Sunday, June 15, 2014

အရပ်စကားနဲ့ဆို ကလိန်ခြုံတာပဲ

Myo Myint's Facebook Status

ပုဒ်မ(၅၉-စ) မပြင်ဖို့ အပြင်းအထန် အရေးဆို ကန့်ကွက်တာနဲ့ PR ကိစ္စ ကန့်ကွက်တာဟာ စစ်အုပ်စုနိုင်ငံရေးအဝါးဝမှုရဲ့ ပြယုဂ်တခုမျှပဲ။ တခုကို(၅၉-စ မပြင်ရေး)ထောက်ခံပြီး၊ အခြားတခု(ပီအာ မဖြစ်ရေး)ကန့်ကွက်တယ်လို့ ဆိုပေမယ့် (၂) ခုလုံးကို တပ်က ကန့်ကွက်တယ်လို့ အဓိပ္ပာယ်ထွက်တယ်။

(၅၉-စ)ကို ပြင်တယ်/မပြင်ဘူးဆိုတာ ဒေါ်စု သမ္မတဖြစ်ရေး/မဖြစ်ရေး ဇောင်းပေးရှုမြင်ချက်မျှ မဟုတ်ဘူး။ (၅၉-စ) မရှိလည်း ဒေါ်စု ခုထက်ပို ဘာမှဖြစ်မလာအောင်လုပ်ဖို့ မသမာတဲ့ အခြားနည်းတွေ ရှိနိုင်တာပဲ။ ကန့်ကွက်ပြလိုက်တာရဲ့ အနက်က ဘုန်းကြီးဆိုးတွေနဲ့ မဘသအကြိုက် လုပ်ပြပြီး စစ်တပ်က ပဏာဝင်ယူပြတဲ့သဘော ထွက်တယ်။ နောက်တချက်က ဗိုလ်သန်းရွှေလက်နဲ့ ရေးခဲ့တာမို့ ဘယ်နောက်ပေါက်မှ ခြေနဲ့ မဖျက်ဝံ့တာလည်း ပါတယ်။ အဖော်ပြချင်ဆုံးအချက်က ကာ/လုံမှာ သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိကြောင်း ဆိုတာပဲ။

ပီအာကို ကန့်ကွက်ပြလိုက်တာလည်း ဒီနည်းနှင်နှင်ပဲ။ ပီအာရ်ကို မကြိုက်တဲ့နေရာမှာ စစ်တပ်နဲ့ အင်န်အယ်လ်ဒီ အကြိုက်ညီပါတယ် ဆိုတဲ့သဘော၊ ပြည်တွင်း ပြည်ပကို အချက်ပြလိုက်တာပဲ။ အထူးသဖြင့် အနောက်အုပ်စုကို ပေးတဲ့ မက်ဆေ့ဂ်ျပဲ။ ပီအာက သူ့ဘာသာသူ အာအာ/မအာအာ လွှတ်တော်ထဲက စစ်အမတ် ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်အသာစီးယူထားတဲ့ နိုင်ငံရေးအနေအထားကို တစ်ပြားသားမှ မထိခိုက်ဘူး။ နေသာသပ လေညာကပဲ။ သူတို့ အကျိုးစီးပွား မထိခိုက်မယ့်ကိစ္စမို့ ဝင်ကန့်ကွက်ပြပြီး နိုင်ငံရေးအမြတ်ထုတ်သွားတာပဲ။ ပီအာကန့်ကွက်ပြလို့ စစ်အမတ်တွေနဲ့စစ်တပ် ကောင်းချီးပေးသံ ဘဝဂ်ညံကြမှာတောင် မြင်တယ်။

ထောင်စကားနဲ့ ပြောရရင် ဇယားရွှေ့တာပဲ။ အရပ်စကားနဲ့ဆို ကလိန်ခြုံတာပဲ။ ကာလပေါ်နိုင်ငံရေးစကားနဲ့ဆို ပရော်ဖက်ရှင်နယ်လ်ကျကျ ပလေးတယ် ဆိုမလား။

No comments: