Sunday, June 22, 2014

ရွေးကောက်ပွဲမဝင်ရဘဲ ခန့်အပ်ကိုယ်စားလှယ်များကို လွှတ်တော်တွင် မဲပေးဆုံးဖြတ်ခွင့်များ မပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြော

မောင်သင်တုန်း
Saturday, 21 June 2014 18:41

တောင်ငူ၊ မဇ္ဈိမ ။ ။ လွှတ်တော်များထဲတွင် ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ထားခြင်းမရှိသည့် ကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသော်လည်း အရေးကြီးကိစ္စများ မဲခွဲဆုံးဖြတ်ရာတွင် ယင်းကိုယ်စားလှယ်များကို ဆုံးဖြတ်ပိုင်ခွင့်များ မရှိသင့်ဘူးဟု လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းကို ဦးတည်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်ငူမြို့ အားကစားကွင်းတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ၌ ပြောဆိုလိုက်သည်။

"လွှတ်တော်ထဲမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေ ပါလို့ရှိရင် ပါပါစေ။ ဒါပေမယ့် အဓိကကျတဲ့ ကိစ္စတွေမှာတော့ မဲပေးပိုင်ခွင့် မရှိသင့်ဘူးလို့ ကျွန်မကတော့ ဒီလိုပဲ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲ ကိုယ်စားလှယ်ဆိုတာ ပြည်သူကို ကိုယ်စားပြုတယ်၊ ဒါကြောင့်မလို့ ပြည်သူကို ကိုယ်စားပြုသောအားဖြင့် ပြည်သူအတွက် မဲပေးတာပဲဖြစ်သင့်တယ်"ဟု ဒေါအောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံအချို့ရှိ လွှတ်တော်များတွင်လည်း ပြည်သူလူထုက မဲပေးပြီး ရွေးချယ်တင်မြှောက်ထားခြင်း မရှိသည့် လွှတ်တော်ကိုယ်စားလှယ်များကို သတ်မှတ်ထားသည့် အရည်အချင်းများ ပြည်စုံပြီး ပညာအရ ကျွမ်းကျင်းမှုအရ အထောက်အကူပေးနိုင်သည့် ကိုယ်စားလှယ်များ ထားရှိသော်လည်း ယင်းကိုယ်စားလှယ်များသည် မဲပေးဆုံးဖြတ်ပိုင်ခွင့်မရှိပေ။

"ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူက ရွေးချယ်တင်မြှောက်တာမဟုက်ဘဲနဲ့ ၂၅ ရာခိုင်နှုန်းသော နေရာပေးမယ် ဆိုရင် ကျွန်မဘယ်တော့မှ လက်မခံဘူး။ လက်မခံတဲ့အကြောင်းက ရိုးရိုးပါပဲ၊ ကျွန်မတို့ပါတီရဲ့ သိက္ခာအတွက်လည်း လက်မခံဘူး။ ပြည်သူလူထုကို လေးစားခြင်းအားဖြင့် လက်မခံဘူး"ဟု ဒေါ်အောင်းဆန်းစုကြည်က ပြောသည်။

ယင်းသို့ ပြောခြင်းသည် လွှတ်တော်ထဲရှိ တပ်မတော်သား ကိုယ်စားလှယ်များကို ခွဲခြားပြီး ပြောဆိုနေခြင်းမဟုက်ဘဲ ပြည်သူရွေးချယ်တင်မြောက်ထားသည့် ကိုယ်စားလှယ်များနှင့် ပြည်သူ ရွေးချယ်တင်မြှောက်ထားခြင်း မရှိသည့် ကိုယ်စားလှယ်ဟု ခွဲခြားပြောနေခြင်းသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယင်းအချက်သည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွင် အရေးကြီးသော အချက်တစ်ခုဖြစ်သည့် တပ်မတော်နှင့် ပြည်သူကြား ပြန်လည်ကြည်ဖြူရေးကို ဦးတည်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတစ်နိုင်ငံကို ကာကွယ်ရန် တပ်မတော်ဆိုတာ လိုအပ်သော်လည်း တိုင်းပြည်သည် တပ်မတော်၏ အစေခံမဖြစ်ရဘဲ တပ်မတော်သာလျှင် တိုင်းပြည်ရဲ့အစေခံဖြစ်ရမည်ဟုလည်း ပြောဆိုသွားသည်။

"တပ်မတော်ကို မုန်းတီးလို့ ၄၃၆ကို ပြင်ချင်တာမဟုက်ပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ မယူထားသင့်တဲ့ အခွင့်အရေးကို မယူစေချင်လို့။ တစ်နည်းအားဖြင့် တပ်မတော်ရဲ့ သိက္ခာကို ငဲ့ပြီးတော့ ကျွန်မတို့ ပြုပြင်ပြောင်းလဲချင်တာဖြစ်ပါတယ်လို့ ကျွန်မတို့ပြောချင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်၏ ခန့်အပ်မှုဖြင့် ကိုယ်စားလှယ် ၂၅ ရာခိုင်းနှုန်းအထိရှိသည်။ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များကို မဲပေးဆုံးဖြတ်ပိုင်ခွင့်များပေးထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲများကို ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူခရိုင်နှင့် ရေတာရှည်မြို့နယ်များအတွင်း ဟောပြောခဲ့ခြင်းဖြစ်သည်။

No comments: