Friday, June 6, 2014

ယုံကြည်ခြင်းရိုးရိုးလေး

ကိုမွှေး

ခြွင်းချက်မရှိ နားလည်မှုတွေ တည်ဆောက်ဖို့အတွက်
ခြွင်းချက်တွေကို ရှာဖွေ ခြေဖျက်
ဒီလိုရေစက်ပါခဲ့ကြတယ် ...။

ရင်ချင်း ထိထိမိမိ အပ်ဖို့အတွက်
မင်းရင်သားတွေက ဆူးညှောင့်ခလုတ်မှ မဟုတ်ပဲကွယ် ...
ထား .. ထားလိုက် ...။

တယောက်တွေးနေတာ
တယောက်သိတဲ့ကိစ္စ
ဘာမှပြောဖို့မလိုဘူး
ဖက်ဒရယ်မလိုဘူး
မင်းဟာ ငါ့ရဲ့သက်ဦးဆံပိုင်ပါ။

မင်းက ငါ့ကို
ဟိုတယောက် ယုံသလို ယုံတာမဟုတ်ဘူး
ငါကလည်း ဟိုထိပ်ပြောင်လို ကြောင်ချေးမဟုတ်ဘူးကိုး။

ဒါ့အပြင် ...
မင်းကို နှစ်ကိုယ်ကြား
ရွာစွန်ရွာဖျား
လူမနီးသူမနီး ခြံထဲက အိမ်ပေါ်တင်
အော်ချင်အော် ပြေးချင်ပြေး မိန်းကလေးဆိုပြီး
အတင်း ... ပြီးမှ ယုံခိုင်းခဲ့တာမှမဟုတ်ပဲ ...။

မင်းကိုလည်း ငါက
မက်လုံးတွေပေး လေပြေထိုး
အမျိုးမျိုး သရုပ်ဆောင်ပြီး
ကိုကို့ကို ယုံတယ် ...
ကိုကို့ကို ယုံတယ်လို့ ပြောလောက်အောင်
ယုံအောင်လည်း ဖြီးတတ်တဲ့ကောင်မဟုတ်။

ငါတို့တိုင်းပြည် ဒီမိုကရေစီ
'ထွီ'
ဒါတော့ ငါမယုံဘူး ...
ငါတို့တိုင်းပြည် ငြိမ်းချမ်းရေး
ဝေးသေး ...
ငါတို့တိုင်းပြည် ၀ပြောစည်ပင်ရေး
ရင်တော့အလေးသား အချစ်ရယ် ...။

ဒါပေမယ့် ငါကလည်း မင်းကို ယုံတယ်ကွယ်
ငါတို့ရဲ့ ယုံကြည်ချင်းတွေဟာ ...
နိုင်ငံတစ်ခုရဲ့ ကံကြမ္မာတော့
မပြောင်းနိုင်ဘူးပေါ့ ...။ ။

ကိုမွှေး

No comments: