတာ ဖြစ်ပါတယ်။

ကောင်းပါပြီ။ ကေအဲန်ယူရဲ့ အနှစ် ၆၀ ကျော် လက်နက်ကိုင် တော်လှန်ရေး သမိုင်းကြောင်းကို ပြန်ကောက်ကြည့်ရအောင်ပါ။

စစချင်းတုန်းကတော့ ခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ပေးခဲ့တဲ့ မူဝါဒ (၄) ချက်အတိုင်း ကရင့်အမျိုးသား လွတ်မြောက်ရေး လမ်းစဉ်အတိုင်း သွားခဲ့တာပါ။ တိုင်းရင်းသား တန်းတူအခွင့်အရေး တိုက်ပွဲဝင်တဲ့ အဖွဲ့လို့ ပြောရရင် ရပါတယ်။ လက်နက်ကိုင် တိုက်ပွဲ ကာလ တလျောက်လုံး အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်း၊ တပ်ပေါင်းစု ဖွဲ့၊ ခေါင်းဆောင်မှု ပေးခဲ့တဲ့ ကာလ တွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်ဖို့ရာ တိုင်းရင်းသား အရေး သက်သက်ပဲ လုပ်လို့မရ၊ ဒီမိုကရေစီရေးကိုပါ အားပေး ထောက်ခံရမယ် ဆိုတာ နားလည် လက်ခံလာပြီး အဲဒီ အတိုင်း အကောင်အထည် ဖော်ခဲ့ပါတယ်။

အာဏာရှင် ဦးနေ၀င်းကို ဆန့်ကျင် ပုန်ကန်ဖို့ ၀န်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်ပြီး ပြည်သူ့ပြည်ချစ်ပါတီ နဲ့ လက်နက်ကိုင် တပ် ဖွဲ့တဲ့အခါ ကေအဲန်ယူက အကူအညီ ပေးခဲ့ပါတယ်။ ထိုင်းနယ်စပ် သူ့နယ်မြေမှာ ပြည်ချစ် တပ်ဖွဲ့တွေကို ခြေကုတ်ယူ လှုပ်ရှားခွင့်ပေးခဲ့ပါတယ်။ ၁၉၈၈ မြန်မာနိုင်ငံမှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲတွေပေါ်ပေါက်ပြီး စစ်တပ်က အကြမ်းဖက် အာဏာသိမ်း နှိပ်ကွပ်တဲ့အခါ ကျောင်းသားတွေ၊ ပြည်သူတွေ အတော်များများ နယ်စပ်ကို ထွက်ပြေးခိုလှုံ ရောက်ရှိသွားကြပါတယ်။ အများစုကတော့ ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲ ကိုပါ။ ကေအဲန်ယူ အဖွဲ့ကြီးရဲ့ အားပေးမှုတွေကြောင့်ပဲ အဲဒီ နယ်မြေထဲမှာ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဆိုတာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ နယ်မြေတွေထဲကနေပဲ စစ်အစိုးရကို တန်ပြန် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

၁၉၈၈ နောက်ပိုင်း တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီ အရေး တိုက်ပွဲဝင်တဲ့ ဗမာအများစု ပါဝင်တဲ့ အဖွဲ့တွေ ပေါင်းစည်းပြီး ကေအဲန်ယူ နယ်မြေထဲမှာပဲ DAB လို့ခေါ်တဲ့ တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ပြောရရင် ကေအဲန်ယူ ဟာ သူ့သမိုင်းမှာ တိုင်းရင်းသားအရေး အတွက်သာမက ဒီမိုကရေစီ ရေး အတွက်ပါ ထဲထဲဝင်ဝင် ပါဝင် တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၈၈ နောက်ပိုင်း စစ်အစိုးရဟာ အခြားသော လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့လောက်နဲ့ အပစ်အခတ် ရပ်စဲ လုပ်ခဲ့ပေမယ့် ကေအဲန်ယူကိုတော့ မြန်မာပြည် တော်လှန်ရေးရဲ့ ခေါင်းဆောင်အဖွဲ့အစည်း တစ်ခုအဖြစ် ချေမှုန်းပစ်ဖို့ အသည်းအသန် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကြီးမားတဲ့ စစ်ဆင်ရေးနဲ့ တိုက်ခိုက်တာအပြင် စစ်ထောက်လှမ်းရေးတွေက အလွန် စက်ဆုတ်ရွံရှာဖို့ ကောင်းတဲ့ နည်းလမ်းတွေနဲ့ ကေအဲန်ယူ အဖွဲ့ကြီး အစိပ်စိပ် အမွှာမွှာ ပြိုကွဲဖို့တောင် လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကရင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုတွေတောင် ပေါ်ပေါက်ခဲ့ပါတယ်။

ခုဆိုရင် ကေအဲန်ယူဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ ရပ်ဆိုင်းဖို့ ကြိုးစားနေပါပြီ။ လက်ရှိ အစိုးရ၊ တပ်မတော်နဲ့ အဆင်ပြေ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာကလည်း အလွန်ကောင်းမွန်တဲ့ ကိစ္စပါ။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ လက်ရှိ တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တို့ဟာ ပြည်သူတွေက ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသူတွေ မဟုတ်ပဲ အရင် စစ်အာဏာရှင်ကြီးက စိတ်တိုင်းကျ နေရာချထားပေးခဲ့သူတွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ဒီအတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးကောက် တင်မြှောက်လိုက်တဲ့ အမတ်တွေက ပြည်သူ့ဆန္ဒနဲ့ အညီ ရွေးချယ်တဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့ ပေါ်ပေါက်လာဖို့ ကြိုးစားနေရပါတယ်။ မြန်မာပြည် ဒီမိုကရေစီ အရေးဟာ စ တောင် မစ ရသေးပါဘူး။ ဒီလိုအခြေအနေမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုပြီး စစ်ဘုရင် မင်းဆက် တစ်ယောက်ကို နောက်ထပ် သမ္မတ ဆက်လုပ်ပါဦးလို့ ပြောလိုက်တာဟာ ကေအဲန်ယူ အနေနဲ့ ဒီမိုကရေစီ အရေးကို ကျောခိုင်းသွားပြီလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒီအတွက် ဦးသိန်းစိန်ကို အဲလို ပြောခဲ့တာဟာ ပဒိုမန်းငြိမ်းမောင် တစ်ယောက်တည်းရဲ့ သဘောထားလား၊ ကေအဲန်ယူ ဥက္ကဌ အပါအ၀င် ကိုယ်စားလှယ် တစ်စုရဲ့ သဘောထားလား၊ ကေအဲန်ယူ အဖွဲ့တစ်ခုလုံးရဲ့ သဘောထားလား၊ ဒါဟာ ကရင် တစ်မျိုးသားလုံးကိုရော ကိုယ်စားပြုပါသလား ဆိုတာ ပြန်လည် ဆန်းစစ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

3 comments:

Saw Henry said...

မန်းငြိမ်းမောင်ဆိုတဲ့သူက သာရင်ပေါင်းမဲ့လူ ကရင်သစ္စာဖောက်ဘာ သူဦးဆောင်နေတဲ့သူ့ဒေသကိုဘဲကြည့်ဘာ ကရင်မတွေ အိမ်ဖော်လုပ်ကြတယ် တချို့ဆို KTV Message တွေမှာ လုပနေရတယ် ဒါတွေကိုသူကလှျေ့ လူရှုထားတယ် KPP ဆိုဒါကလည်းအမည်ခံဘာဘဲ ကရင်တွေဒုက္ခရောက်လိုအားကိုးရမလာလို့ ဘားမှအားမကိုးရဘူး ကရင်မလေးတွေ အသက်မပြည့်သေးဘဲ သူများအိမ်မှာ အိမ်ဖော်လုပ်ကတယ် တချိုဆိုရင် အဓမပြု ခံ ရတယ်။ ပုသိမ် က ဒေါစိန်ချစ်ကတောင်း ကရင် ကလေးတွေအတွက် အနှစ်နာခံ အမှုတွေလိုက်ပေးသေးတယ် ဒေါလှလှဆိုးဆိုဒါလည်း သူတောင်းစာ နအဖလိုဘာဘဲ နိုင်ငံခြားက ကူညီမှုတွေကို ကိုယ်ကြိုးအတွက်သုံးတယ် ဟန်ပြလုပ်နေတဲ့ ကရင့်ခေါင်းဆောင်တွေ မကြေနပ်ဘူး။

Unknown said...

KNU...,အနေဖြင့်တချိန်လုံးကြိုးစားနေရမည့်အဓိကအလုပ်က UNFC အဖွဲဝင်များနှင့်
ကျစ်လစ်ခိုင်မာသောစစ်ရေး၊တိုက်ခိုက်ရေးမည်ကဲ့သို့တည်ဆောက်ရမည့်အလုပ်ပါ။
ဘာကြောင့်လည်းဆိုရင်၊တိုင်းရင်းသားနေမြေဒေသတွေမှာ၊ဗမာဖက်ဆစ်နယ်ချဲ့စစ်လက်နက်
ကိုင်စစ်အုပ်စုရိုနေသမျကာလပတ်လုံး၊စစ်မှန်သောငြိမ်းချမ်းခြင်း၊လွတ်လပ်ခြင်း၊ဆိုတာအိပ်မက်
ထဲတောင်မထည့်နှင့်၊မစဉ်းစားနှင့်။မြောက်ပိုင်းရှမ်းပြည်မှ၊KIA,TNLA ,MNDAA,လေးစား
ပါတယ်။

Unknown said...

if KNU said like that , they are becoming bullshit .